ဦးကျော်ငြိမ်းမိသားစု







ဆက်လက်ဖက်ရှုပါရန်......

ဦးကျော်ငြိမ်းနဲ့ ၀န်ကြီးချုပ် ဦးနု

ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
U Kay Nyaing - U Nu


ဝန်ကြီးချုပ် ဦးနု အကြောင်းရေးရင် ဦးကျော်ငြိမ်းကို ချန်ခဲ့လို့ မရသလို၊ ဦးကျော်ငြိမ်း အကြောင်း ရေးရင်လည်း ၀န်ကြီးချုပ် ဦးနု မပါလို့ မရပါ။
၁၉၃၆ ခု ကျောင်းသား သပိတ်မှာ အတူ ခေါင်းဆောင်ခဲ့ကြတဲ့ ဒီခေါင်းဆောင် နှစ်ဦးဟာ တက္ကသိုလ် ဘုန်းနိုင် ရေးခဲ့တဲ့ နှစ်လွှာပေါင်းမှ တရွက် ဖြစ်ရတဲ့ ဆွယ်တော်ရွက်လို တိုင်းပြည် လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ကြစဉ်က လည်းကောင်း၊ ပြည်တွင်း သူပုန်တွေ သောင်းကျန်းခဲ့တဲ့ ပြည်တွင်းစစ် ကာလ ကလည်းကောင်း၊ လွတ်လပ်ရေးရပြီး တိုင်းပြည် ထူထောင်စဉ်က လည်းကောင်း၊ ကျောချင်းကပ် တိုက်ပွဲ အပွဲပွဲကို အတူတူ ဆင်နွဲခဲ့ကြ ရပါတယ်။ ညီအကို အရင်းအခြာပမာ ချစ်ခင်အားကိုး ယုံကြည်ခဲ့ကြရတဲ့ ခေါင်းဆောင် နှစ်ဦးဟာ မထင်မှတ်ဘဲ ကွဲခဲ့ကြရပြီး လူအများကဖြင့် ဖဆပလ နှစ်ခြမ်းကွဲပြီး သန့်ရှင်း-တည်မြဲ-နုတင်-ဆွေငြိမ်း အဖြစ်သာ သတိရကြသည်။ ၆၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှ သေသည့်တိုင် တဦးကို တဦး ဆက်လက် ခင်မင် အားကိုးကြတာကို မသိကြတော့ပါ။

၁၉၃၆ ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့ကြတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေမြင့်၊ ကိုရာရှစ်တို့ဟာ စိတ်ညီလက်ညီ ရှိကြရုံမက တိုင်းပြည် လွတ်လပ်ရေးမှာ အဓိက အခန်းမှ ပါဝင်ခဲ့တဲ့ တက္ကသိုလ် သမဂ္ဂ ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်းသား သမဂ္ဂကို ပျိုးထောင်ပေးခဲ့တဲ့ လူငယ် ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အရည်အချင်း တမျိုးစီ၊ ကိုယ်စီ ရှိကြရုံမက Division of Labour လို့ခေါ်ရမယ့် တာဝန် ခွဲဝေ ယူကြရုံမက အပြိုင်အဆိုင် မရှိ၊ ယုံယုံကြည်ကြည် ညီညီညွတ်ညွတ် လုပ်ဆောင် နိုင်ခဲ့ကြလို့ ကျောင်းသား ခေါင်းဆောင်ဘ၀မှ တိုင်းပြည် ခေါင်းဆောင်၊ ထိုမှတဆင့် တိုင်းပြည် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။ အမျိုးသား ခေါင်းဆောင်၊ တိုင်းပြည် ၀န်ကြီးချုပ်၊ ဒုဝန်ကြီးများ အဖြစ် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့ကြသည် မဟုတ်ပါလား။

ဒီနေရာမှာ ညီညွတ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ခေတ်လူငယ်တွေ အားကျ သင်ခန်းစာ ယူစရာ တချို့ကို တင်ပြပါရစေ။ အဲဒီတုန်းက ခေါင်းဆောင်မှု နေရာကို ရယူထားတဲ့ ခေါင်းဆောင်တွေဟာ သူ့ကျွန်မခံလိုစိတ် အပြည့်ရှိရုံမက နေရာ ရရှိနေရေးကို ဦးစားမပေး၊ နံမည် ရရှိရေးကို ဦးစားမပေး၊ ဘုံကျောင်းသား အခွင့်အရေး တိုက်ပွဲ အနိုင်တိုက်ရေး၊ ကိုလိုနီ ပညာရေး စံနစ်ကို တိုက်ဖျက်ရေးကိုသာ ဦးစားပေး ခဲ့ကြပါတယ်။ ဒီတုန်းက ကျောင်းသားခေါင်းဆောင်တွေ တစိတ်ထဲ၊ တသံထဲ ရှိကြပြီး အလွန် သွေးညီခဲ့ကြတယ်လို့ ဗိုလ်ချုပ် အောင်ဆန်းက မိန့်ကြားခဲ့ကြောင်း ရစ်ချတ် ဖတ်ဝဲလ် (Richard Butwell) က သူရေးတဲ့ ဗမာပြည်၏ ဦးနု (U Nu of Burma - စာမျက်နှာ ၁၈) တွင် ဖော်ပြခဲ့ပါတယ်။

အောင်မြင် ကျော်ကြားခဲ့ကြတဲ့ ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ တချို့က အသေးစိတ်ကို နိုင်ပါတယ်။ ပေါ်လစီ ချမှတ်ရာမှာ လည်းကောင်း၊ ဖော်ဆောင်ရာမှာ လည်းကောင်း စွမ်းဆောင် နိုင်ပါတယ်။ တချို့က အသေးစိတ်ကို ဂရုမပြုနိုင်။ ဒါပေမဲ့ ပေ ၃ သောင်း အထက်ကနေ ကြည့်နိုင်စွမ်း ရှိပြီး ဘယ်သူ့ကို အားကိုးရမယ် ဆိုတာကို သိနိုင်စွမ်းအား ရှိပါတယ်။ တချို့က ပြည်သူယုံအောင် ပြောနိုင်စွမ်း ရှိပါတယ်။ တချို့က အပြောမတတ်၊ အလုပ်ဖြင့် ထုတ်ဖော်နိုင်စွမ်း ရှိကြပါတယ်။ ဘက်ပေါင်းစုံ ပြည့်စုံတဲ့ ခေါင်းဆောင်ဟာ ရှားမှ ရှားတယ်လို့ ဆိုနိုင်ပါတယ်။ ခေတ်သစ် လွတ်လပ်ရေး ခေတ်မှာ ခေါင်းဆောင်တွေဟာ ပေါ်လစီ ချရာတွင် လည်းကောင်း၊ ကိုယ့်ရဲ့ ပေါ်လစီ အောင်မြင်အောင် ဗျူဟာ (Strategy) ဆွဲရာမှာ လည်းကောင်း၊ ဗျူဟာကို ဖော်ဆောင်ရာမှာ လည်းကောင်း၊ မိမိတို့ ရွေးရာလမ်းကို အများပြည်သူတွေ ယုံကြည်အားထား ထောက်ခံလာအောင် ဦးဆောင်ရာမှာ လည်းကောင်း၊ အဖက်ဖက်က ပြည့်စုံပြီး အားနည်းချက် မရှိတဲ့ ခေါင်းဆောင်ဟာ ဗိုလ်ချုပ် အောင်ဆန်း တဦးထဲပဲ ရှိပါတယ်။ (ကျနော့် အမြင်အရ)

ဥပမာ - အမေရိကန် သမ္မတ ရော်နယ်ရေဂင်ကို ကြည့်ပါ။ အတိုက်အခံတွေက မင်းသား လူပေါကြီးလို့ ပြောင်လှောင်ကြပါတယ်။ တခါတရံ အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ အိပ်ငိုက် တတ်ပါတယ်။ အသေးစိတ်ကို မနိုင်ပါ၊ စိတ်မ၀င်စားပါ။ ဒါပေမဲ့ တိုင်းပြည်ကို ဘယ်လို ဦးဆောင်ရမယ်ကို သိပါတယ်။ ပြည်သူတွေ ယုံကြည် လိုက်ပါလာအောင် ပြောနိုင်စွမ်း ရှိပါတယ်။ ၁၉၈၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေကတောင် မဲပေးကြလို့ ရေဂင် ဒီမိုကရက် (Reagan Democrats) ဆိုတဲ့ အသုံးအနှုံးတွေ ပေါ်ခဲ့ဖူးပါတယ်။ ကိုယ့်ယုံကြည်ချက် အပေါ် ရဲရဲရပ်ပြီး ရိုးရိုးကလေး ပြောကာ ဦးဆောင် နိုင်ခဲ့တာကြောင့် ခေတ်သစ် အမေရိကန် သမတတွေထဲမှာ ရီပတ်ပလီကင် ဘက်မှာ အအောင်မြင်ဆုံး၊ လူချစ်လူခင် အများဆုံးအဖြစ် သတ်မှတ် ခံရပါတယ်။ သမတ ကလင်တင် (Clinton) ဟာ ပြောင်းပြန်။ ပေါ်လစီနဲ့ ပတ်သက်လာရင် အသေးစိတ်ကို သိလိုပါတယ်။ ညလုံးပေါက် ဆွေးနွေးဖို့ ၀န်မလေးပါ။ သူကလည်း ဒီမိုကရက် ဘက်ကနေ ဒီနေ့အထိ လူချစ်လူခင် ပေါတဲ့ သမတ ဖြစ်ပါတယ်။ (ပုဂ္ဂိုလ်ရေး မပါခဲ့ရင်)။ ဒီလူတွေဟာ အင်္ဂလိပ်လို ခယ်ရစ်စမာ (Charisma) လို့ ခေါ်တဲ့ လူထုကို ဆွဲဆောင်မှု စွမ်းအား ရှိကြပါတယ်။ ၀န်ကြီးချုပ် ဦးနုမှာလည်း ဒီလို စွမ်းဆောင်အား ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်မှာလည်း သူ့အဖေလိုပဲ လူထုကို ဆွဲဆောင်နိုင်တဲ့ Charisma အပြည့် ရှိပါတယ်။

တချိန်က တရုတ်ပြည်ကြီးမှာ တိန်ရှောက်ဖိန် Deng Xiaoping ကို ကယ်ခဲ့တာ ၀န်ကြီးချုပ် ချူအင်လိုင်းလို့ ယူဆမိခဲ့တယ်။ တိန်ရှောက်ဖိန်ရဲ့ သမီးရေးတဲ့ စာအုပ် နှစ်အုပ်ကို ဖတ်ရမှ တိန်ရှောက်ဖိန်ကို ပြန်ဆွဲတင်လာတာ ဥက္ကဋ္ဌ မော်စီတုံး ဆိုတာ သိရတော့တယ်။ တရုတ် ကွန်မြူနစ်ပါတီ အတွင်းရှိ ပါတီ ယန္တရားမှာ လျူရှောက်ချီတို့က အသာစီး ရလာတော့ အတွင်းစည်းကို အပြင်စည်းက လူငယ်တွေနဲ့ ရိုက်ချိုးပြီး မော်စီတုံးက အာဏာ ပြန်လုခဲ့တာကို လူကြားကောင်းအောင် ယဉ်ကျေးမှု တော်လှန်ရေးလို့ အမည်တပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအာဏာလုပွဲကြောင့် တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်မယ်ဆိုတာကို မော်က ကောင်းကောင်း သိခဲ့ပါတယ်။ ဒါကြောင့် တိန်ရှောက်ဖိန်ကို ကွန်မြူနစ် ပါတီက မထုတ်ဘဲ စက်ရုံ တခုထဲမှာ အလုပ်ပေးကာ ဒဏ်ပေးထားပြီး အာဏာလုပွဲမှာ အပေါ်စီးရမှ တိုင်းပြည် အုပ်ချုပ်ဖို့ တိန်ရှောက်ဖိန်ကို ပြန်လည် ဆွဲထုတ်ခဲ့တာပါ။

မော်စီတုံးဟာ ပညာထက်မြက်တဲ့ Intellect လို့ခေါ်ရမယ့် ပညာတတ် လူမျိုး မဟုတ်ပါ။ ဒါပေမဲ့ မော်စီတုံးဟာ တရုတ် ရာဇ၀င်နဲ့ တရုတ်လူမျိုးတွေ အကြောင်းကို ကောင်းစွာ နားလည်ပြီး အာဏာအကြောင်း ကောင်းကောင်း နားလည်သူ ဖြစ်ပါတယ်။ တိန်ရှောက်ဖိန်ဟာ အင်မတန် ဉာဏ်ထက်မြက်တဲ့ အုပ်ချုပ်မှု (Management) ကိုနိုင်တဲ့ ပညာတတ် လူတန်းစား ဖြစ်ပါတယ်။ မော်စီတုံး ကိုယ်နှိုက်က တိန်ရှောက်ဖိန်ကို မဲဇာကနေ ပြန်ခေါ်ပြီး ဒုဝန်ကြီးချုပ် အဖြစ် ပြန်လည် ပွဲထုတ်တဲ့ ဧည့်ခံပွဲ တခုမှာ - “ကြည့်ထားကြ၊ အဲဒီ ခေါင်းတခုလုံး ဉာဏ်ချည်းပဲ” လို့ ပြောခဲ့ရတယ် မဟုတ်ပါလား။ မော်စီတုံးဟာ ပါတီ ဥက္ကဋ္ဌ ရာထူးသာ ယူထားပြီး အုပ်ချုပ်မှု Governance - အသေးစိတ်ကို ဂရုမစိုက်နိုင်ပါ။ အုပ်ချုပ်မှုကို ချူအင်လိုင်း၊ တိန်ရှောက်ဖိန်တို့နဲ့ လွှဲထားပြီး အာဏာကိုသာ ဂရုစိုက်ခဲ့ပါတယ်။ မော်စီတုံးက ဦးဆောင်မှုနဲ့ လမ်းညွှန်မှုကိုသာ အရေးပေးပြီး တိုင်းပြည် အုပ်ချုပ်ရေးကို လူတော်တွေနဲ့ လွှဲနိုင်ခဲ့တယ် မဟုတ်ပါလား။ လူတော် တိန်ရှောက်ဖိန်ကို အားကိုးခဲ့ပြီး ဒီကနေ့ တရုတ်ပြည်ကြီးဟာ ကမ္ဘာ့ ထိပ်သီးနိုင်ငံ ဖြစ်နေရပေပြီ။ ဦးနှောက်နဲတဲ့ ချန်ချင်းတို့သာ အာဏာရခဲ့ရင် တရုတ်ပြည်ကြီး မွဲတေ ပျက်စီးရမှာ မလွဲပါ။

ဦးနုကလည်း အသေးစိတ်ကို စိတ်ဝင်စားတဲ့၊ ဉာဏ်ပညာ ထက်မြက်တဲ့ အတွေးအား Intellectually အားကောင်းတဲ့ ခေါင်းဆောင် မဟုတ်ပါ။ ဒါပေမဲ့ ဦးနုဟာ လူထုယုံအောင် ပြောနိုင်တဲ့ ဆွဲဆောင်အား Charisma အားကောင်းတဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌ မော် လိုပဲ ထိပ်ကနေ ဦးဆောင်နိုင်တဲ့ ပထမ ခေါင်းဆောင် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ ဦးနုလိုပဲ ပြည်သူ ယုံကြည်လာအောင် ဦးနုလောက် ဆွဲအား မကောင်းပေမယ့် စာဖတ်အား ကောင်းပြီး ဉာဏ်ထက်မြက်ကာ ဖော်ထုတ်နိုင်အား ကောင်းပါတယ်။ ဒါ့ကြောင့်လည်း ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ကတည်းက ဦးနုဟာ ဦးကျော်ငြိမ်းကို လက်ရုံးအဖြစ် အားကိုး ခဲ့ရတာပါ။

ဦးကျော်ငြိမ်းကလည်း အသက် ၈ နှစ်ကြီးတဲ့ ဦးနုကို အကိုကြီးသဖွယ် အားထား လေးစားခဲ့ပါတယ်။ ဒါကြောင့်လည်း အောင်မြင် ခဲ့ကြပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ဗိုလ်ချုပ် အောင်ဆန်းကို ခေါင်းဆောင်တင်ပြီး လွတ်လပ်ရေးကို အရယူနိုင် ခဲ့ကြပါတယ်။ ဖဆပလကို ဦးဆောင် နိုင်ခဲ့ပါတယ်။ တိုင်းပြည် ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ် မဟုတ်ပါလား။ မော်နဲ့ ချူအင်လိုင်း၊ တိန်ရှောက်ဖိန်တို့လို အတွဲညီခဲ့ ကြပါတယ်။

ဦးနုမှာ သတိပြုအပ်တဲ့ အရည်အချင်းနဲ့ သတ္တိ ၃ မျိုးရှိပါတယ်။

ကိုယ် မသိရင်၊ မတတ်ရင် ဟန်ဆောင်ပြီး လူတတ်ကြီး မလုပ်ဘဲ ၀န်ခံရဲတဲ့ သတ္တိ။

၁၉၃၆ ခုနှစ် ကျောင်းသား သပိတ်ဟာ သမဂ္ဂ ခေါင်းဆောင် ကိုနုနဲ့ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ပစ်ရာကနေ စခဲ့ပါတယ်။ ကိုနုဟာ တရားဟော ကောင်းတယ်။ ကျောင်းသားထု စိတ်ပါလာအောင် မိမိတို့ကို ထောက်ခံလာအောင် စွမ်းဆောင်နိုင်တယ်။ ဒါပေမဲ့ အသေးစိတ်ကို စိတ်မ၀င်စားပေ။ ဒီအတွက်ကြောင့် စေ့စပ် ဆွေးနွေးမှုတွေနဲ့ နေ့စဉ် လုပ်ငန်း ခေါင်းဆောင်မှုတွေဟာ အောင်ဆန်း၊ ကျော်ငြိမ်းနဲ့ ကျနော့်အပေါ် ကျရောက် ခဲ့ပါတယ်လို့ ဦးရာရှစ်က ပြောခဲ့ပါတယ်။ (U Nu of Burma စာမျက်နှာ ၂၅)

တနေ့မှာ ကိုနုနဲ့ ကိုရာရှစ်ဟာ ဟင်္သာတမှာ ကျောင်းသားသပိတ် အကြောင်း လှည့်လည် တရားဟော ဆွေးနွေး နေကြစဉ် ကိုရာရှစ်က မောမောနဲ့ အိပ်ရာဝင်ခဲ့ရာမှာ ပရိသတ်ကို ကိုနု တယောက်ထဲနဲ့ လွှဲခဲ့ပါတယ်။ ကိုနုက တက္ကသိုလ် ကောလိပ် လုပ်ထုံးကို တိုက်ခိုက် ပြောဆိုရာ လူတယောက်က အဲဒီလို လုပ်ထုံးမှာ ဘာများ မှားနေပါသလဲလို့ မေးရာ ကိုနု မဖြေနိုင်ပါ။ နောက်ဆုံး ‘ကျုပ်မသိဘူး အားလုံးသိတဲ့ ကိုရာရှစ်ကို မေးပေးမယ်’ လို့ ဖြေလိုက်ပါတယ်။ ကိုရာရှစ်က ကိုနုရဲ့ ပွင့်လင်းမှုကို အံ့အား သင့်နေရာ ကိုနုက ‘ဒို့ အမှန်အတိုင်း၊ သစ္စာရှိရမယ်’ လို့ ဖြေလိုက်ပါသည်။ (U Nu of Burma စာမျက်နှာ ၂၄) ။

ဒါကို ကျနော်တို့အားလုံး နမူနာ ယူသင့်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီကနေ့ ခေါင်းဆောင် အများအပြားဟာ ‘မသိရင် မသိဘူး’ လို့ ၀န်မခံလိုကြ၊ သိသယောင် ‘ယောတောရှိ’ လုပ်လိုက်သူက များပါတယ်။

ကိုယ် ယုံကြည်ရင် လုပ်ရဲတဲ့ သတ္တိ

ဂျပန်တော်လှန်ရေး စခါနီး ဂျပန်တွေက ဗမာတွေကို မျက်စိဒေါက်ထောက် ကြည့်နေချိန်မှာ ဆိုရှယ်လစ် ဦးဗဆွေကြီးကို ဂျပန် ကင်ပေတိုင်တွေက ဖမ်းသွားပါတယ်။ ဦးနုရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ဒုဝန်ကြီး လုပ်နေတဲ့ ဦးကျော်ငြိမ်းကိုလည်း ကင်ပေတိုင်က လာဖမ်းရာ နောက်ဖေးကနေ ထွက်ပြေးလို့သာ လွတ်ခဲ့ပါတယ်။ သူတို့ အားကိုးရာ သခင်မြကို ဦးဗဆွေကြီး လွတ်မြောက်ရေး အတွက် ဦးကျော်ငြိမ်းက အပူကပ်ပါတယ်။ သခင်မြက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလို့ ဦးနုကို အပူကပ်တဲ့အခါ ချက်ခြင်းပဲ ဒေါက်တာဗမော်ကို သွားတွေ့ပါတယ်။ ဂျပန်တွေကို ပြောပေးဖို့ တောင်းဆို ပါတော့တယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့ မှတ်တမ်းမှာ ဦးနုရဲ့ လုပ်ရဲတဲ့ သတ္တိကို မှတ်တမ်းတင်ခဲ့ပါတယ်။ ရန်ကုန် အစိုးရ အဖြစ် ရန်သူတွေ ၀ိုင်းဝိုင်း လည်နေချိန်မှာ ဗိုလ်ချုပ်နေ၀င်း ကိုယ်တိုင်က (‘ကိုကျော်ငြိမ်း ... ကျနော် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်’) လို့ တွေဝေနေချိန်မှာ ၀န်ကြီးချုပ်ဦးနုက ‘အလံမလှဲကြေးဟေ့’ ဆိုတဲ့ စိတ်ဓာတ်နဲ့ သတ္တိရှိရှိ ရင်ဆိုင်ရဲတာကို မေ့မရပါ။

အမှားကို ၀န်ခံရဲတဲ့ သတ္တိ

ဦးနုကိုယ်တိုင် ရေးသားခဲ့တဲ့ ‘တာတေ စနေသား’ ကို ဖတ်ကြည့်ပါ။ ၀န်ကြီးချုပ် ဦးနုဟာ သူ့ရဲ့ အားနည်းချက်၊ ပျော့ညံ့ချက်တွေကို ရဲရဲကြီး တင်ပြ ဆွေးနွေး သွားပါတယ်။ ဦးနှောက်ထက် နှလုံးသား ပိုကြီးတဲ့ လူတွေရဲ့ အမှား ဆိုပြီး မကြာခဏ ၀န်ခံသွားပါတယ်။ ဖဆပလ မကွဲဖို့ ဖြစ်နိုင်ချေတွေကို ဖြစ်စဉ်တွေနဲ့ နှိုင်းပြီး ရှင်းပြသွားပါတယ်။ (တာတေစနေသား - စာမျက်နှာ ၂၉၁-၃၀၀)။ ဥပမာ နိုင်ငံကျော်ခဲ့တဲ့ စာ နှစ်စောင် - ဦးနုနဲ့ ဦးကျော်ငြိမ်း အပြန်အလှန်ပေးစာ - ကို လူသိရှင်ကြား ဖြစ်စေမယ့် အစား၊ လူချင်းတွေ့ပြီး စာကိုပြန်ပေးခဲ့ရင် ဖဆပလ နှစ်ခြမ်းကွဲရာအထိ မဖြစ်နိုင်ဘူးလို့ ရဲရဲ ၀န်ခံသွားပါတယ်။ (တာတေစနေသား - စာမျက်နှာ ၂၉၅)

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလို နှစ်ဖက်စလုံး မှားခဲ့ကြတဲ့အတွက် ဖဆပလ နှစ်ခြမ်းကွဲခဲ့တာပါ။ ခေါင်းဆောင် ပီသစွာ အမှားကို ၀န်ခံရဲတဲ့ ဦးနုရဲ့ သတ္တိကိုတော့ အသိအမှတ် ပြုရမှာပါ။ နှစ်ဦးစလုံး မှားမှန်းသိလို့ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာ ဦးနုဟာ ဦးကျော်ငြိမ်းဆီကို မကြာခဏ လာရောက်ဆွေးနွေး၊ အကြံဉာဏ် တောင်းလေ့ ရှိပါတယ်။ သူ တောခိုမယ် ကြံတော့လည်း ဦးကျော်ငြိမ်းကို ရှေးဦးစွာ တိုင်ပင်ခဲ့ပါတယ်။ တရုတ်-ဗမာ အရေးအခင်းအပြီး တရုတ် အစိုးရက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖိပြီး အားပေးနေချိန် ကွန်မြူနစ်တွေ အနိုင်ရရင် တရုတ်ကျွန် ဖြစ်မှာကို စိုးရိမ်လို့ သူ့ကျွန်မခံလိုစိတ်နဲ့ ဦးနု နောက်ကို ဦးကျော်ငြိမ်း မလိုက်ခဲ့တာပါ။

ဖဆပလကွဲခြင်းအပေါ် သုံးသပ်ချက်

ခေတ်အဆက်ဆက် လူအမျိုးမျိုးက ဖဆပလ ကွဲခြင်းအပေါ် အမြင် အမျိုးမျိုးနဲ့ ကြည့်ခဲ့ကြပါတယ်။ လူပုဂ္ဂိုလ် အရေး ခင်မင်မှု၊ လေးစားမှုကို အခြေခံတယ်လို့ ထင်မိပါတယ်။ ဦးကျော်ငြိမ်းဟာ ကိုယ့် မွေးကျေးဇူးရှင် ဖခင်မို့ မှန်ရမယ်လို့ တဖက်သတ် တွေးရေးမိခဲ့ရင် ကျနော် လူကြီးမဆန်၊ မျှတမှု မရှိနိုင်ပါ။ ဦးနုရော၊ ဦးကျော်ငြိမ်းရော ဘုရား ရဟန္တာတွေ မဟုတ်ကြပါ။ ပုထုဇဉ် လူသားတွေဖြစ်လို့ မှားခဲ့ကြပါတယ်။ နောက်လူငယ်တွေ သင်ခန်းစာ ယူနိုင်ဖို့ ဘယ့်အတွက်ကြောင့် ဒီခေါင်းဆောင် ၂ ဦး မှားခဲ့ကြတာကို စနစ် (System) နဲ့ နိုင်ငံရေး အဆောက်အဦ (Infratructure) ဘက်က ကြည့်ပြီး ဆွေးနွေးလိုပါတယ်။ ဖဆပလကို ကွဲဖို့ ဖန်တီးပေးခဲ့တဲ့ အက်ကြောင်းကို မွေးထုတ်ပေးခဲ့တဲ့ စနစ်ဘက်ကနေ လေ့လာ ဝေဖန်လိုပါတယ်။

ဦးနုနဲ့ ဦးကျော်ငြိမ်း အကြောင်းရေးရင် ဖဆပလ နှစ်ခြမ်းကွဲခြင်း အကြောင်းကို လျစ်လျှူရှု မရပါ။

နိုင်ငံရေးနဲ့ အာဏာ

နိုင်ငံရေးဆိုသည်မှာ တိုင်းပြည် ကောင်းစားရေး (အများအားဖြင့်) ကို ဦးတည်ပြီး မိမိ ယုံကြည်ရာ ၀ါဒ၊ စနစ်ကို နောက်ခံပြီး တိုင်းပြည် တည်ဆောက်ရေးကို ဖော်ဆောင် ရပါတယ်။ ဒီကနေ့ခေတ် - လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ် (Free Market Economy) လို့ ခေါ်တဲ့ အရင်းရှင် စီးပွားရေး စနစ်ကိုပဲ ရွေးမလား၊ ကွန်မြူနစ်တို့ရဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကိုပဲ ကျင့်သုံးမလား၊ ဒါမှမဟုတ် ဆိုရှယ် ဒီမိုကရက်တို့ရဲ့ ဒွေးရော စီးပွားရေး စနစ် (Mixed Economy) ပဲ ရွေးမလား ဆိုတာတွေဟာ နိုင်ငံရေး အာဏာ မရှိဘဲနဲ့ မရွေးနိုင်ပါ။ နိုင်ငံရေးမှာ အာဏာမရှိဘဲ ဘာမှ လုပ်လို့ မရပါ။

နိုင်ငံရေးနဲ့ အာဏာဟာ လျှာနဲ့ သွားလို ရောယှက်နေပါတယ်။ နိုင်ငံရေး အာဏာကို တိုက်ယူရမှာလား၊ အကြမ်းမဖက်တဲ့ နည်းနဲ့ အနိုင်ယူနိုင်မလား၊ ရွေးချယ်ခြင်း (ဒီမိုကရေစီရှိမှ) ရယူမှာလား ဆိုတာ တပိုင်းသတ်သတ် စဉ်းစားရမှာပါ။

လူသားတိုင်းမှာ အတ္တဟာ တွဲပါစမြဲဖြစ်လို့ အတ္တကို အသုံးချတတ်ရင် အင်္ဂလိပ်လို Drive လို့ ခေါ်တဲ့ (လုပ်ချင်စိတ်) ပေါ်လို့၊ ဒီလုပ်ချင်စိတ်ကြောင့် အောင်မြင်မှု ရနိုင်သလို (အတ္တ) ကို မထိန်းနိုင်လို့ ဒုက္ခရောက်ခဲ့သူတွေ မရေတွက် နိုင်တော့ပါ။ နိုင်ငံရေးမှာ (အာဏာ) ဟာ တွဲပါစမြဲ ဖြစ်လို့ အာဏာကို သတိနဲ့ ထိန်းနိုင်ရင် အောင်မြင်မှုရှိပြီး အာဏာကြောင့် ဒုက္ခ ရောက်ခဲ့ရသူတွေလည်း မရေတွက်နိုင်တော့ပါ။

ဒါကြောင့် အာဏာဟာ အတ္တလိုပဲ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။

ကျနော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ဘ၀ကနေ လွတ်လပ်ရေး ရတဲ့အခါ အင်္ဂလိပ်တွေ ကျင့်သုံးတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်ကို အားသန်ခဲ့ကြပါတယ်။ ရွေးချယ် ခဲ့ကြပါတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ဟာ မဲအများစု ရရှိတဲ့ သူက အုပ်ချုပ်ရေး - Majority Rule ဖြစ်ပါတယ်။ အုပ်ချုပ်ရေး (Administration) နဲ့ ဥပဒေ ပြုရေး Legislation တို့ကို ခွဲခြားထားခြင်း မရှိပါ။ ပါလီမန်မှာ မဲအရေအတွက် အများစုရတဲ့ ပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ် (MP) ဖြစ်မှသာ ၀န်ကြီးအဖွဲ့မှာ ပါခွင့်ရှိပါတယ်။ အမေရိကန် ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ ဥပဒေ) လို သမတ က အုပ်ချုပ်ရေး တာဝန်ယူပြီး ကွန်ကရက် (Congress) က ဥပဒေပြုရေး အာဏာ သပ်သပ်ခွဲထားကာ တဖက်နဲ့ တဖက် Check and Balance အပြန်အလှန် ထိန်းကွပ်ခြင်း မရှိပါ။ ပါလီမန်မှာ အမတ်ဦးရေ များတဲ့ ပါတီက အစိုးရ ဖွဲ့ခွင့်ရပြီး ဒီပါလီမန် အမတ်တွေကပင် ဥပဒေ ပြုကြပြီး၊ ဒီပါလီမန် အမတ်တွေကပင် ၀န်ကြီးအဖွဲ့ ဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ် ကြပြန်ပါတယ်။ ဒါကြောင့် ဒီစနစ်မှာ ပါတီဟာ အရေးပါပြီး ပါတီရဲ့ ဦးဆောင်မှု နေရာကို ရဖို့ အရေးကြီးလာပါတယ်။ ပါတီ အတွင်းမှာလည်း အုပ်စုကလေးတွေ ရှိလို့ ဒီအုပ်စုတွေဟာ ပါတီအတွင်း အားပြိုင်ကြလို့ Power Politics လို့ ခေါ်တဲ့ (အာဏာ နိုင်ငံရေး) နဲ့ အုပ်စု နိုင်ငံရေး (Fractional Politics) ဟာ အရေး ပါလာပါတယ်။ စစ်ပြီးခေတ် ကတည်းက အုပ်စိုးနေတဲ့ ဂျပန်နိုင်ငံ LDP (Liberal Democrat Party) မှာ အသာရတဲ့ အုပ်စုဟာ တလှည့်စီ ၀န်ကြီးချုပ် လုပ်နေပါတယ်။ အင်္ဂလိပ်တို့ရဲ့ လေဘာပါတီ အတွင်းမှာလည်း လက်ဝဲအစွန်း ကြီးစိုးစဉ်က ရွေးကောက်ပွဲ အပြီး ရှုံးပြီးရင်း ရှုံးနေလို့ တိုနီဘလဲရဲ့ အလယ်အလတ် လမ်းစဉ်သမား Centrists တွေ ဦးဆောင်ကာမှ တဖန် အာဏာ ရလာကြပါတယ်။

ဖဆပလကို စဖွဲ့စဉ်က ကွန်မြူနစ်၊ အရေးတော်ပုံ ပါတီ (နောင်ဆိုရှယ်လစ်) နဲ့ စစ်တပ်ကို အားပြုပြီး ဖွဲ့ခဲ့ကြပေမယ့် ဗိုလ်ချုပ် အောင်ဆန်းကို အံတု အပုပ်ချ တိုက်ခိုက်ကာ ကွန်မြူနစ် ပါတီက အုပ်စီးလိုတဲ့ အာဏာရူးမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ကွန်မြူနစ်တွေကို ထုတ်ပစ်ခဲ့သဖြင့် ဖဆပလ မှာ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် (PVO) ၊ ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင် ဗဟိုအဖွဲ့ချုပ်၊ အရှေ့တောင်အာရှ လူငယ်များ အစည်းအရုံး စတဲ့ အဖွဲ့ငယ်နဲ့ ဦးနု လို တသီးပုဂ္ဂလ (Individual) တို့ ပါကြပါတယ်။ (ဦးသန့်ရဲ့ပြည်တော်သာခရီး အပိုင်း ၁ - စာမျက်နှာ ၆၁ နဲ့ တာတေ စနေသား စာမျက်နှာကို ကြည့်ပါ။)

လွတ်လပ်ရေးရခါစမှာ ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တို့ဟာ ဖဆပလ မှာ အင်အားကြီး အုပ်စု ၂ စု လို့ ဆိုရပါမယ်။ ကွန်မြူနစ်တွေ ၁၉၄၈ မတ်လမှာ တောခိုပြီးနောက် ပြည်သူ့ရဲဘော် တွေလည်း နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူနဲ့ ရဲဘော်ဝါ ဆိုပြီး ကွဲထွက်သွားပါတယ်။ ရဲဘော်ဖြူတွေ တောခိုတဲ့အခါ ဖဆပလကြီးထဲမှာ အားကောင်းတဲ့ အဖွဲ့အစည်းမှာ ဆိုရှယ်လစ်တွေသာ ကျန်ခဲ့ပေတော့တယ်။

ဒီနေရာမှာ ခေါင်းဆောင်မှု အပိုင်းနဲ့ အဲဒီတုန်းက ခေါင်းဆောင်မှု အတုယူစရာလေးတွေကို တင်ပြပါရစေ။

ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းတို့ အားလုံးဟာ လက်ဝဲသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အာဏာရယူမှုနဲ့ ဖော်ဆောင်မှုမှာ ကွာခြားကြပါတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေက အာဏာရှင်စနစ် - ကွန်မြူနစ် ဝေါဟာရ အရ ပစ္စည်းမဲ့ အာဏာရှင် စနစ် (Dictatorship of the Proletariat) နဲ့ တိုင်းပြည်ကို အာဏာရှင် စနစ်နဲ့ မောင်းပြီး လက်ဝဲ (ကွန်မြူနစ်စနစ်) ကို ထူထောင်ပြီး Planned Socialist Economy ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ တိုင်းပြည်ကို ထူထောင်ပါမယ်။ ဆိုရှယ်လစ် ဆိုသူတွေက ပြည်သူ ရွေးချယ်ရတဲ့ ဒီမို ကရေစီ၊ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ Representative Government နည်းနဲ့ အာဏာကို ရယူပြီး Mixed Economy လို့ ခေါ်တဲ့ အရေးကြီးတဲ့ စီးပွားရေး အချက်အခြာတွေ (ဘဏ်၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး) တို့ကို အစိုးရက ကိုင်ဆောင်ထားပြီး လူသုံးကုန် ပစ္စည်း Consumer Goods ထုတ်လုပ်ရေးကို ပုဂ္ဂလိက လက်ထဲ လွှဲထားတဲ့ စနစ်နဲ့ တိုင်းပြည်ကို တည်ထောင်လိုကြပါတယ်။

ဆိုရှယ်လစ်တွေကို အတိအကျ အဓိပ္ပာယ်ဖွင့်ရင် ဒီမိုကရေစီကို ယုံတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) - ဥရောပကနေ ဂျာမဏီ၊ အင်္ဂလန်တို့ ပုံစံ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ဆဲလ် ဖွဲ့စဉ်က ပါခဲ့တာကို အကြောင်းပြုပြီး ဗိုလ်ချုပ်ကို ကွန်မြူနစ်အလား တံဆိပ်တပ်၊ အသားယူ၊ ၀ါဒ အကြီးအကျယ် ဖြန့်ခဲ့ကြ၊ ဖြန့်ဆဲ ဖြစ်ပါတယ်။ အမှန်စင်စစ် လွတ်လွတ်လပ်လပ် တွေးကြည့်ရင် ဗိုလ်ချုပ် ဆောင်ဆန်းဟာ ကွန်မြူနစ် မဖြစ်နိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းသာ ‘ကွန်မြူနစ်ဟေ့’ လို့ တခွန်းပြောခဲ့ရင် ဗမာပြည်ကြီး တရုတ်ပြည်ထက်ပင် စောပြီး ရဲရဲနီခဲ့ပါလိမ့်မယ်။

သခင်သန်းထွန်းနဲ့ ဦးကျော်ငြိမ်းတို့ ၀ါဒစွဲကြီးမားလို့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အားပြိုင်နေကြချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ဟာ ၀ါဒရေးကို ဦးစားမပေးဘဲ အမျိုးသားရေး Nationalism တခုထဲနဲ့ လွတ်လပ်ရေး ရရှိရေးကိုသာ အဓိကထား တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် အားလုံးကို စုစည်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဦးနုလည်း ထိုနည်းလည်းကောင်း၊ ၀ါဒရေး မှိုင်းမမိခဲ့တဲ့ အတွက် ဗိုလ်ချုပ်တို့ ကျဆုံးအပြီး ဖဆပလ ခေါင်းဆောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပါတီ နိုင်ငံရေး အရ ဆိုရှယ်လစ် ပါတီကို ၀င်ရောက်ခြင်း မရှိကြပေမယ့် သူတို့ ဖော်ဆောင်ခဲ့ရာ လမ်းဟာ ဆိုရှယ်လစ် စနစ်ကို အားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကိုသာ လျှောက်ခဲ့ကြတဲ့ အတွက် ဆိုင်းဘုတ် မတပ်တဲ့ ဆိုရှယ်ဒီမိုကရက်တွေ ဖြစ်ခဲ့ရတာ ထင်ရှားလှပါတယ်။

ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ တရုတ်ပြည်က မော်စီတုံးလို နိုင်ငံရေးမှာ မရှိမဖြစ်တဲ့ - လူ နဲ့ အာဏာ - အကြောင်းကို ကောင်းကောင်း သိနိုင်စွမ်းတဲ့ နိုင်ငံရေး သူရဲကောင်း ဖြစ်ပါတယ်။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံရေး အုပ်စုတွေကို စုစည်းနိုင်ရုံ သာမက လူတော်လူကောင်းတွေကို သူ့နေရာနဲ့သူ အသုံးချတတ်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါတယ်။ စိတ်ရှည်ရမယ့် နေရာမှာ စိတ်ရှည်ပြီး ပြတ်သားရမယ့် နေရာမှာ ပြတ်သားလှပါတယ်။

ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ အားပြိုင်နေကြသည်ကို ဘက်လိုက်မှု မရှိဘဲ အပေါ်မှ ဦးဆောင်မှုပေးကာ ကွန်မြူနစ်တွေ ရန်လိုလွန်း အားကြီးတာကြောင့် ဗိုလ်ချုပ်ကို တိုက်ခိုက် လာတဲ့အခါ ထိပ်ထုကာ ဖဆပလ ကနေ ထုတ်ပစ်ဖို့ ရဲရဲ ဆုံးဖြတ်ရဲပါတယ်။

သူ့ကိုယ်သူ လျင်လှပြီထင်တဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် အောင်ဆန်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ခြေဖျားတောင် မမှီခဲ့ပါ။ အာဏာ အဆိပ်ငွေ့ တက်နေတဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် တားတဲ့ကြားက အားစမ်းတဲ့ အနေနဲ့ သခင်သိန်းဖေ (မြင့်) ကို ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာတွင် ဗိုလ်ချုပ်က အဆိုပြုထားတဲ့ ဦးကျော်ငြိမ်းနဲ့ ယှဉ်ရွေးစေပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး) နိုင်ငံရေး အကွက်အရ ပြောရရင် ဗိုလ်ချုပ်ဟာ သူ့ကို ရင်ဘောင်တန်းလာတဲ့ သခင်သန်းထွန်း ကို သူ့ပြိုင်ဘက် ဦးကျော်ငြိမ်းနဲ့ လှမ်းထောက်ထားတာဟာ အလွန်လှတဲ့ နိုင်ငံရေးအကွက် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းကို ယုံလို့လည်း အခုလို အားကိုးခြင်း ဖြစ်ပါတယ်။

ဦးနုကလည်း ဗိုလ်ချုပ်လိုပဲ ၀ါဒရေးကို ဦးစားမပေးဘဲ ဦးဆောင်မှု ပေးနိုင်တဲ့ အတွက် အများရဲ့ ယုံကြည် လေးစားမှုကို ခံရကာ ဖဆပလ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရတာပါ။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးပြီးချင်း ကွက်လပ်ဖြည့်ဖို့ ဦနု ရှိနေခဲ့လို့ တိုင်းပြည် တည်ငြိမ်ခဲ့တာကို မေ့လို့ မရပါ။ နိုင်ငံအနေနဲ့ ကျေးဇူးတင်ရပါမယ်။

ဒီကနေ့ခေတ် ပါတီနိုင်ငံရေး (သို့မဟုတ်) အုပ်စုနိုင်ငံရေးကို နားလည်သူမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ ဖြစ်ပါတယ်။ နအဖ အတွင်း ကက (ကြည်း) နဲ့ ကက (လှမ်း) တို့ အားပြိုင်မှုအတွင်း ငြိမ်ငြိမ်လေး အပေါ်က ကြည့်နေကာ လိုအပ်မှ အရေးယူပြီး အပိုင်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှာ ချစ်သူ ခင်သူကို ခွင့်လွှတ်ပြီး၊ မုန်းသူ ပြိုင်ဘက်ကို အငြိုးနဲ့ ကြည့်လို့ မဖြစ်၊ အရှိကို အရှိအတိုင်း ကြည့်နိုင်စွမ်းအားရှိမှ အမှန်ရောက်အောင်၊ နိုင်ငံရေး အောင်မြင်မှု ရအောင် ကြံဆောင်နိုင်ပါမယ်။ ဒီကနေ့ နိုင်ငံရေး လောကမှာ (ပြည်ပတွင်) စစ်ဗိုလ်ဆို မျက်စိမှိတ် ကလော်ဆဲမှ နာမည်ရမယ်။ အရှိကို အရှိအတိုင်း မကြည့်လိုကြပါ။ ဒါကြောင့်လည်း ၀ိုင်းကြီးပတ်ပတ်လည် နိုင်ငံရေးမှ မတက်သည်က များပါတယ်။

လွတ်လပ်ရေးရပြီးစ ဖဆပလ မှာ ဦးနုနဲ့ ဆိုရှယ်လစ်တွေ ကိစ္စ ပြန်လှည့်ကြရအောင်။

ပြည်သူ့ရဲဘော် (၀ါ) ရဲဘော်ဖြူတွေ တောခိုအပြီး ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ဆိုရှယ်လစ်တွေက အားသာနေပါတယ်။ ဆိုရှယ်လစ်တွေက ဖဆပလ အတွင်း ကြီးစိုးမှုရှိပေမယ့် ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းမှာ အရေးပါဆုံး ၃ ဦးဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့ဟာ ၀န်ကြီးချုပ် သခင်နုကို အကိုကြီးသဖွယ် လေးစားကြပြီး ကိုယ့်ခေါင်းဆောင်အဖြစ်၊ ဖဆပလ ဥက္ကဋ္ဌ အဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ ဦးနုကို ပြိုင်ဆိုင်လိုစိတ် မရှိကြပါ။ ဦးနုကလည်း ဒီအတိုင်းပဲ သူ့ တာတေ စနေသားတွင် ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဦးကျော်ငြိမ်းနဲ့ မည်မျှ သံယောဇဉ် ရှိကြကြောင်း ရေးပြသွားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆိုရှယ်လစ် ခေါင်းဆောင်တွေ တချက်ဟာသွားတာကို ထောက်ပြချင်ပါတယ်။ ဖဆပလ အတွင်းကနေ မိမိတို့ပါတီက ခေါင်းဆောင်မှု နေရာကို ရယူထားပြီးပြီ။ မိမိတို့ ဥက္ကဋ္ဌ ကိုလည်း ပြိုင်ဆိုင်လိုစိတ် မရှိ။ မိမိတို့ အားသန်ရာ တည်ဆောက်မှုတွေ (ဦးကျော်ငြိမ်း - စက်မှု၊ သခင်တင် - လယ်သမား၊ ဦးဗဆွေ - အလုပ်သမား) ကိုလည်း ဦးစီးနိုင်ကြပြီ။ ၀န်ကြီးချုပ်ကို ချော့ပေါင်းနိုင်ရမယ်။ ၀န်ကြီးချုပ်ရဲ့ ခံစားချက်ကို ရိပ်မိနိုင်ရမယ်။ ၀န်ကြီးချုပ် ဦးနုဟာ လူထုကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံရေးသမား၊ အတွေးသမား၊ အသေးစိတ်ကို စိတ်ဝင်စားသူမဟုတ်။ ဒီ့အတွက် ဦးနုကို ရှေ့တန်းတင်ပြီး ကိုယ့်ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရမယ်။ ဦးနုဘက်က ကြည့်ရင်လည်း ဦးဆောင်မှုပေးမယ်၊ ဆိုရှယ်လစ်တွေ လုပ်ကြလို့ မျက်နှာလွှဲထားနိုင်ပါတယ်။ သူနိုင်၊ ကိုယ်နိုင် (Win/Win situation) အခြေအနေကောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အခြေအနေ ဖြစ်ပါတယ်။

ဒီခေါင်းဆောင် ၄ ဦး တက်ညီလက်ညီ ရှိစဉ်က အောင်မြင်ခဲ့ကြပါတယ်။ တိုင်းပြည် တိုးတက်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းက စီးပွားရေးနဲ့ စက်မှုကို ထူထောင်နိုင်ပါတယ်။ သခင်တင်က လယ်ယာ စိုက်ပျိုးရေးကို အရေးစိုက် နိုင်ပါတယ်။ ဦးဗဆွေကြီးက ကာကွယ်ရေး ၀န်ကြီးနဲ့ (TCUB) အလုပ်သမား အဖွဲ့ကို တာဝန်ယူပါတယ်။ ၀န်ကြီးချုပ် ဦးနုက နိုင်ငံခြားရေးမှာ ထူးခြားစွာ ဆောင်ရွက်နိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယအကြား စေ့စပ်ပေးသူမှာ ဗမာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။ ကြားနေ တတိယ အင်အားစု ထူထောင်ရာမှာ ဗမာ ပါဝင်ခဲ့တယ် မဟုတ်ပါလား။

ဆိုရှယ်လစ်တွေ သတိလစ်ခဲ့တာ ဘာလဲ။

ဝန်ကြီးချုပ် ဦးနုရဲ့ ခံစားမှုကို သတိမပြုမိခဲ့ကြ၊ အလေးမပေးခဲ့ကြပါ။

ဥပမာ နာမည်ကြီးခဲ့တဲ့ ၁၉၅၆ ခုနှစ်က စာနှစ်စောင်ထဲက ဦးနုရဲ့ ပြန်စာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ (ဦးနု) လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တယ်။ ဒါကို ပြည်သူ အများစုကို ဦးနုက သိစေချင်တယ်။ ဦးနုဟာ ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်လို့ အကြမ်းဖက်မှုကို မလိုလား၊ ဒါကြောင့်လည်း ယူဂျီ ဖွဲ့ရာမှာ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းကို ကူခဲ့လို့ စိတ်အားဖြင့်တော့ ပါခဲ့ပါတယ်။ ဖဆပလ ဖွဲ့ရာမှာလည်း ထိုနည်းတူ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဖဆပလ အတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို နိုင်ငံခြားရေး ၀န်ကြီး ဦးနု အိမ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒါကို ၀န်ကြီးချုပ်က အသိအမှတ် ပြုစေချင်ပါတယ်။ ၀န်ကြီးချုပ်လာရင် အရိုအသေပြု မတ်တပ်ရပ်စေချင်တယ်။ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ ခေါင်းဆောင်တွေက ၀န်ကြီးချုပ်လို့ မမြင်ကြ။ ကျောင်းသားဘ၀ ကတည်းက ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော် အဖြစ် မြင်ပါတယ်။

ပြည်တွင်း သတင်းစာ သမားတွေလည်း ၀ိုင်းဝန်း ဘေးတီးပေးကြပါတယ်။ ဦးနုကို ဘ၀ရှင် မင်းတရားကြီးလို့ ပြောင်လှောင် ခေါ်ကြပါတယ်။ နိုင်ငံခြား သတင်းစာတွေကလည်း ကလော်ကြပြန်တယ်။ ၀န်ကြီးချုပ် ဦးနုဟာ ပြယုဂ်ဖြစ်တယ်၊ တကယ့်အာဏာမှာ ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေ လို့ ၀ိုင်းဝန်း ရေးကြတယ်။ ပိုဆိုးသွားတာက အဲဒီအချိန်မှာ အင်္ဂလိပ် ၀န်ကြီးချုပ် အန်သိုနီအီဒင် (Anthony Eden) က ရန်ကုန်မှာ ခေတ္တနားပြီး ဦးနုနဲ့ တွေ့ဖို့ သံကြိုး ပို့လိုက်တယ်။ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေကိုပါ ခေါ်ခဲ့ပါလို့ ပါလာတယ်။ ‘ငါဟာ ၀န်ကြီးချုပ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်ပြီး ကျော်ငြိမ်းနဲ့ ဗဆွေကို ဘာကြောင့် ခေါ်ရမှာလဲ’ လို့ ၀န်ကြီးချုပ်က မေးခွန်း ထုတ်ခဲ့တယ်။ တနည်းအားဖြင့် ခံစားခဲ့ရပါတယ်။ (U Nu of Burma - စာမျက်နှာ ၈၄)

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးကျော်ငြိမ်းတို့ အာဏာရခါစက လူငယ်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ် ဆုံးတော့ ၃၂ နှစ်သာ ရှိသေးတယ်။ အာဏာနဲ့ ရာထူးအကြောင်း ကောင်းကောင်း မသိသေးလို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ အလွန်လျင်တယ်၊ ဦးနုကို ဒို့ဗမာ အစည်းအရုံးဆီ ခေါ်သွားရာမှာလည်းကောင်း၊ ဖဆပလ ဒုဥက္ကဋ္ဌ ရာထူးကို အတင်းအကျပ် နေရာပေးခဲ့သူမှာ ဗိုလ်ချုပ်ပင် မဟုတ်ပါလား။ ဗိုလ်ချုပ်ကို အတုယူပြီး ဦနုရဲ့ စိတ်ဓာတ်နဲ့ ခံစားမှုကို ဆိုရှယ်လစ် ခေါင်းဆောင်တွေ သတိပြုသင့်တယ်။ ဒါပေမဲ့ မျှမျှတတ ပြောရရင် အနှစ် ၄၀ ကျော်မှ စားပွဲပေါ်မှာ ထိုင်သုံးသပ်ရတာ လွယ်ကူလှပါတယ်။ Hindsight is 20/20 လို့ခေါ်တဲ့ ဖြစ်ပြီးမှ သုံးသပ်ရတာ လွယ်လှပါတယ်။ အာဏာဝဲထဲမှာ လည်ပတ်နေစဉ် သုံးသပ်ရတာ မလွယ်လှ။

အာဏာရဲ့အန္တရာယ်

နိုင်ငံရေးမှာ အနိုင်ရတဲ့ ပါတီဟာ ရာထူးနဲ့ နေရာရကြတဲ့ အတွက် ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်တွေဟာ ပါလာစမြဲပါ။ ခေတ်အဆက်ဆက် အာဏာ ရှိတဲ့လူတွေကို ကပ်ပါးရပ်ပါး လုပ်ဖို့ အခွင့်အရေး သမားနဲ့ Oppotunists တွေဟာ ရှိစမြဲပါပဲ။ နိုင်ငံရေးသမား ဆိုတာကလည်း စည်းရုံးရေး၊ လူအင်အားနဲ့ လုပ်ငန်းနဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ရတာမို့ လူတွေနဲ့ ကင်းကွာလို့ မရပါ။ ဒီ့အပြင် အလုပ်လုပ်တဲ့အခါမှာ လူယုံတွေကို စေခိုင်းရတာမို့ တပည့်တပမ်းနဲ့လည်း ကင်းရှင်းလို့ မရပါ။ နိုင်ငံရေးသမား အများစု ရင်ဆိုင်ရတာက ဘယ်သူဟာ အစစ်အမှန် ယုံကြည်ချက်နဲ့ လုပ်တဲ့သူ၊ ဘယ်သူဟာ အခွင့်အရေးသမား ဆိုတာကို ခွဲခြားတတ်ဖို့ပါပဲ။ အစစ်အမှန်နဲ့ အတုအယောင်ကို (အကျ) မှ ခွဲခြားရတာ လွယ်ပေမယ့် (အတက်) မှာ ခွဲခြားရ အင်မတန် ခက်ပါတယ်။ ကျနော်ငယ်သေးပေမယ့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို မှတ်မိနေတာ တခုရှိတယ်။ ‘အာစရိရေ - စောလစ် (Solid) ပဲ ဆိုတဲ့ လူတွေရဲ့ မဲဆန္ဒ နယ်မြေဆို ခွက်ခွက်လန်အောင် ရှုံးတာပဲ’ တဲ့။ ကလေးဆိုတော့ လူကြီးတွေ အလုပ်ရှုပ် နေတာကိုကြည့်ပြီး ဟိုနားထောင်လိုက်၊ ဒီနားထောင်လိုက်နဲ့ ပျော်နေတာပေါ့။

တိုင်းပြည် အုပ်ချုပ်တဲ့ အာဏာမပြောနဲ့ ၅ ယောက်တဖွဲ့နဲ့ ဖွဲ့ထားပြီး ထောက်ခံစာ ရေးပေးနိုင်ရုံ အာဏာ အပွန်းအပဲ့ကလေး ရတာနဲ့ ဘ၀င်မြင့်နေတဲ့ အဖွဲ့ဝင် လူကြီးတွေ - ဥက� ဌတွေ - ၀န်ကြီးချုပ် ခေါ်မှ နှစ်သက်တဲ့ - မျက်မှန်နက်ကြီး ၀တ်ပြီး ဆောင့်ကြွားဆောင့်ကြွား ဖြစ်နေတဲ့ နိပွန် မကျတကျ ၀န်ကြီးချုပ်ရဲ့ ကိုယ်ရံတော် အယောင်ဆောင် ဆရာတပည့်တွေတောင် ၂ ပြားတပဲ အဆောင်အယောင် အာဏာနဲ့ အာဏာရူး နေကြသေးတယ် မဟုတ်လား။ တကယ် အာဏာရှိခဲ့ရင်တော့ (တေဇ) တို့လို လူတွေက ၀ိုင်းရံထားပြီး ရာစုနှစ်ရဲ့ မင်္ဂလာပွဲ (Marriage of the Century) မျိုးလို စိန်စီပြီး ကျင်းပနိုင်တာပေါ့။

အာဏာဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။

ကျောင်းသားဘ၀က ဆင်းရဲ ငတ်ပြတ်ခဲ့ကြပြီး ယူဂျီ ဂျပန် တော်လှန်ရေးသမား ဘ၀မှာ အသက်ကို ဖက်ပေါ်တင်ပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေး သမားတွေဟာ ၀န်ကြီးချုပ် - ဒုဝန်ကြီးချုပ် ဘ၀မှာ အသိုင်းအ၀ိုင်း၊ အခြွေအရံ၊ တပည့်တပမ်း၊ သက်တော်စောင့် Body Guard ကိုယ်စီနဲ့ ဖြစ်လာကြတော့ ဖော်လန်ဖားမယ့် အခွင့်အရေး သမားတွေ - မြှောက်ပင့် ရန်တိုက်မယ့် တပည့်သားမြေးတွေ - ကလိန်ကကျစ် နိုင်ငံရေးသမား၊ အယောင်ဆောင်၊ အခွင့်အရေး သမားတွေလည်း ချဉ်းကပ် လာကြတာပေါ့။ အသက်အရွယ် ငယ်ငယ်နဲ့ တိုင်းပြည် ခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင် ရာထူးကြီးတွေနဲ့ အာဏာ ရှိလာကြတော့ မာနတွေ အီဂို (Ego) တွေ မတက်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။

အာဏာနဲ့ အန္တရာယ်ဆိုးကိုသာ ဒီခေါင်းဆောင် ၂ ဦးဟာ ကြိုသိခဲ့ကြရင် ကြိုပြီး နားလည်မှု ယူထားနိုင်ကြပါရဲ့။

ဦးကျော်ငြိမ်းဟာ တိုင်းပြည် တည်ဆောက်ရေးကိုပဲ အားသန်နေခဲ့တာ၊ ၀န်ကြီးချုပ် ရာထူးရဖို့ နံပါတ် ၁ ခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းချက် မရှိခဲ့ဘူး။ ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း စာအုပ်အတွက် အမှာစာမှာ ဦးနုက ၀န်ကြီးချုပ်လုပ်ဖို့ အဆိုပြုတာတောင် ငြင်းခဲ့တယ် ဆိုတာကို ဖတ်ရှုနိုင်ပါတယ်။ ဒီ့အပြင် ဦးကျော်ငြိမ်းမှာ အားနည်းချက် ၂ ခု ရှိတယ်။ ဟန်နဲ့ပန်နဲ့ မဟောက်စားတတ်တာရယ်နဲ့ နေရာ မယူချင်တာရယ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းက နှစ်ယောက်ချင်း ကပ်ဆူခဲ့တာ ၂ ခု ရှိပါတယ်။ ရဲဘော်သုံးကျိပ် လွှတ်စဉ်က သခင်ချစ် ခြေမြန် လက်မြန်နဲ့ နီးစပ်တဲ့လူတွေကို ဇွတ်လွှတ်တာကို မတားတာရယ်၊ ဆိုရှယ်လစ် ပါတီဖွဲ့တော့ အရေးပါတဲ့ နေရာတွေ မယူတာရယ်ကိုပါ။ ဦးကျော်ငြိမ်းက နောက်ကွယ်က ကြိုးကိုင်တာကိုပဲ ကျေနပ် နေခဲ့တယ်။ ဗိုလ်ချုပ်က ရှေ့ထွက် ဦးဆောင်စေချင်ပုံ ရတယ်။

ဦးကျော်ငြိမ်းက နောက်ကွယ်က ကြုံးရုန်း လုပ်ချင်တဲ့သူ။ ဦးနုက အသေးစိတ်ကို မခုံမင်။ ရှေ့က လူထု ပါလာအောင် လူထုရဲ့အကြောကိုသိတဲ့ လူကြည်ညိုချင်စရာ ဥပဓိရုပ်နဲ့ နိုင်ငံရေးသမား လွန်စွာ အတွဲညီလိုက်ကြပါဘိ။ အာဏာမလွှမ်းမိုးခင် ၂ ဦး ကတိပြု နိုင်ခဲ့ကြရင် ဒီအတွဲ မပျက်ဘူးပေါ့။

အာဏာရဲ့တိုက်စားမှုအပြင် ပြည်တွင်းပြည်ပ သတင်းစာ သမားတွေကလည်း ၀င်သမ ကြတဲ့ဒဏ်ကို အလူးအလဲ ခံကြရပြန်တယ်။ ဒါကြောင့် ဦးနုက တရုတ်ပြည်သွားတော့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းကို ခေါ်မသွားဘူး။ သွားချင်ရင် ကိုယ့်ဘာသာကိုယ် သွားကြလို့ ဆိုပြန်ပါတယ်။ သတင်းသမား ဆိုတာကတော့ ပွဲဆူအောင် သံပုံးတီးဖို့က အဆင်သင့်ပဲ။ ပွဲကြမ်းလေ သတင်းရေးကောင်းလေ မဟုတ်လား။ ၀န်ကြီးချုပ် ခံစားနေရတာကို ရိပ်မိရင် သတိရှိခဲ့ကြရင် ဆိုရှယ်လစ် ခေါင်းဆောင်တွေက သတိနဲ့ ချီးမွမ်း ပေးလိုက်ရုံပေါ့။ ဒီနေရာမှာ ဗိုလ်ချုပ်နေ၀င်းက သိပ်တော်တယ်။ ဗိုလ်ချုပ် အောင်ကြီးက ဆောင့်ကြွားကြွားနဲ့ နိုင်ငံရေး သမားတွေကို အလေးမပြုချင်ဘဲ၊ ဘ၀င်ကိုင်နေချိန်မှာ ဗိုလ်ချုပ် နေ၀င်းက သတိဆွဲပြီး ဖင်လန်အောင် အလေးပြု ပစ်လိုက်တယ်။ ကဲ လူ့အထာနဲ့ အာဏာအကြောင်း ဘယ်သူကို ပိုသိသလဲဗျို့။ ဦးနုက ဦးနေ၀င်း ဦးစီးပြီး အာဏာသိမ်းမယ်လို့ မထင်မိတာလည်း အပြစ် မပြောနိုင်ပါ။

ဦးကျော်ငြိမ်းဟာ နံပါတ် ၁ ရာထူးကို မက်မော ကြံစည်နေတာ မဟုတ်သလို ဦးနုဟာလည်း ၀န်ကြီးချုပ် ဖြစ်ရမှဆိုပြီး ယစ်မူးနေတာ မဟုတ်ပါ၊ မကြာခဏ ထွက်ဖို့ချည်း ပြောနေတာပါ။ ဒါပေမဲ့ ဘယ်သူမဆို ကိုယ့် အာဏာမဏ္ဍိုင်ကို ထိရင်တော့ ကာကွယ်ကြတာပေါ့။

ဒါကြောင့် ၀န်ကြီးချုပ် ရာထူးကို မရည်မှန်းတဲ့ တိုင်းပြည် ထူထောင်ရေးမှာပဲ စိတ်ဝင်စားတဲ့ ဦးကျော်ငြိမ်းနဲ့ လူထုနဲ့ ဖဆပလကြီးကို ဆွဲဆောင်နိုင်တဲ့၊ လူတွေကျအောင် အပြောအဟော ကောင်းတဲ့၊ ခေါင်းဆောင်မှု ပေးနိုင်တဲ့ ဦးနု ဟာ စည်းမကျော်တမ်း သွေးသောက်ခဲ့ကြရင် ပိုနေမြဲ ကျားနေမြဲ ကိုယ့်အလုပ် ကိုယ် လုပ်နိုင်ကြမှာပေါ့။ ဒီလို နားမလည်ခဲ့ကြတော့ ဆိုရှယ်လစ် ပါတီရဲ့ အက်ကြောင်းကို နင်းပြီး မာနတွေ၊ တပည့်တပမ်းတွေ ထပ်လိုက်တော့ ဖဆပလ ကွဲရတဲ့အထိ မီးကြီး လောင်တော့တာပေါ့။

တာတေစနေသား အခန်း ၃၁ ၊ စာမျက်နှာ ၂၈၉ ကနေ ၃၀၅ အထိ ဦးနုကိုယ်တိုင် ဖဆပလ ကွဲကြခြင်း ကဏ္ဍနဲ့ ဖြစ်ပျက်စဉ်တွေကို ဖော်ပြခဲ့ပြီး မိမိကိုယ်ကို မိမိ ဝေဖန်သမှု ပြုပြီး ရှင်းပြခဲ့ပါတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ဝေဖန်ဆွေးနွေး သွားပါတယ်။ ဦးကျော်ငြိမ်းဟာ အလုပ်ကို ကြိုးစားတယ်၊ အစွမ်းထက်တယ်၊ စာဖတ်အား ကောင်းတယ် ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဦးကျော်ငြိမ်းကို နိုင်ငံရေး ဗီလိန် လူဆိုးဖြစ်အောင် အစဉ်ကြံစည် ကြိုးစားနေခဲ့တဲ့ ကွန်မြူနစ်တွေနဲ့ သူတို့ရဲ့ အစွယ်ပွား နိုင်ငံရေး နာနာဘာဝတွေတောင် မငြင်းနိုင်တဲ့ အချက်ပါ။ တိုင်းပြည် ထူထောင်ရေး အတွက် ကြိုးစားရတာက တဖက်၊ စာဖတ် လေ့လာရတာက တဖက်၊ ပါတီ နိုင်ငံရေး ဆောင်ရွက် ရတာတွေကြောင့် ဦးကျော်ငြိမ်း စာမရေးနိုင်ခဲ့တာ သားတယောက် အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဦးနုလိုပဲ ဦးကျော်ငြိမ်းဟာ လူသားတယောက်မို့ အပြစ်မလွတ်ခဲ့ပါဘူး။ ဖဆပလ ကွဲပြီး တဖက်နဲ့တဖက် အသေအကြေ ဆော်ပလော် တီးကြတာတောင် - ရွေးကောက်ပွဲ အပြီးမှာ ၀န်ကြီးချုပ် ဦးနုနဲ့ ဦးကျော်ငြိမ်းဟာ အခင်အမင်မပျက် သံယောဇဉ် မကင်းနိုင်ကြပါဘူး။

ဖဆပလ ကွဲရခြင်းရဲ့ ဖြစ်ရပ်လေးတွေမှာ အာဏာလေပြင်း တိုက်ခိုက်မှု အကြောင်းလေးတွေကို တင်ပြရင်း အာဏာနဲ့ အန္တရာယ်ကို နောင်လာ ခေါင်းဆောင်တွေအတွက် တင်ပြ ဆွေးနွေးပါရစေ။

ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ်မှာ ပါတီရယ်၊ ၀န်ကြီးအဖွဲ့ရယ်၊ ပါလီမန်ရယ်ဟာ ရောထွေးနေခဲ့ပါတယ်။ ပါတီ ခေါင်းဆောင်တွေကပဲ အမတ်တွေဖြစ်၊ အမတ်တွေရွေး၊ အမတ်ဖြစ်မှ ၀န်ကြီးဖြစ်တော့ - ပါတီ ခေါင်းဆောင် - အမတ် - ၀န်ကြီးတွေဟာ ရောနှောနေပါတယ်။ လူတွေ မသိတာက ပါတီဟာ အရေးကြီးတဲ့ အတွက် ပါတီ အီးစီ EC ဟာ အရေးပါလှပါတယ်။ ပါတီ EC တိုင်း ၀န်ကြီး မဖြစ်ပါ။

ဒါပေမဲ့ ဥပဒေတခု တင်ချင်ရင် ပါတီ EC မှာ အရင် ဆွေးနွေး ကြပါတယ်။ (U Nu of Burma - Page 32) ဒါကြောင့် ဦးနုဟာ ပါတီနဲ့ ၀န်ကြီး အဖွဲ့ကို ခွဲဖို့ ကြိုးစားတာ မှန်ပါတယ်။ ဒါပေမဲ့ ဖော်ဆောင်ရာမှာ ယုံကြည်မှု လွန်ပြီး ခြေတလှမ်း စောသွားပါတယ်။ သခင်ကျော်ထွန်းကို ၀န်ကြီးအဖွဲ့က ထွက်၊ ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာယူ၊ ဦးကျော်ငြိမ်းက အထွေထွေ အတွင်းရေးမှူးချုပ် နေရာက ထွက်၊ ဒုဥက္ကဋ္ဌ လုပ် ဆိုပြီး အပိုင်တွက်ပြီး အမိန့်နဲ့ စေခိုင်းလိုက်တော့ နိုင်ငံရေးအရ အထက်ကို ကန်တင်တယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ ဦးကျော်ငြိမ်းရော သခင်ကျော်ထွန်းရော မကျေနပ်ကြပေမယ့် ၀န်ကြီးချုပ် ဦးနုကို ပြန်မပြောကြပါဘူး။ လက်ခံကြတယ်။ နောက်မှ ဦးကျော်ငြိမ်း မကျေနပ်တဲ့ အကြောင်း ကြားရတော့ အေးအေးလူလူ မဆွေးနွေးဘဲ မကျေနပ်တာကို စာရေးပြီး ပို့လိုက်တယ်။ ဒီစာရမှ ဆွေးနွေးမယ်လို့ ဦးနုကိုယ်တိုင် တာတေ စနေသား (စာမျက်နှာ ၂၉၃) မှာ ရေးပြခဲ့ပါတယ်။ ဒါဟာ အာဏာရဲ့ ကြောက်စရာ ကောင်းလှတဲ့ ရလဒ်တွေပါ။ အာဏာကြောင့် ဒေါသတွေ၊ မာနတွေ ၀င်လာကြတာပေါ့။ စာရေး ရှင်းကြတော့ ကိုယ့်ဘက်ကိုယ် ကာကွယ်ကြပြီပေါ့။

ဒီမှာဖြတ်ပြီး လူတွေ သိပ်မသိကြတဲ့ အချက်နဲ့ နောင်လည်း အရေးပါမယ့် အချက်တချက်ကို ဆွေးနွေး ချင်ပါတယ်။ အဲဒါကတော့ ပညာတတ် မာနနဲ့ ပညာတတ် (သို့) တက္ကသိုလ် ကျောင်းသား (သို့) တက္က သိုလ်ဘွဲ့ရ လူတစုနဲ့ ပညာမဲ့ (သို့) ဘွဲ့မရ (သို့) တက္ကသိုလ် ကျောင်းသား မဟုတ်တဲ့ လူစုတို့ရဲ့ ပဋိပက္ခပါပဲ။

ဗမာ့ လွတ်လပ်ရေး သမိုင်းမှာ တက္ကသိုလ် ကျောင်းသား သမဂ္ဂဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) ကိုလှမောင် (ဗိုလ်ဇေယျ)၊ ကိုဗဟိန်း၊ ကိုဗဆွေတို့ အားလုံးဟာ တက္ကသိုလ် သမဂ္ဂကို တည်ဆောက်ခဲ့ကြတဲ့ တက္ကသိုလ် သမဂ္ဂကို မွေးဖွား ပေးလိုက်တဲ့ လူငယ် ခေါင်းဆောင်တွေပါ။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်၊ သခင် ကျော်ထွန်းတို့ဟာ ဒို့ဗမာ အစည်းအရုံးက မွေးဖွား၊ ကြီးထွားလာတဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေပါ။ ကွန်မြူနစ် ပါတီ၊ ဆိုရှယ်လစ် ပါတီ၊ စစ်တပ် အတွင်းမှာ တက္ကသိုလ် လူထွက် ပညာတတ် အုပ်စုနဲ့ တက္ကသိုလ် ကျောင်းထွက် မဟုတ်တဲ့ အုပ်စုဟာ အားပြိုင်ခဲ့ကြပါတယ်။ အစည်းအဝေးတွေမှာ ပညာတတ် အုပ်စုက ရွှတ်ရှက်ဒွတ်ဒက်နဲ့ အင်္ဂလိပ်စကားကို ညှပ်ညှပ်သုံးလေ့ ရှိကြပါတယ်။ တဖက်ကကြည့်ရင် (ဆောင့်ကြွားကြွား) နဲ့ ဘ၀င်တွေလို့ မြင်စရာ ရှိကြတယ်။ တဖက်ကလည်း ဒီကောင်တွေ ဘာနားလည်လို့လည်း ဆိုတဲ့ ပညာတတ်မာနနဲ့ လူတဖက်သားကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်တတ်ကြတယ်။ ဒါကြောင့် ဆိုရှယ်လစ် ပါတီမှာ စက်မှုလက်မှု ထူထောင်ဖို့ (Pro Industralization) အားသန်တဲ့ ပညာတတ် (Educated) အုပ်စုနဲ့ လယ်ယာ စိုက်ပျိုးရေး ပထမ - ဆိုတဲ့ ပညာမဲ့ (Uneducated) အုပ်စု ဆိုပြီး အက်ကွဲလာပါတယ်။ ပညာတတ် အုပ်စုကို ဦးကျော်ငြိမ်း၊ ဦးဗဆွေက ဦးဆောင်ပြီး တခြားအုပ်စုကိုတော့ သခင်တင်က ဦးဆောင်ပါတယ်။

ဒီလို အက်ကြောင်းတွေ ပေါ်နေချိန်မှာ ဦးကျော်ငြိမ်းရဲ့ တပည့် သမ၀ါယမ ၀န်ကြီး ဦးထွန်းဝင်းနဲ့ သခင်တင်ရဲ့ တပည့် ၀န်ကြီး သခင်ကျော်ထွန်းတို့ဟာ အာဏာနယ်ပယ် လုရင်း ထိပ်တိုက် တွေ့ကြပါတယ်။ ဒီလို နောက်ခံ သမိုင်းတွေ ရှိနေတဲ့ အက်ကြောင်းလေးပေါ်မှာ ဖိအားပေးခံရတော့ သံသယစိတ် ၀င်စရာ ဖြစ်လာတော့တာပေါ့။ ဦးကျော်ငြိမ်းဟာ အဖော်ကောင်းရင် ငရဲတခေါက်လောက် သွားလိုက်မယ် ဆိုတဲ့ လူစားမျိုး။ ကိုယ့်လူပေါ်မှာ သစ္စာရှိတယ်။ ကိုယ့်လူထိရင် မခံဘူးဆိုတဲ့ စိတ်ရှိတယ်။ နိုင်ငံရေးမှာ ဖြစ်စေ၊ စစ်ရေးမှာ ဖြစ်စေ၊ စိတ်မစောဘဲ ခေါင်းအေးအေးထားကာ ရှေ့တိုးနောက်ဆုတ် လုပ်တတ်ရပါမယ်။ လုပ်နိုင်ရပါမယ်။ နောက်တချက်ဆုတ်၊ ကျားတကောင်ကျွေး၊ နှစ်ကောင် သုံးကောင်စား၊ ကင်းယူတတ်ရပါမယ်။ ကျားထိုး ကစားသလိုပေါ့။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်တခုက ကိုယ့်ကျားကို မကျွေးချင်ဘူး။ မှန်တယ်ထင်ရင် လူမုန်းခံရမှာလည်း မကြောက်ဘူး။ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေ နာလောက်အောင် ပြောတတ်တယ်။ သခင်သန်းထွန်းက ဒီနေရာမှာ အတုယူလောက်တယ်။ စိတ်နိုင်တယ်၊ အကွက်ကို မပြဘူး။ အချင်းချင်းကြားမှာ သခင်သန်းထွန်းရဲ့ နာမည်က “ကြောင်လက်သဲ”၊ သခင် သန်းထွန်းထက် စိတ်နိုင်ပြီး ကြောက်စရာ ကောင်းတာက - ကမ္ဘောဒီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင် လူသတ်ကောင် ပိုလ်ပေါ့ (Pol Pot) ပါပဲ။ အမြဲ ပြုံးနေတယ်။ ဘာလုပ်မယ် ဆိုတာ မသိရဘူး။ ခမာရု(ပ်) Khmer Rogue တွေ ၁၉၇၅ ဧပြီမှာ အာဏာ ရပြီးတာတောင် သူတို့ရဲ့ ခေါင်းဆောင် ဘယ်သူဆိုတာ မသိရဘူး။ Brother Number One by David P. Chonler ရဲ့ စာအုပ်ကို ဖတ်ကြည့်ပါ။

ဆိုရှယ်လစ်ပါတီမှာ ပညာတတ်တွေက အသာရပြီး ပညာတတ် မာနနဲ့ မှားခဲ့ကြသလို ကွန်မြူနစ်ပါတီကတော့ ပြောင်းပြန်၊ ပညာတတ်တွေ အနှိမ်ခံဘ၀ ရောက်ခဲ့ကြပါတယ်။ ကွန်မြူနစ်ပါတီ ထောင်စဉ်က ရဲဘော် ဘတင် (ဂိုရှယ်) ဟာ ထက်မြက်တဲ့ နေရာမှာ သခင်သန်းထွန်းထက် သာတယ်လို့ သခင်နုက သတ်မှတ်ထားခဲ့ ဖူးပါတယ်။ (တာတေစနေသား - စာမျက်နှာ ၁၂၃) ။ ကွန်မြူနစ် ပါတီကို လက်နက်ကိုင် တော်လှန်ဖို့ တွန်းပို့လိုက်တဲ့ ရာဇ၀င်တင်မယ့် - မြန်မာနိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကျွန်ုပ်တို့ လုပ်ငန်းစဉ် On the Present Political Situation in Burma and Our task ကို ရေးခဲ့တာ ရဲဘော်ဘတင်ပါ။ (တာတေ စနေသား - စာမျက်နှာ ၁၂၅ - Martin Smith : Burma Insurgency and the Politics of Ethnicity Pg 71) ကို ကြည့်ပါ။ ရဲဘော်ဘတင်ဟာ တောက်လျောက် သခင်သန်းထွန်းကို ရင်ဘောင်တန်း ထိုးစစ်ဆင် ဆန့်ကျင်ခဲ့တဲ့နောက် ဖြုတ်-ထုတ်-သတ်မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ Bertil Lintner ရဲ့ Burma in Revolt နဲ့ The Rise and the Fall of CPB မှာ ပညာတတ်တွေ ဘယ်လို အနှိမ်ခံရတယ် ဆိုတာကို ဖော်ပြထားပါတယ်။ မျှော်လင့်တကြီးနဲ့ ကွန်မြူနစ် ပါတီကို အားကိုးပြီး တောခိုခဲ့ကြတဲ့ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ က ကွန်မြူနစ် ကျောင်းသားတွေ (ထိပ်) ပေါ်မှာ ‘၀’ အကွက် ခံရတာ စိတ်မကောင်းစရာပါ။

ပညာတတ်မာန၊ ပညာတတ်ဉာဉ်၊ ပညာတတ်၊ ပညာမဲ့တွေရဲ့ပဋိပက္ခဟာ အခုခေတ်အထိ တွေ့ကြုံ ရတတ်ပါတယ်။ ကျနော်ဟာ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်ပေမယ့် ဥက္ကဋ္ဌကြီးမော် ပြောသွားတဲ့ ပညာတတ်၊ ပညာမဲ့ ပဋိပက္ခမှာ ပညာတတ်တွေက တာဝန်ယူရမယ် ဆိုတာကိုတော့ သဘောကျပါတယ်။ ဒေါက်တာ ဇာနည်တို့ တံလျှပ်ကို ရေထင် မိတာတွေဟာ ပညာတတ် မာနတွေပါပဲ။ တကယ့် လက်တွေ့မှာလည်း အကြောင်းတိုက်ဆိုင်ရင် ပညာတတ်မာနတွေ တက်တတ်ပါတယ်။ စာရေးသူ ကျနော်လည်း အပြစ်မကင်းပါဘူး။ သတိရှိတာတောင် တခါတရံ ပညာတတ်မာန ၀င်ပြီး လူတဖက်သားကို အထင်သေးတဲ့ မျက်စိနဲ့ ကြည့်မိတာတွေ ရှိပါတယ်။ သတိထားနိုင်မှ တော်ရုံကျပါမယ်။

ကျနော့်အတွေ့အကြုံကို ကိုးကား ရှင်းပြပါရစေ။

ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ကိုလိုနီစနစ် ဆိုးကြီး ပျက်သုန်းချိန်မှာ ကွန်မြူနစ် စနစ်ဟာ ‘အဆီနဲ့ဝင်းဝင်း ဤငါးကြင်း’ ဆိုသလို လူတိုင်းနှစ်ကြိုက်ခဲ့တာ အမှန်ပါ။ ကွန်မြူနစ် စနစ်ကို တကယ် ကျင့်သုံးကြည့်မှ အထက်လန် အောက်လျှော ၀မ်းနာကုန်ပြီး ဒီကနေ့ Globalization နဲ့ ဒီမိုကရေစီ ခေတ်မှာ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဆိုတဲ့ - ကွန်မြူနစ် အတွေးအခေါ်ဆိုတာ - စစ်အာဏာရှင် စနစ်အပါအ၀င် တခြား စစ်အာဏာရှင် စနစ်တွေနဲ့အတူ ကျဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကိုထွန်းအောင်ကျော် စီစဉ်တဲ့ ဆွေးနွေးပွဲကို ဗန်းပြပြီး အမေရိကားမှာ ခုံဆင်းခဲ့တဲ့၊ အင်တာနက်မှာ ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်နဲ့ ဟိုလူ့ဆော် ဒီလူ့ဆော် လုပ်တတ်တဲ့ ရောင်စုံ နိုင်ငံရေးလို့ ပြောရမယ့် လူရွယ်တဦးက ဦးကျော်ငြိမ်းကို အားအားနေ တိုက်ခိုက်တာ မြင်ရတော့ ကျနော် ပြန်သုံးသပ် ကြည့်မိပါတယ်။ ဒီလူရွယ်ဟာ အင်္ဂလိပ်လို (Wannabe) - ဗမာလိုတော့ (ဖြစ်ချင်သူလို့ အဓိပ္ပာယ် ထွက်ပါတယ်။ (၁) Intellect လို့ ခေါ်တဲ့ ပညာတတ် ဖြစ်ကြောင်း သိပ်ပြချင်တယ်။ (၂) ဗကသ သိပ်ဖြစ်ချင်တယ်။ (၃) ကွန်မြူနစ် သိပ်ဖြစ်ချင်တယ်။

မစင်တုံးကို သကြားတုံးလို ထင်မှတ်ကာ တ၀ဲလည်လည် တမ်းတနေတဲ့ ဒီသူငယ်ဟာ တမိုက်တထွာ ဉာဏ်နဲ့ ခွေးဆိုးမှန်း လူသိအောင် အူပြရပါမယ်။ ကွန်မြူနစ်တွေ ကြိုက်မယ် အထင်နဲ့ လစ်ရင် လစ်သလို ဦးကျော်ငြိမ်းကို တိုက်ခိုက်တာကို သတိထား မိလာပါတယ်။ တကောင်ထဲ မဟုတ်ပါ၊ ဘာမဆိုင် ညာမဆိုင် ဆဲဗင်းဂျူလိုင် အကြောင်းရေးလည်း ဦးကျော်ငြိမ်းကို ချလိုက်ရမှ - ဒီကြားထဲ ၀ိုင်းမြှောက်ပေးလို့ အိုကြီးအိုမနဲ့ အူရသူလည်း ရှိပြန်ပါတယ်။ သတ္တိကလည်း မရှိ၊ နိုင်ငံရေး အင်အားကလည်း နတ္ထိဆိုတော့ ဗိုလ်ချုပ် ကျော်ဇော အရိပ်ကို ကွယ်ပြီး - နာမည်သုံးကာ - (အူ) ပြရရှာတယ်။

ကွန်မြူနစ်စနစ်ကို တကယ် လေ့လာပြီး တကယ်ရုံခဲ့ရင် ကျနော် လေးစားပါတယ်။ ကွန်မြူနစ် စနစ်ကို အသားလွတ် တိုက်ခိုက်လိုစိတ် မရှိပါ။

ဒီလို ကွန်မြူနစ်ဖြစ်လိုတဲ့ (Communist Wannabe) သူတွေဟာ အနှစ် ၄၀ လူထုကို ခွအုပ်နေတဲ့ စစ်ဗိုလ်တွေကိုတော့ မဟောင်ရဲ၊ တိုင်းပြည် လွတ်လပ်ရေး ရအောင် တိုက်ခဲ့တဲ့ လူကြီးတွေကို ရန်ရှာ ၀ိုင်းဟောင်နေတာ တွေ့ရတော့ ‘အို - မိုက်မဲလှပါလား’ လို့ ပညာတတ် မာနနဲ့ ကြည့်ပြီး အထင်သေးမိ ပြန်ပါတယ်။ နောက်မှ သဘာဝပဲ မဟုတ်လားဆိုတဲ့ သတိပြန်သွင်း ရပါတယ်။ ပညာတတ် မာနဟာ တခါတခါ ထောင်ထွက် တတ်ပါတယ်။ အသိနဲ့ သတိရှိရပါတယ်။ မော်စီတုံး ပြောသလို ပညာတတ်က သီးခံပြီး တာဝန်ယူ ဦးဆောင်မှု ပေးရမှာပါပဲ။ အစွန်းမရောက်ဖို့ သတိရှိရပါမယ်။ ကိုယ်တွေ့ အဖြစ်ကလေး တခုပါ။

ပညာတတ်၊ ပညာမဲ့ အက်ကြောင်းဟာ ဦးနု၊ ဦးကျော်ငြိမ်း အကွဲကို ဖန်တီးဖို့ ရိုက်ခတ်လာပါတယ်။ ဦးနု ၀န်ကြီးချုပ်က ထွက်ပြီး ပါတီ ဥက္ကဋ္ဌ အဖြစ် ဖဆပလကို ပြန်လည် ကြီးကြပ်နေချိန် ဦးနုဟာ ၁၉၅၆ ခုနှစ် ဒီဇင်ဘာ လကုန်လောက်မှာ သာသနာ ၂၅၀၀ ပြည့်နှစ် အထိမ်းအမှတ် ပွဲကို တက်ဖို့ သီဟို (ယခုအခေါ် သီရိလင်္ကာ) ကို ရောက်နေပါတယ်။ ဦးဗဆွေကြီးအိမ်မှာ ဆိုရှယ်လစ် ခေါင်းဆောင်တွေ တွေ့နေကျအတိုင်း တွေ့ကြရာမှာ တရုတ်ပြည်မှာ သံအမတ် လုပ်နေတဲ့ ဦးလှမောင် (ယခင် သမဂ္ဂနှင့် ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ခေါင်းဆောင်) က မော်စီတုံးဟာ ဥက္ကဋ္ဌ ပဲ လုပ်ပြီး အစိုးရကို ကြိုးကိုင်တယ်။ ဦးနုဟာ ဖဆပလ ဥက္ကဋ္ဌ လုပ်ပြီး ၀န်ကြီးအဖွဲ့ကို ကြိုးကိုင်ဖို့ အကြံပြု တင်ပြတယ်။ (တာတေ စနေသား - စာမျက်နှာ ၂၉၉) ဒီသတင်းကို ဆေးရုံတက်နေတဲ့ သခင်တင်ကို ဗိုလ်ချုပ် နေ၀င်းနဲ့ ဦးဗဆွေက လာတိုင်ပင်တယ်။ ဦးနု ပြန်အရောက်မှာ ကျန်တဲ့ ခေါင်းဆောင်တွေက မင်္ဂလာဒုံ လေဆိပ်မှာ စောင့်နေကြတုန်း သခင်ကျော်ထွန်းဟာ သူများထက်ဦးအောင် လေယာဉ်ပေါ်တက်ပြီး သခင်တင်က သတိပေးခိုင်း လိုက်လို့ပါ ဆိုပြီး သံတော်ဦး သွားတင်တော့ - ဦးနုဟာ စိတ်ထိခိုက်ပြီး ချက်ခြင်း လေယာဉ်ပေါ်က ဆင်းသွားပြီး နောက်နေ့ အစည်းအဝေးမှာ အစိုးရအဖွဲ့ထဲ ပြန်ဝင်မယ်လို့ ဖြစ်ခဲ့ရတယ်။ ဖဆပလ ကွဲတော့ ဦးနုဟာ ဒီအတွက်ကြောင့် သခင်တင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေါင်းခဲ့ရတာပဲ၊ ဒီအဖြစ်အပျက်ဟာ ဆိုရှယ်လစ် ခေါင်းဆောင်တချို့ပညာတတ်စိတ်နဲ့ သတိလက်လွတ် ဖြစ်သွားကြတာလို့ သုံးသပ်နိုင်ပါတယ်။ ပညာတတ်၊ ပညာမဲ့တို့ရဲ့ အက်ကြောင်းက ကြီးထွားလာပြီး၊ ပုဂ္ဂိုလ်ရေး ကွဲကြောင်းအပေါ် ထပ်မိပြီး အကွဲဇာတ်နဲ့ အဆုံးသတ်ခဲ့ကြရတာပါ။

ဒီမှာဖြတ်ပြီး တရုတ်ပြည် အုပ်ချုပ်ရေးနဲ့ မော်စီတုံးအကြောင်း အကျဉ်း တင်ပြလိုပါတယ်။ တရုတ်ပြည်မှာ ပါတီက အဓိက၊ ပါတီပြီးမှ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ စစ်ကော်မရှင် ရှိပါတယ်။ မော်ဟာ ဥက္ကဋ္ဌ ရာထူးကနေ အားလုံးကို ချုပ်ကိုင်ထားတယ်။ အုပ်ချုပ်ရေးကို ချောင်အင်လိုင်းနဲ့ လွှဲထားပြီး အာဏာရဲ့ အဓိက သော့ချက်တွေကိုပဲ ပိတ်ပြီး ကိုင်ထားတယ်။ ဒါတောင် လူရှောက်ချီတို့က ၀င်ဆွဲသွားတော့ လူငယ်လေးတွေနဲ့ ပါတီရဲ့ အာဏာ သော့ချက်တွေကို ရိုက်ချိုးပြီး အာဏာ ပြန်လုခဲ့ရတယ်။ ယဉ်ကျေးမှု တော်လှန်ရေး ဆိုတာဟာ တကယ်တော့ အာဏာ လုပွဲကြီးပါပဲ။ ချောင်အင်လိုင်း မမာတော့ လူတော် တိန်ရှောက်ဖိန်ကို အစိုးရကို အုပ်ချုပ်ခိုင်းဖို့ ကွန်မြူနစ် ပါတီက မထုတ်ဘဲ ဒေါင့်တဒေါင့်မှာ ခေတ္တ ၀ှက်ထားခဲ့တာပါ။ အာဏာမဲ့သွားမှ တိန်ရှောက်ဖိန်ရဲ့ အတွေ့အကြုံဟာ ပိုမို ရင့်ကျက်လာပြီး အတွေးအခေါ် လမ်းမှန်ခဲ့တာပါ။ ဒါကြောင့် ဒီကနေ့ တရုတ်ပြည်ကြီး တိုးတတ်ခဲ့တာပါ။ အာဏာမက်တဲ့ အာဏာရှင်ဟာ အုပ်ချုပ်မှုကို အချိန်မပေးနိုင်၊ အာဏာရှင်တွေဟာ အချိန်ပြည့် အာဏာ အတွင်းစီးမှာ ရှိနေတဲ့ လူတွေရဲ့ အကွက်ကို စောင့်ကြည့် နေကြရပါတယ်။ ယခု ဗိုလ်ချုပ် သန်းရွှေရဲ့လုပ်ကွက်တွေကို ကြည့်ပါ။

ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ်က ခေါင်းဆောင်တွေဟာ လွတ်လပ်ရေး အတွက် အရင် တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရမှ ကိုယ့်တိုင်းပြည် ကိုယ်ထူထောင်ဖို့ လုပ်ခဲ့ကြပါတယ်။ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ရာဇ၀င်မှာ လွတ်လပ်ရေး ရပြီးခေတ် ပထမ ၁၀ နှစ်မှာ ဗမာနိုင်ငံဟာ ကမ္ဘာမှာ ရင်ဘောင်တန်း နိုင်ခဲ့ကြပါတယ်။ ဗမာတွေ ကမ္ဘာမှာ မျက်နှာ ရှိခဲ့ကြတယ်။ ကမ္ဘာမှာ ဆန်အထွက်ဆုံး နိုင်ငံ၊ အရှေ့တောင် အာရှမှာ အတိုးတက်ဆုံး နိုင်ငံ၊ ဘက်မလိုက် အဖွဲ့ကို စတင် ထူထောင်တဲ့ သူတွေကြားမှာ ဦးဆောင်သူတဦး၊ နေရူးနဲ့ ချောင်အင်လိုင်း နှစ်ဖက်စလုံးက ယုံကြည်သူဟာ ဗမာနိုင်ငံရဲ့ ၀န်ကြီးချုပ် ဦးနု စသည်ဖြင့် ဗမာနိုင်ငံကို ကမ္ဘာက သိခဲ့ကြပါတယ်။ ကုလသမဂ္ဂမှာ ဦးသန့် ဟာ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်တာလည်း ဂုဏ်ယူရမှာပါ။

ကျနော်တို့ ခေတ်မှာ ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီကို ပြန်တိုက်ယူရပါမယ်။ ပြီးမှ တိုင်းပြည် ထူထောင်ရေး အတွက်ကို ဦးစားပေး ဆောင်ရွက်ရပါမယ်။ ဒီလို ထူထောင်နိုင်ဖို့ နိုင်ငံရေး အာဏာ မရှိဘဲ ထူထောင်လို့ မရနိုင်ပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ အာဏာဟာ ဒွန်တွဲနေပါတယ်။ သတိမရှိခဲ့ရင် အာဏာဟာ ရန်သူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လစ်ဘရယ် ဒီမိုကရေစီမှာ အာဏာရှင် မဖြစ်ရလေအောင် လူထုက ရွေးချယ်ရတဲ့ အစိုးရ (Represetnative Government) နဲ့ တရားဥပဒေ စိုးမိုးရေး Rule of Law ကို အရေးပေးထားပါတယ်။

အာဏာရှိမှ တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နိုင်မယ်။ ဒါကြောင့် အာဏာကို အရယူရမယ်။ ဒါပေမဲ့ သွေးထွက်သံယို အနည်းဆုံးနဲ့ ရယူနိုင်အောင် ကြိုးစားရမယ်၊ အာဏာရရင် တိုင်းပြည်ကို ဘယ်လို ထူထောင်မယ် ဆိုတာတွေကို အဖက်ဖက်က တွေးထားနိုင်ခဲ့တာတော့ ကျနော်တို့ အားလုံးရဲ့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ပါပဲ။ ထူးခြားတာက ဗိုလ်ချုပ်ဟာ အာဏာအကြောင်း ကောင်းကောင်း သိပေမယ့် မမက်ခဲ့ပါ။ ဒါပေမဲ့ အာဏာ အကြောင်းကို ကောင်းကောင်းသိလို့ အာဏာကို ဘယ်လိုသုံးပြီး တိုင်းပြည် ထူထောင်ရမလဲ ဆိုတာကို ကောင်းကောင်း နားလည်တဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ အာဏာကို စမ်းလာရင်တော့ လက်မနှေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာလေ ကျနော် သဘောကျလေ၊ လေးစားလာလေ၊ ချစ်လေပါပဲ။

အာဏာဆိုတာ - မရခင်၊ အာဏာရအောင် တိုက်ပွဲဝင်ကြဆဲ ကာလမှာပင် (အာဏာရူးခဲ့ရင်) အခက်တွေ့ကာ (အာဏာ) လက်လွတ်တတ်ပါတယ်။

လွတ်လပ်ရေး တိုက်ပွဲခေတ် ဖဆပလနဲ့ ကွန်မြူနစ်တွေရဲ့ အားပြိုင်မှုတွေကို ကြည့်ရအောင်။

အာဏာအကြောင်းကို ကောင်းကောင်း သိသလိုနဲ့ မသိခဲ့တာကြောင့် ပထမဦးဆုံး အာဏာ ရူးခဲ့တာကတော့ ကွန်မြူနစ် သခင်စိုးပါပဲ။

အဲဒီအချိန်က ကွန်မြူနစ် စနစ်ဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ပြိုင်ဘက်မရှိတဲ့ တန်ခိုးရှင်၊ ဉာဏ်ကြီးရှင် ကတော့ သခင်စိုးပါပဲ။ ကွန်မြူနစ်ကျမ်းကို အရည်ကြိုသောက်ပြီး ကျောက်ရုပ်ကို ခေါင်းငြိမ့်အောင် ပြောနိုင်သူဟာလည်း သခင်စိုးပါပဲ။ ဗိုလ်ကျော်ဇောလို နုနယ် ရိုးသားတဲ့ မျိုးချစ်တွေကို ဦးနှောက်ပန်းဦး စားသွားတာလည်း သခင်စိုးပါပဲ။ ငယ်ရွယ်ပေမယ့် အင်မတန် ဉာဏ်သွားတဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ သခင်စိုးကို မနာလိုမဖြစ်၊ သခင်စိုးရဲ့ (အား) ကို သုံးပြီး ညီညွတ်မှု တည်ဆောက်ဖို့၊ သခင်စိုးကို နိုင်ငံရေးအရ ဆွဲစားခဲ့ပါတယ်။ တကိုယ်တော် တော်လှန်ရေး လုပ်နေတဲ့ ကွန်မြူနစ် ခေါင်းဆောင်ကြီးဟာ ဗိုလ်ချုပ်ပါမှ (ဆန်း) တက်ခဲ့တယ်၊ အလုပ်ပေါ်ခဲ့တယ်ဆိုတာ သခင်စိုးရဲ့ တပည့်ရင်း သခင်တင်မြက မဇ္ဈိမနဲ့ မေးမြန်းခန်းမှာ ၀န်ခံခဲ့ပါတယ်။

အာဏာရှင်တို့ရဲ့ အရသာကို ထိတွေ့ခွင့်ရခဲ့တဲ့ သခင်စိုးဟာ ငါတကော ကောလာတဲ့ အခါမှာ သခင်သန်းထွန်းနဲ့ ထိပ်တိုက်တွေ့ကြပြီး သခင်စိုးက တဖက်၊ သခင်သန်းထွန်းနဲ့ သခင်သိန်းဖေ (မြင့်)က တဖက် ကွဲထွက်သွားရာ သိန်းသန်း ကွန်မြူနစ် ဖြစ်လာကြပါတယ်။ ဗိုလ်ချုပ် ဦးစီးနေတဲ့ ဖဆပလ က ဘုရင်ခံရဲ့ ၀န်ကြီးအဖွဲ့မှာ ၀င်ဖို့လုပ်တော့ ဖဆပလ အဖွဲ့ထဲမှာ နေရာရနေတဲ့ ကွန်မြူနစ်တွေက ၀န်ကြီး ၂ နေရာ တောင်းတယ်။ ဗိုလ်ချုပ်က တနေရာထဲ ပေးတော့ သခင်သိန်းဖေ (မြင့်) ဟာ ပထမဦးဆုံးသော (အင်္ဂလိပ် အင်ပါယာ အတွင်းမှာ) ကွန်မြူနစ် ၀န်ကြီး ဖြစ်လာတယ်။ ၂၁ ရက်ပဲ ၀န်ကြီး ဖြစ်ရပြီး ကွန်မြူနစ်တွေရဲ့ ညွှန်ကြားချက်အရ ၀န်ကြီးအဖြစ်က နှုတ်ထွက် ရပြန်တယ်။ ပြီးတော့ သိန်းသန်း ကွန်မြူနစ်တွေ ကွဲကြပြန်ပြီး ဦးသိန်းဖေကို ဦးနှောက်ဆေးဖို့ ပါတီက နားခွင့်ပေးထားပါတယ်။

ဒုတိယ အာဏာရူးတာကတော့ ကွန်မြူနစ် သခင်သန်းထွန်းပါပဲ။

စစ်ပြီးခေတ် ကိုလိုနီစနစ်ကြီး ပြိုကွဲ ပျက်စီးစမှာ အဖိနှိပ်ခံ လူတွေဟာ ခံစားချက်ကြောင့် တနည်းမဟုတ် တနည်း လက်ဝဲ အယူအဆကို လက်ခံကြတာကြောင့် ကွန်မြူနစ် စနစ်ဟာ ဗမာပြည်မှာ သာမက ကမ္ဘာမှာ ရေပန်းစားခဲ့ပါတယ်။ ဒါကြောင့် ဖဆပလ ထဲမှာ မနီရင်တောင် ပန်းရောင် မရင့်တရင့်တွေ ချည်းပါပဲ။ ဒီအခြေအနေမှာ ကွန်မြူနစ်တွေ အသာရနေတယ် ဆိုတာကိုလည်း လက်တွေ့မှာ မငြင်းနိုင်ပါ။ ဒီအားသာချက်ကို အခွင့်ကောင်းယူပြီး ကွန်မြူနစ်တွေဟာ ဘ၀င်မြင့်လာတယ်။ ဖဆပလထဲမှာ အင်အား အကြီးဆုံး ပါတီ ဖြစ်လာတော့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဦးဆောင်မှု အောက်မှာ မနေလိုဘူး၊ အမျိုးသားရေး၊ လွတ်လပ်ရေးထက် လူတန်းစား အရေး ကွန်မြူနစ်တွေ အာဏာရရေးကို ရှေ့တန်း တင်လာခဲ့တယ်။ ပုဂ္ဂိုလ်ရေး အရလည်း ဗိုလ်ချုပ်က ဆူပူကြိမ်းမောင်းရင် သခင်သန်းထွန်းက ငူငူကြီး ထိုင်နေတတ်တယ်။ (တာတေစနေသား)

ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်ရေး၊ အမျိုးသားရေးကိုပဲ အာရုံ စိုက်တယ်။ ညီညွတ်မှု ရမှ အားရှိမယ်။ အားရှိမှ အင်္ဂလိပ်က လေးစားမယ်။ ဂရုပြုမယ်။ လူထုအားကို ယူပြီးမှ လူထုအားနဲ့ခြောက်၊ အာဏာကို အရယူပြီး လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ခဲ့တာပါ။ ဒါကြောင့် ကွန်မြူနစ်တွေကို အရ တွဲခေါ်ရအောင် ဖဆပလ ဆိုတဲ့ တပ်ပေါင်းစုကြီး ဖွဲ့ခဲ့တာပါ။ အာဏာ မမက်တဲ့ ဗိုလ်ချုပ်ဟာ ကွန်မြူနစ်တွေနဲ့ ခေါင်းဆောင်မှုကို ပူးတွဲ ခေါင်းဆောင်ဖို့လည်း မကြောက်ဘူး။ အင်္ဂလိပ်နဲ့တွဲပြီး အစိုးရဖွဲ့ဖို့လည်း လက်မတွန့်ခဲ့ဘူး။ ယုံကြည်မှု အပြည့်ရှိတဲ့ ဗိုလ်ချုပ်ပါ။

ကွန်မြူနစ်တွေကတော့ ကွန်မြူနစ် အာဏာရရှိရေး အဓိက ဖြစ်လာတော့ အာဏာရူး သမားတွေ ဖြစ်လာတာပေါ့။ ဗိုလ်ချုပ်ကို ဉာဏ်မမီတော့ ဗိုလ်ချုပ်ရဲ့ လုပ်ကွက်တွေကို မမြင်နိုင်တော့ပါ။ မြွေအဆိပ် တက်သလို ကွန်မြူနစ်တွေ အာဏာအဆိပ် တက်ကုန်တာပေါ့။ ၂၆-၁၀-၄၆ ရက်ထုတ် ပြည်သူ့အာဏာ ဂျာနယ်မှာ (နယ်ချဲ့ အလိုကျ လုပ်ပေးသော ဗိုလ်ချုပ်အောင်ဆန်း)၊ ၂၁-၁၁-၄၆ ရက်နေ့ထုတ် ပြည်သူ့အာဏာ ဂျာနယ်တွင် (ဂယောင်ခြောက်ခြား ဖြစ်နေသော ဖဆပလ) စသဖြင့် ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုက်ခိုက် လာကြပါတယ်။

ကွန်မြူနစ်တွေသာ အာဏာမရူးဘဲ ဖဆပလထဲမှာ ဗိုလ်ချုပ်ကို ၀ိုင်းကူပေးရင် အာဏာ မသိမ်းရဘဲ ကွန်မြူနစ်တွေ အာဏာရစရာ ရှိပါတယ်။ ဖဆပလရဲ့ အတွင်းရေးမှူးချုပ်က သခင်သန်းထွန်း၊ သခင်ချစ်၊ ကိုဗဟိန်း၊ သခင်သိန်းဖေတို့ ခေါင်းဆောင်ပိုင်းမှာ နေရာယူပြီးသား။ တပြည်လုံးက နီနေတဲ့အချိန် စိတ်ရှည်ရှည်နဲ့ စေတနာမှန်ခဲ့ရင်၊ ဗျူဟာ (Strategy) မှန်ခဲ့ရင် ကွန်မြူနစ်တွေ ယနေ့အချိန်အထိ အားကောင်းနေမှာပါ။ စစ်တပ်ထဲမှာလည်း ကွန်မြူနစ် စစ်ဗိုလ်တွေ ရှိနေတာမို့ အကြံကြီးတဲ့ ဗိုလ်နေ၀င်းကို ထိန်းနိုင်စရာ ရှိပါတယ်။ သူတော်ကောင်း ဗိုလ်ချုပ် အောင်ဆန်းကို တိုက်ခိုက်ပြီး ဘ၀င်မြင့်၊ အာဏာရူးခဲ့ကြလို့ ဗမာပြည် ကွန်မြူနစ်တွေ ကျဆုံးခဲ့ရတာပါ။

အာဏာဆိုတာ မရလိုက်ဘဲနဲ့တောင် ဒုက္ခပေးနိုင်ပါတယ်။

အာဏာကို နောင်လူငယ်တွေ သတိချပ်မိနိုင်ကြပါစေ။

ဦးနု၊ ဦးကျော်ငြိမ်း ကွဲခဲ့ကြတာမက ကွန်မြူနစ်တွေ ကွဲခဲ့တာကို သင်ခန်းစာယူပြီး ညီညွတ်ရေး တည်ဆောက် နိုင်ကြပါစေ။ ၁၉၃၆ ခုနှစ် ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့ကြတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်၊ ကိုသိန်းဖေတို့ဟာ ယုံကြည်တဲ့ ၀ါဒ ကွဲခဲ့ကြတာတောင် ဥမကွဲ သိုက်မပျက် အတိုင်းအတာ တခုအထိ သွေးစည်းခဲ့ကြတယ်။ ရာဇ၀င်မှာ ပယ်ဖျက်လို့ မရတဲ့ ၈၈ အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန် တို့ကိုလည်း တနေ့ကျရင် တိုင်းပြည်က အားကိုးရဦးမှာပါ။ ဥမကွဲ၊ သိုက်မပျက် သွေးစည်းနိုင်ကြပါစေ။ ဒေါ်စုတို့ အရွယ်တန်းနောက်မှာ အလှည့်ကျလာမှာက ၈၈ အရွယ်တန်းတွေပါ။ နိုင်ငံရေး အင်အားကို ညီညွတ်မှုနဲ့ပဲ တည်ဆောက်နိုင်ပါတယ်။ ၈၈ အင်အားစုက ဒေါ်စုကို ကျားကန်နေတာကို အားရမိတယ်။ ဖဆပလ ခေါင်းဆောင်တွေရဲ့ မှန်ခဲ့တာ၊ မှားခဲ့တာတွေကို သင်ခန်းစာယူပြီး နောင်ခေါင်းဆောင် ဖြစ်လာမယ့် ယနေ့လူငယ်တွေ တိုင်းပြည်အတွက် တာဝန်တွေကို ထမ်းဆောင် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အာဇာနည်နေ့ ရောက်တိုင်း တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုတဲ့ အာဇာနည်ကြီးတွေကို ကျေးဇူးတင်မဆုံး ရှိမိပါတယ်။ ကျေးဇူး မသိတတ်တဲ့ လူမိုက်တွေကို ကြည့်ပြီး တိုင်းပြည်နဲ့ လူမျိုး ကောင်းစားရေး အတွက်၊ အားလုံးအတွက် ဒီအာဇာနည်ကြီးတွေ အသက်ပေးခဲ့တာလို့ အော်လိုက်ချင်တယ်။ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌကြီး သခင်မြကိုလည်း အလေးပြု ဂါရ၀ ပြုလိုပါတယ်။

ဦးကျော်ငြိမ်းနဲ့ ဦးနုဟာ လူသားမို့ မှားခဲ့တာတွေရှိသလို မှန်ခဲ့တာတွေလည်း အများအပြား ရှိပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ နောက်မှာ ရဲရဲကြီး ရပ်ပြီး ရဲရဲကြီး တိုက်ပွဲ ၀င်ခဲ့ကြတာကတော့ ငြင်းမရတဲ့ ရာဇ၀င် ဖြစ်ရပ်ပါ။ ယုံကြည်ချက်ခြင်း ကွဲကြပေမယ့် တိုင်းပြည် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေ ဖြစ်တဲ့ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ချစ်၊ ကိုဗဟိန်းကြီးတို့နဲ့ အတူ အသက်ပေးခဲ့တဲ့ မျိုးချစ်တွေကို အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ရဲဘော် သုံးကျိပ်ဝင်တွေနဲ့ တော်လှန်ရေး စစ်ဗိုလ်၊ စစ်သားတွေကိုလည်း ကျေးဇူးတင်ရမှာပါ။ အထူးသဖြင့် ဗိုလ်ချုပ် နောက်မှာ အမြဲရပ်နေခဲ့တဲ့ ဗိုလ်လက်ျာကို အသိအမှတ် ပြုလိုပါတယ်။ ၀ါဒခြင်း မတူကြပေမယ့် ဦးကျော်ငြိမ်းဟာ ဗိုလ်ချုပ်လက်ျာကို အင်မတန် ချစ်ပါတယ်။

ဒီလူကြီးတွေ ညီခဲ့ကြပြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ခေါင်းဆောင်မှုကို ယုံကြည် လက်ခံခဲ့လို့ ကျနော်တို့ နိုင်ငံ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီတချီလည်း ညီညွတ်မှုရမှ ‘အား’ ရှိမယ် ဆိုတာကို စိတ်သွင်းပြီး ဗိုလ်ချုပ်သမီးကို အားပေး ထောက်ခံကြပါစို့။

ကျနော်လေးစား ချစ်ခင်ရတဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ လူကြီးတွေကို အလေးပြုလျှက် အာဇာနည်များကို မမေ့နိုင်သော

ဝန်ကြီးချုပ် ဦးနုကို အစဉ်လေးစားလျက်

ဘိုဘိုကျော်ငြိမ်း
ဇူလိုင်လ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။

ကိုးကားသောစာအုပ်များ
တာတေစနေသား - ဦးနု
ကျော်ငြိမ်း - ဦးသိန်းဖေမြင့်
ပြည်တော်သာ ခရီး - ဦးသန့်
ဦးကျော်ငြိမ်း၏ - ကိုယ်တွေ့မှတ်တမ်း
ငါးနှစ်ရာသီ ဗမာပြည် - ဦးနု

U Nu of Burma by Richard Butwell
Burma Insurgency and the Politics of Ethnicity - Martin Smith
Brother Number One - David P. Chonler
Burma in Revolt - Bertil Lintner
The Rise and the Fall of CPB - Bertil Lintner
Deng Xiaoping and the Cultural Revolution-Deng Maomao
Deng Xiaoping: My Father -Deng Maomao

ဆက်လက်ဖက်ရှုပါရန်......

ဦးကျော်ငြိမ်း နှင့် ဗိုလ်ချုပ်နေ၀င်း

ဆောင်းပါး

ဦးကျော်ငြိမ်း နှင့် ဗိုလ်ချုပ်နေ၀င်း
ဘိုဘိုကျော်ငြိမ်း

လူတွေအသိများတာက ဗမာ့ တပ်မတော်ဆိုရင် ရဲဘော် သုံးကျိပ်ကိုပဲ အစပြု ခဲ့ကြပါတယ်။ ရဲဘော်သုံးကျိပ်ကို စေလွှတ်တဲ့ မြောက်အောက် (UG) အဖွဲ့ကို ကောင်းကောင်း မသိကြဘူး။ မြေအောက် (UG) အဖွဲ့ကို ယူနစ် (Unit) (ယခုခေတ် အခေါ် ဆဲလ် cell) ပုံစံနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ အထက် ဗမာပြည်နဲ့ အောက် ဗမာပြည် အနှံ့ ယူနစ် အဖွဲ့တွေနဲ့ တိကျတဲ့ ခေါင်းဆောင်ပိုင်းကို ထူထောင် နိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို တက္ကသိုလ်က လူငယ်သမဂ္ဂ ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွသူတွေ၊ ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ရန်ကုန် ဌာနချုပ်မှာ သမဂ္ဂ ခေါင်းဆောင် ကိုကျော်ငြိမ်းနဲ့ ဆရာချစ် (သခင်ချစ်) တို့က ဦးဆောင် နေပါတယ်။ ရဲဘော်သုံးကျိပ် ဗမာပြည်ထဲ ပြန်မ၀င်ခင် ပြည်တွင်း လှုပ်ရှားမှုတွေ ကြိုတင် ပြင်ဆင်နိုင်ဖို့ ဗိုလ်နေ၀င်းနဲ့ ၅ ဦးအဖွဲ့ဟာ ဗမာပြည်ထဲကို တိတ်တဆိတ် ၀င်ရောက် ခဲ့ကြပါတယ်။

တခြားသူများကို ပျဉ်းမနား၊ ပဲခူးနဲ့ ပြည်ကို စေလွှတ်ပြီး ဗိုလ်နေ၀င်းဟာ ယူဂျီ ခေါင်းဆောင်တွေ ရှိရာ ရန်ကုန်ကို လျှို့ ၀ှက်စွာ ရောက်ရှိ လာပါတယ်။ ယူဂျီအဖွဲ့ကို ပြည်သူ့ အရေးတော်ပုံ ပါတီ People Revolution Party – PRP (PRP) လို့ နားလည် ကြပါတယ်။ ဗိုလ်နေ၀င်းက ယူဂျီ (UG) ခေါင်းဆောင် ကိုကျော်ငြိမ်းဆီ ရောက်လာတာကြောင့် ကိုကျော်ငြိမ်းက ဗိုလ်နေ၀င်းကို စက်ဘီးပေါ် တင်ပြီး မနိုင့်တနိုင်နဲ့ နင်းရင်း ယူဂျီ ဌာနချုပ်ဆီ ခေါ်ကာ ယူဂျီ ခေါင်းဆောင်တွေနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။ ဆေးကျောင်းသား ကိုမောင်မောင်ကတော့ ခိုးယူလာတဲ့ စစ်သင်တန်း စာသင်စာစောင် Training Manual ကို ဖတ်ပြီး လက်နက်ငယ်နဲ့ ပြောက်ကျား စစ်နည်းနာတွေကို သင်ကြား ပေးနေပါတယ်။ ကိုအောင်ကြီးက အင်္ဂလိပ် စစ်တပ်ရဲ့ စစ်ဌာနချူပ်မှာ စာရေး အဖြစ် ဆောင်ရွက် နေရာကနေ ယူဂျီ ခေါင်းဆောင်တွေ အတွက် စစ်သတင်းတွေကို လျှို့ဝှက် ထောက်လှမ်းနေသူ ဖြစ်ပါတယ်။ ဂျပန်ပြန် ဗိုလ်နေ၀င်းဟာ BIA တပ်တွေ စစ်ချီလာတဲ့ အထိ ယူဂျီ အဖွဲ့ဝင်တွေကို လက်နက်ငယ် သင်တန်းပေးရင်း လျှို့ဝှက် လှုပ်ရှား ခဲ့ပါတယ်။

BIA တပ်မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ စစ်သေနာပတိချုပ် အဖြစ် ဆောင်ရွက်ပြီး တပ်မ (Division) နှစ်ခု ဖွဲ့စည်းခဲ့ရာ ဗိုလ်ဇေယျက ကာဂါကော (Kaga Corps) ကို ဦးစီးပြီး၊ ဗိုလ်နေ၀င်းက တာဂါစုဂီ ကော (Takasugi Corps) ကို ဦးစီး ခဲ့ပါတယ်။ BDA ဟာ ၇ လသာ ခံပြီး လူ ၂၃၀၀၀ အင်အားကနေ BDA ကို ဖွဲ့စည်းတဲ့အခါ လူ ၃၀၀၀ အထိပဲ ကျန်အောင် လျှော့ချ ခဲ့ရပါတယ်။ ပျဉ်းမနားမှာ အခြေပြုတဲ့ BDA ကို ပြန်လည် ဖွဲ့စည်းတဲ့ အခါ ရဲဘော်သုံးကျိပ် ၀င်တွေမှာ သေသူ သေနဲ့ သုံးကျိပ် မဟုတ်တော့ပါ။ BDA ကို ဖွဲ့စည်းစဉ်က တပ်ရင်း ၃ ရင်းနဲ့ စဖွဲ့ခဲ့ပါတယ်။ ပျဉ်းမနားမှာ သင်တန်း ပေးပြီးတဲ့အခါ ရွှေတောင် တိုက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ ဗိုလ်ရန်နိုင်က တပ်ရင်း (၂) ကို ဦးစီးပြီး ရန်ကုန်မှာ တပ်စွဲ ပါတယ်။ ဗိုလ်နေ၀င်းက တပ်ရင်း (၁) ကို ဦးစီးပြီး ရခိုင်မှာ တပ်စွဲ ခဲ့ပါတယ်။ တပ်ရင်း (၃) ကို ပျဉ်းမနားမှာ တပ်စွဲ ခဲ့ပါတယ်။ အပတ်စဉ် ဗိုလ်သင်တန်းကျောင်း (Shikan Gakko) ကို မင်္ဂလာဒုံမှာ ဖွင့်ခဲ့ပါတယ်။ မင်္ဂလာဒုံ ကျောင်းကနေ အရွေးခံရသူ ဗိုလ်(၃၀) ကို ဂျပန် အင်ပါယာ စစ်သင်တန်းကျောင်း (တိုကျို) ဆီ ပို့ခဲ့ပါတယ်။

ဗမာနိုင်ငံအတွက် ဂျပန်က လွတ်လပ်ရေး ကြေညာတဲ့အခါ ဒေါက်တာဘမော်က အဓိပတိ (၀န်ကြီးချုပ်) ဖြစ်ပြီး၊ သခင်မြက ဒုဝန်ကြီးချုပ်၊ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဝန်ကြီး၊ သခင် သန်းထွန်းက စိုက်ပျိုးရေး ၀န်ကြီး၊ ဦးကျော်ငြိမ်းက ကက်ဘိနက် အတွင်းဝန် (နိုင်ငံရေး) (Cabinet Secretary - Political) ဖြစ်လာပါတယ်။ စစ်တပ်မှာ ဗိုလ်မှူးကြီး စင်္ကြာက ဒုစစ်ဝန်ကြီး၊ ဗိုလ်မှူးကြီး လက်ျာက စစ်ဖက်ဆိုင်ရာ ဗျူရို အကြီးအကဲ (Chief of Military Bureau)၊ ဗိုလ်မှူးရန်နိုင်က အဓိပတိရဲ့ တောင်းဆိုချက် အရ အဓိပတိရဲ့ စစ်ရေး လက်ထောက်၊ ဒုဗိုလ်မှူးကြီး ဇေယျက ဗိုလ်သင်တန်း ကျောင်းအုပ်၊ ဗိုလ်မှူးကြီး နေ၀င်းက စစ်ဦးစီးချုပ် ဖြစ်လာပါတယ်။

ဒီအခြေအနေမှာ အင်္ဂလိပ်ခေတ် ယူဂျီအဖွဲ့က ယူဂျီ ခေါင်းဆောင်တွေဟာ BIA/BDA ကို ၀င်ရောက်လာပြီး စစ်တပ် အတွင်း ယူဂျီ ဖွဲ့စည်းမှုကို ရည်ညွှန်းပြီး Unit အဖွဲ့လို့ သိကြပါတယ်။ သူတို့အဖွဲ့မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းမောင်တို့ဟာ ရှေ့တန်းက ပါဝင်သူတွေ ဖြစ်ပါတယ်။ ယူဂျီဘ၀က ရင်းနှီးခဲ့ကြတဲ့ ဗိုလ်နေ၀င်းကို အားထား ခဲ့ကြပါတယ်။ ရဲဘော် သုံးကျိပ်ကို လွှတ်တဲ့အခါ သင်္ဘောရောက်တဲ့ အချိန်မှာ လူရှာတင်ရတာနဲ့ ဌာနချုပ်ကို သူ့နေရာမှာ ဖွင့်ခဲ့ရတာကို အကြောင်းပြုပြီး ယူဂျီ ခေါင်းဆောင် ဆရာချစ် (သခင်ချစ်) ဟာ သူနဲ့ နီးစပ်သူတွေကို ဆွဲထည့်ခဲ့ရာ ရဲဘော် သုံးကျိပ်ဝင်တွေထဲမှာ ပညာတတ် လူငယ်တွေ ပါသင့် သလောက် မပါခဲ့ပါ။

ဂျပန်ကနေ လွတ်လပ်ရေး ကြေငြာပြီး မကြာခင်မှာ ဂျပန်ပြန် ရဲဘော် သုံးကျိပ်ဝင် တွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ တွေ့ဆုံ ကြပါတယ်။ တချို့က ဗိုလ်ကြီးဘ၀နဲ့ ရာထူး မတိုးသေးတာကြောင့် တိုင်တန်း ကြပါတယ်။ ဒီအထဲမှာ ဗိုလ်နေ၀င်းက ဂျပန်ပြန်တွေကို ပြန်လည် သင်တန်း ပေးသင့်တယ် (အထူးသဖြင့် ပညာရေး) ဆိုတဲ့ အဆိုကို တင်သွင်းခဲ့ရာမှာ အောင်မြင် ခဲ့ပါတယ်။ (မှတ်ချက် ဗိုလ်ချုပ် မောင်မောင်ရဲ့ Burma Nationalists Movements စာမျက်နှာ ၈၅)။ ဒီ့အတွက် ဂျပန်ပြန်တွေက စစ်တပ် ကွပ်ကဲမှုကို စွန့်လွှတ်ပြီး တပ်မှူးတွေဟာ ယူဂျီကလာတဲ့ BIA ခေတ်၊ BDA ပျဉ်းမနားမှာ သင်တန်း အောင်မြင်ခဲ့တဲ့ တပ်မှူးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဗိုလ်ရဲထွဋ်ကလွဲပြီး တပ်တွင်းမှာ ကျန်နေတဲ့ ဂျပန်ပြန် စစ်ဗိုလ်တွေဟာ ဗိုလ်မှူး ကျော်ဇော အုပ်ချုပ်တဲ့ စံပြ တပ်ရင်းမှာ စုရုံး ရောက်ရှိ နေပါတယ်။ အခြေခံ စစ်သင်တန်း မပြီးရသေးတဲ့ ယူဂျီ က စစ်ဗိုလ် တချို့လည်း ပြန်လည် သင်တန်းပေးဖို့ ရောက်နေပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းက နှစ်ခုစလုံးကို ကွပ်ကဲနိုင်ဖို့ ပဲခူး စံပြ ကျောင်းဘေးကို ပြောင်းရွှေ့ ခဲ့တာကြောင့် အခွင့်အလမ်း သာခဲ့ပါတယ်။

တပ်ရင်း အုပ်ချုပ်မှုကို လက်လွှတ်ခဲ့ရတဲ့ ဂျပန်ပြန်တွေက ဗိုလ်လက်ျာက တဆင့် ဗိုလ်ချုပ် အောင်ဆန်းကို စစ်တပ် တခုလုံးကို ဗိုလ်နေ၀င်းနဲ့ သူ့အရွေးချယ်ခံ စစ်ဗိုလ်တွေ လက်ထဲမှာ ထားရှိခြင်းဟာ အန္တရာယ် ရှိတာကို သတိပေးခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဆင်ရေး (Operation) အတွက် စစ်သေနာပတိချုပ် (Commander in Chief) မထားတော့ဘဲ စစ်ဦးစီးချုပ် (Chief of Staff) ကိုပဲ စစ်ဝန်ကြီးအောက်မှာ တိုက်ရိုက် ခန့်ထားခဲ့ပါတယ်။ ဗိုလ်မှူးကြီး နေ၀င်းဟာ ဌာနချုပ် စစ်ဦးစီးချုပ် အဖြစ် ရန်ကုန်ကို ရွှေ့ခဲ့ရပါတယ်။

နိုင်ငံရေး နယ်ပယ်မှာ ကွန်မြူနစ်တွေက အားကောင်း နေပါတယ်။ အဲဒီအချိန်က ကွန်မြူနစ်တို့ရဲ့ အရှင်သခင်၊ ဆရာကြီး တဆူဖြစ်တဲ့ သခင်စိုးက ပြောက်ကျား စနစ်ကို အားသန်လျက် ရှိရာ ယူဂျီမှ ယူနစ်တွေကို စည်းရုံး လိုတာကြောင့် လက်ဝဲ ညီညွတ်ရေး စကား ပြောလာပါတယ်။ “တဦးချင်း စိစစ်ပြီး ၀င်ခွင့်ပြုမယ်။ ကိုကျော်ငြိမ်း ခင်ဗျားကတော့ နိုင်ငံရေးက အနားယူတော့” လို့ ကွန်မြူနစ်တွေက ဆိုလာပါတယ်။ အဲဒီ အခါကျမှ ဦးကျော်ငြိမ်းဟာ ဦးဘဆွေနဲ့ အတူတွဲပြီး UG ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ် ပါတီကို ထောင်ခဲ့ရပါတယ်။ ဒါကြောင့် PRP/BRP ပြည်သူ့ အရေးတော်ပုံ ပါတီဟာ နောင်မှာ ဆိုရှယ်လစ် ပါတီ ဖြစ်လာတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ဆိုရှယ်လစ်ပါတီ ထောင်ရာမှာ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ပါဝင်ကြတာ အပြင် သခင်မြက ဥက္ကဋ္ဌ၊ ဦးဘဆွေက အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ ဆိုရှယ်လစ် ပါတီဟာ ၁၉၄၆ ခုနှစ်ကျမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖဆပလ ရဲ့ ရှေ့ ဦး ဖတပလ (Anti Fascist Organization - AFO) ဖွဲ့ကြတော့ စစ်တပ်၊ ကွန်မြူနစ်နဲ့ ပြည်သူ့ အရေးတော်ပုံ ခေါင်းဆောင်တွေနဲ့ ဖွဲ့ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဂျပန် တော်လှန်ရေး (တိုင်း) တွေ ခွဲတော့လည်း ဒီ ခေါင်းဆောင်တွေပဲ ဦးစီးခဲ့ကြခြင်း ဖြစ်ပါတယ်။ တိုင်း (၆) မှာ ဦးကျော်ငြိမ်း (ဆိုရှယ်လစ်) က နိုင်ငံရေး တာဝန်ခံ၊ ဗိုလ်ရဲထွဋ် (ကွန်မြူနစ်) က စစ်ရေး တာဝန်ခံ အဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အားပြိုင်မှုဟာ စစ်တပ် အတွင်းကိုလည်း သက်ရောက်လာတဲ့ အတွက် ဗိုလ်ချုပ် အောင်ဆန်းက ဦးကျော်ငြိမ်းနဲ့ ဗိုလ်နေ၀င်းကို ခေါ်ပြီး၊ သခင်စိုးနဲ့ စေ့စပ်ဖြေရှင်းဖို့ စေလွှတ်ခဲ့ပါတယ်။ “ခင်ဗျားတို့ ဖြေရှင်းနိုင်ရင် ကျန်သူတွေ ကျုပ် တာဝန်ယူမယ်” လို့ ဆိုခဲ့ပါတယ်။ သခင်စိုးက စစ်တပ် ကိုင်ထားတဲ့ ဗိုလ်နေ၀င်းကို အရေးပေး စည်းရုံးခဲ့ပါတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ပိုင်မှတ်တမ်း)

ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ခေတ် ပြန်အ၀င် ဖဆပလကြီး ကြီးထွားချိန်၊ ဖဆပလ မှာ ကွန်မြူနစ်တွေက အားသာ နေပါတယ်။ သခင် သန်းထွန်းက အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် နေပါတယ်။ သခင် သိန်းဖေမြင့်၊ သခင် ဗဟိန်း၊ သခင် ချစ်တို့က အားဖြည့် ကျားကန် ပေးထားပါတယ်။ နိုင်ငံရေး အကွက် ချောင်းနေတဲ့ ကွန်မြူနစ်တွေက ဗိုလ်ချုပ် အောင်ဆန်းကို တပ်ထဲမှာ နေစေချင် ပါတယ်။ (Mary P Callahan &JŒ Making Enemies) ဂန္ဒီ အစည်းအဝေး အပြီးမှာ မောင့်ဘက်တန်က ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေး ခေါင်းဆောင် လုပ်မှာလား။ စစ် နိုင်ငံရေး ခေါင်းဆောင် လုပ်မှာလား။ စဉ်းစားပါလို့ မေးလာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေး ခေါင်းဆောင် အဖြစ် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး စစ်တပ်ကို ဗိုလ်လက်ျာနဲ့ လွှဲခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကတော့ ပြောင်းပြန်။ စစ်တပ်ကို အားယူဖို့ ဖဆပလ ကရော၊ ဆိုရှယ်လစ် ပါတီကပါ နှုတ်ထွက် ခဲ့ပါတယ်။ ဗိုလ်စင်္ကြာဟာ ဂျပန်ခေတ်က အင်္ဂလိပ်တပ် Force136 မှ ဗိုလ်ကြီး စီဂရမ်နဲ့ ဆက်သွယ်မှုကြောင့် ဂျပန် ကင်ပေတိုင်က ဖမ်းမလို့ လုပ်ရာ စစ်အတွင်းက ဂျပန် နိုင်ငံကို စစ်သံမှူး အဖြစ် ပို့ခဲ့ရပြီး စစ်တပ်ထဲမှာ ဗိုလ်ဇေယျ (ကွန်မြူနစ်) နဲ့ ဗိုလ်နေ၀င်း (ဆိုရှယ်လစ်) တို့ အပြိုင် ဖြစ်လာပါတယ်။

ရဲဘော်သုံးကျိပ် ဂျပန် ပြန်ဝင်လာပြီး စတင် ထူထောင်ခဲ့တဲ့ ဗမာ့ တပ်မတော်ဟာ ဘီအိုင်အေ (BIA)၊ ဘီဒီအေ (BDA) နဲ့ နောက်ဆုံး ဂျပန် တော်လှန်ရေးမှာ ဘီအန်အေ (BNA) အဖြစ် ရပ်တည် နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ စစ် ခေါင်းဆောင်တွေ အတွက် စစ်တပ် မပြိုမကွဲ တည်ရှိရေးဟာ အရေးကြီး နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ အဖွဲ့နဲ့ အင်္ဂလိပ် ရေတပ် ဗိုလ်ချုပ် မောင့်ဘက်တန် (Admiral Mountbatten) ဦးဆောင်တဲ့ အဖွဲ့၊ သီရိလင်္ကာ နိုင်ငံ (ဂန္ဒီ) မြို့မှာ တွေ့ဆုံ ဆွေးနွေး သဘောတူ လက်မှတ်ထိုး ခဲ့ရာမှာ (ဂန္ဒီစာချုပ်) Kandy Agreement လို့ အမည်တွင် ခဲ့ပါတယ်။ ဂန္ဒီ စာချုပ်အရ ဗမာ တပ်မတော်ကို နှစ်ပိုင်းခွဲ ဖွဲ့စည်းဖို့ သဘောတူ ခဲ့ကြပါတယ်။ ဗမာ ဦးစီးတဲ့ စစ်တပ်နဲ့ ဗမာ မဟုတ်သူတွေ ဦးစီးတဲ့ စစ်တပ် Two-wing Solution လို့ တချို့က နားလည် ကြပါတယ်။ BNA ဟာ PBF (Patriotic Burmese Forces) ဖြစ်လာပြီး AFO ဟာ ဖဆပလ (AFPFL) ဖြစ်လာပါတယ်။

ဂန္ဒီစာချုပ် အရ အင်္ဂလိပ် ဖွဲ့စည်းပေးတဲ့ စစ်တပ်မှာ လူအင်အား ၁၂၀၀၀ အနက် ၅၂၀၀ ဟာ PBF က ဖြစ်ရမယ်။ ဒီတပ်ဖွဲ့ အတွင်း ဗမာတပ်ရင်း ၃ ရင်း (PBF မှ ရွေးချယ်ရမည်)၊ ဗမာတပ်ရင်း ၁ ရင်း (PBF မဟုတ်သူများမှ ရွေးချယ် ရမည်)၊ ကရင် တပ်ရင်း ၂ ရင်း၊ ကချင် တပ်ရင်း ၂ ရင်း၊ ချင်း တပ်ရင်း ၂ ရင်း၊ အမြောက်နဲ့ သံချပ်ကာ တပ်ရင်း၊ ထောက်ပံ့ရေး တပ်ရင်းတွေ ဖြစ်ပါတယ်။

ဗမာ့တပ်ရင်းတွေကို Burma Rifles (Burifs) လို့ ခေါ်ပြီး တပ်ရင်း (၃) (၄) (၅) တွေကို ဗိုလ်ကျော်ဇော၊ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျတို့ အတွက် လျာထားပါတယ်။

ဒါ့အပြင် BSM (British Service Mission) အဖွဲ့က ဗမာ တပ်မတော် အတွက် စစ်လက်နက် ပစ္စည်းတွေကို ရွေးချယ်ခွင့်နဲ့ သင်ကြားခွင့် (Training) ရပြီး ဗမာ့ စစ်ဗိုလ်တွေကို အင်္ဂလိပ် စစ်ဗိုလ်တွေနဲ့ တွဲထားပါတယ်။ PBF က စစ်ဗိုလ် ၆၀၀ လျှောက်ထားရာမှာ ၁၅၇ ယောက်ကိုသာ အရွေးခံ ရပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ထဲမှာ တော်လှန်ရေး အုပ်စုနဲ့ အင်္ဂလိပ် လိုလားသူ အုပ်စု (Pro British) or (Rightist)၊ လက်ျာအုပ်စုဆိုပြီး ကွဲပြား အားပြိုင်လျက် ရှိပါတယ်။ အရင်က အင်္ဂလိပ် စစ်တပ်က လာသူတွေ၊ ကရင်နဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေကို (လက်ျာ) သမား များလို့ သံသယ ရှိကြပါတယ်။ သခင် လှဖေ (ဗိုလ်လက်ျာ) ဟာ ကျောင်းသား သမဂ္ဂကနေ လာပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဖြစ်ပြီး ကွန်မြူနစ်ဆဲလ် စထောင်ရာမှာ ပါဝင်ခဲ့သူ ဖြစ်သော်လည်း စစ်တပ် ထဲတွင်မူ လက်ျာသမား (Rightist) လို့ သတ်မှတ် ကြပါတယ်။ (မှတ်ချက် ။ Mary P Callahan making Enemies စာမျက်နှာ ၁၀၄)။ လွတ်လပ်ရေး ပေးရမှာကို သိတဲ့ အင်္ဂလိပ် စစ်ဗိုလ်ချုပ်တွေ ကလည်း ကရင် စစ်ဗိုလ်တွေကို ရာထူး တိုးပေးခဲ့ရာမှာ လွတ်လပ်ရေး မရမီ ဗမာ စစ်တပ်မှာ ကရင် စစ်ဗိုလ်တွေက ၈၀ ရာခိုင်နှုန်း အုပ်စီး မိထားပါတယ်။

လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေး ကြေညာပြီးစ အချိန်မှာ ဗမာ့ တပ်မတော်မှာ စစ်ဦးစီးချုပ် (Chief of Staff) ဗိုလ်ချုပ်စမစ်ဒွန်း (Smith Dun)၊ လေတပ် စစ်ဦးစီးချုပ် (Chief of Air Force) စောရှိရှို (Saw Shi Sho)၊ စစ်ဆင်ရေးမှူး (Chief of Operation) ဗိုလ်မှူးချုပ် စောကြာဒိုး (Saw Kyaw Doe)၊ စစ်ထောက်ချုပ် (Quarter Master General) ဗိုလ်မှူးချုပ် စောချစ်ခင် (Saw Chit Khin) တို့ ဖြစ်ကြပါတယ်။

ကျန်အထောက်အပံ့ တပ်တွေဖြစ်တဲ့ ဆက်သွယ်ရေး (Signal)၊ ပို့ဆောင်ရေး (Transport) စတဲ့ တပ်တွေမှာလည်း အင်္ဂလိပ်နဲ့ နီးတဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေက ဦးစီး နေပါတယ်။ အင်္ဂလိပ်တို့က (ခွဲပြီး အုပ်ချုပ်ခြင်း) Divide & Rule ပေါ်လစီကို ဗြောင် ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ (စာမျက်နှာ 119/ Mary P Callahan making Enemies)

လွတ်လပ်ရေးပြီးစ ဇန်န၀ါရီလ ၃၁ ရက်၊ ၁၉၄၉ ခုနှစ်က ကျင်းပတဲ့ တပ်မှူး ညီလာခံကို တက်ရောက်လာတဲ့ တပ်မှူး (၃၃) ယောက်အနက် PBF က (၄) ယောက်သာ ပါပါတယ်။

တဖက်မှာလည်း ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် တွေဟာ ဖဆပလ အဖွဲ့ကြီး အတွင်းမှာ အားပြိုင် နေကြပေမယ့်၊ စစ်တပ် အတွင်းမှာတော့ လက်ဝဲ-လက်ျာ အားပြိုင်ရာမှာ လက်ဝဲ ညီညွတ်ရေး အတွက် စည်းလုံး ခဲ့ကြပါတယ်။ စစ်တပ် အတွင်း လက်ျာ အုပ်စုတွေ အုပ်စီး ထားတာဟာ လက်ဝဲ အုပ်စုအတွက် အဓိက ပြဿနာ ဖြစ်ပါတယ်။ ဒီရန်ကို ကာကွယ်ဖို့ ၁၉၄၇ ခုနှစ် သြဂုတ်လထဲမှာ ဦးကျော်ငြိမ်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး (ဖဆပလ ပြည်ထဲရေး ၀န်ကြီးဟောင်း) တို့ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း အိမ်မှာ တွေ့ပြီး ပြည်စောင့်ရဲ (Union Military Police) ကို ပြည်ထဲရေး ဌာန အောက်မှာ ဖွဲ့စည်းဖို့ ဆုံးဖြတ် ကြပါတယ်။ (စာမျက်နှာ ၁၂၂၊ Mary P Callahan making Enemies)

ဒီလိုပါပဲ စစ်တပ် အထဲမှာလည်း လက်ဝဲ ညီညွတ်ရေး (Leftist Unity Group) ဆိုပြီး ဇွန်လ၊ ၁၉၄၈ ခုနှစ်မှာ ဖွဲ့စည်းပြီး လက်ျာ စစ်ဗိုလ်တွေ အသာရနေမှုကို ရင်ဆိုင် ခဲ့ကြပါတယ်။ သူတို့တွေကတော့ ဗိုလ်မှူးချုပ် နေ၀င်း (မြောက်ပိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးကြီး ဇေယျ (စစ်ဦးစီးမှူး - GSO -1)၊ ဒုဗိုလ်မှူးကြီး ရဲထွဋ် (တပ်ရင်း ၃ တပ်မှူး)၊ ဒုဗိုလ်မှူးကြီး တင်မောင် (တပ်ရင်း ၆၊ စာရေးဆရာ မြတ်ထန်)၊ ဗိုလ်မှူး ချစ်မြိုင် (တပ်ရင်း ၃၊ ဒုတပ်မှူး)၊ ဗိုလ်မှူး ထွန်းစိန် (တပ်ရင်း ၅)၊ ဗိုလ်မှူး တင်ဦး (တပ်ရင်း ၆) တို့ ဖြစ်ပါတယ်။ (စာမျက်နှာ ၁၂၄ ။ Mary P Callahan making Enemies)

ဗမာပြည် လွတ်လပ်ရေး ရပြီးခါစ ကွန်မြူနစ်တွေ တောခို ပြီးချိန်တွင် ဖဆပလ အဖွဲ့ကြီးထဲမှာ ဆိုရှယ်လစ်တွေနဲ့ ပြည်သူ့ ရဲဘော်တွေက အားကောင်း နေပါတယ်။ ကွန်မြူနစ်တွေက မတ်လမှာ တောခို ပါတယ်။ ဒီအချိန်မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်လက်ျာ၊ တပ်မတော် စစ်ဦးစီးချုပ် စမစ်ဒွန်း၊ ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်၊ ပြည်ထဲရေး အတွင်းဝန် ဦးကာစီ တို့ ပါဝင်တဲ့ နိုင်ငံတော် လုံခြုံရေး ကောင်စီ ၀င်တွေက ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တွေ မပါဝင်တဲ့ အိမ်စောင့် အစိုးရ ဖွဲ့ပေးဖို့ ၀န်ကြီးချုပ် ဦးနုကို တောင်းဆို လာကြပါတယ်။ မိတ္ထီလာမှာ တပ်မှူးကြီးတွေ ညီလာခံနဲ့ ပုလိပ် အရာရှိကြီးတွေ ညီလာခံ ကျင်းပပြီး သူတို့ရဲ့ သဘောထားကို တင်ပြ ဆွေးနွေး ကြပါတယ်။

နယ်ချဲ့အင်္ဂလိပ်က လက်ျာယိမ်းတဲ့ အရာရှိကြီးတွေကို မြှောက်ပေးနေတော့ အန္တရာယ် ရှိတယ် ဆိုပြီး (လက်ဝဲ ညီညွတ်ရေး ကောင်စီ) ကို ဖွဲ့ကြပြန် ပါတယ်။ ဒီကောင်စီမှာ ဗိုလ်နေ၀င်းက ဥက္ကဌ၊ သခင် သိန်းဖေက အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၁၇)

၁၉၄၈ ခုနှစ်၊ ဇူလိုင်-သြဂုတ် လထဲမှာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်ဇေယျက ဦးနုကို ဗိုလ်လက်ျာကို ကာကွယ်ရေး ၀န်ကြီးကနေ ဖယ်ရှားပေးဖို့ တောင်းဆို ကြပါတယ်။ သခင် သိန်းဖေမြင့်ရဲ့ အဆိုအရ (သိန်းဖေမြင့်၏ ကျော်ငြိမ်း - စာမျက်နှာ ၁၁၇) လက်ဝဲ ညီညွတ်ရေး အဖွဲ့က ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီး ခန့်ဖို့ သဘောတူ ကြပါတယ်။ လက်ဝဲ ညီညွတ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အရ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းက ထောင်ထဲမှာ ရှိတဲ့ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်း စတဲ့ ကွန်မြူနစ်တွေကို လွှတ်ပြီး သခင် သန်းထွန်းဆီ ဆွေးနွေးဖို့ လွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းနဲ့ ဒုဝန်ကြီးချုပ် ဗိုလ်လက်ျာက ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီးအဖြစ် လက်မခံနိုင်လို့ ဆိုလာပါတယ်။ ဒီကြားထဲမှာ ဗိုလ်ဇေယျဟာ လက်ဝဲ ညီညွတ်ရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ပြီး စစ်တပ်က ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီး အဖြစ် အလိုမရှိ၊ သူ့ကိုသာ အလိုရှိတယ်လို့ ၀န်ကြီးချုပ် သခင်နုကို (ဗိုလ်လက်ျာကတဆင့်) တိတ်တဆိတ် ချဉ်းကပ် ခဲ့ပြန်ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၁၉ နှင့် တာတေစနေသား- စာမျက်နှာ၁၃၈)

ဒီကိစ္စ မဖြစ်ခင်မှာ တပ်တွင်းကစပြီး လက်ဝဲ အင်အားစု တချို့က လက်နက်နဲ့ အာဏာ သိမ်းပြီး၊ လက်ယာ အန္တရာယ်ကို ဖျက်ဆီးကာ လက်ဝဲ အုပ်စုက အာဏာယူဖို့ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းက ဦးစီးမယ် ဆိုပြီး သူလည်း ပါခဲ့ရ ပါတယ်လို့ သခင် သိန်းဖေမြင့်က ငြင်းချက် ထုတ်ခဲ့ပါတယ်။ စိတ်ကူးယဉ် ခဲ့ကြတာကြောင့် လက်တွေ့မှာ ဗိုလ်နေ၀င်း မပါတော့တာ လို့လည်း ဆိုပြန်ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၂၀-၁၂၁)

ဗိုလ်ဇေယျက ဦးနုဆီကို တိတ်တဆိတ် သွားတွေ့ခဲ့တာကို ဗိုလ်ဇေယျနဲ့ ဗိုလ်နေ၀င်း မျက်နှာချင်းဆိုင် ရှင်းပြီး မကြာမီမှာ ဗိုလ်ဇေယျရဲ့လူ ဗိုလ်ရဲထွဋ်က တပ်ရင်း (၁) နဲ့ (၃) က တပ်တွေကို ရွှေ့ဖို့ ကြိုးစား ခဲ့ကြပါတယ်။ ရန်ကုန်မှာ ရှိတဲ့ တပ်ရင်း (၃) က တပ်တွေကို ချုပ်ကိုင် ထားတဲ့ ဒု တပ်ရင်းမှူး ဗိုလ်ချစ်မြိုင်က ဖြစ်ရပ် အသေးစိတ်ကို Burma Debate မှာ ဖော်ပြထားပါတယ်။ ရန်ကုန်ရဲ့မြို့စောင့်တပ်က တပ်ရင်း (၃) ပါ။ ဦးသိန်းဖေမြင့်က တညလုံး တရားဟောရာ မနက် မိုးလင်းတဲ့ အခါ လူတ၀က်သာ ရတဲ့အတွက် ဦးသိန်းဖေမြင့်က တောမခို တော့ပါ။ ဗိုလ်ရဲထွဋ် မျက်ရည် စက်လက်နဲ့ တောခို သွားခဲ့ရပါတယ်။ ဗိုလ်ဇေယျလည်း လုံးချင်းသာ လိုက်ပါ သွားရ ပါတယ်တဲ့။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၂၀ နှင့် Mary P Callahan making Enemies စာမျက်နှာ ၁၂၃)

တပ်ရင်း (၃) တောခိုပြီး နောက်တနေ့မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကြာဒိုး၊ တောင်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်သင်း (ABRO) တို့က ကျန်တပ်ရင်း (၃) က စစ်သားတွေကို လက်နက်သိမ်းဖို့ ကြံရွယ် ကြပါတယ်။ ဗိုလ်နေ၀င်းက တောခို ကုန်လိမ့်မယ် ဆိုပြီး တားဆီး ခဲ့ရပါတယ်။

တပတ်အကြာမှာ ဗိုလ်လက်ျာက ၀န်ကြီးချုပ် ဦးနု ကို တိုက်တွန်း၍- ဦးထွန်းလှအောင်နဲ့ ရဲစစ်ဆေးချုပ် ဦးတင်ထွဋ် တို့ကို (ပြည်ထောင်စု အရန်တပ်ဖွဲ့) (Union Auxiliary Forces) (လက်ျာဘက် ဖွဲ့စည်းထားသော တပ်ဖွဲ့တွေ) ရဲ့ဗိုလ်မှူးချုပ် တွေအဖြစ် ခန့်အပ် စေခဲ့ပါတယ်။

၁၉၄၈ ခုနှစ် မတ်လမှာ ကွန်မြူနစ်တွေ တောခို ပြီးပြီးချင်း ၁၉၄၅ ခုနှစ် ဗမာနိုင်ငံ ပုလိပ်ဥပဒေ (Burma Police Act of 1945) အရ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း အောက်မှာ (အထူးပုလိပ် အရန်တပ်ရင်း) Special police reserve ကို ဖွဲ့စည်း ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် သြဂုတ်လမှာ တပ်ရင်း (၁) နဲ့ (၃) တို့ တောခို ပြီးနောက်မှာ စစ်တပ်ထဲ ကရင် စစ်ဗိုလ်တွေ ပိုပြီး ကိုင်တွယ်လာနိုင်လို့ KNDO တွေ နယ်တွေမှာ (အထူးသဖြင့် ဧရာဝတီ တိုင်းမှာ) ကရင်တွေ ကြီးစိုးလာတော့ တပ်အတွင်းနဲ့ တပ်အပြင်က ဆိုရှယ်လစ်တွေက ဖွဲ့စည်းပြီး ပုလိပ် အရန်တပ်တွေကို တိုးချဲ့ဖို့ ဦးနုကို အကြံ ပေးကြတယ်။ ဦးနုရဲ့ ယုံကြည်မှုကို ရသူဖြစ်ပြီး ဆိုရှယ်လစ် တယောက် ဖြစ်တဲ့ ဗိုလ်အောင်ကြီးကို ဦးစီးခိုင်းပြီး (စစ်ဝန်ထမ်း) လို့ နာမည်ပြောင်း ခေါ်စေပြီး 1st, Oct 1948 မှာ စစ်ဝန်ထမ်းတွေကို စစ်ရုံးကို ပြောင်းခိုင်းပြီး ဗိုလ်အောင်ကြီးကို အိုင်ဂျီ (Inspector General) အဖြစ် ခန့်အပ် ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ စစ်ဝန်ထမ်း တပ်ရင်း ၂၆ ရင်းနဲ့ လူအင်အား ၁၃၀၀၀ အထိ ရှိခဲ့ပါတယ်။ (Mary P Callahan making Enemies စာမျက်နှာ ၁၂၇)

ကရင်နဲ့ ဗမာတွေ အကြားထဲ တင်းမာမှုတွေ များနေတဲ့ အချိန် KNU ခေါင်းဆောင် စောဘဦးကြီးက တပ်မတော်ထဲက သူ့ရဲ့မဟာမိတ် ဗိုလ်မှူးကြီး မင်းမောင်ကို အကူအညီ တောင်းတော့ တောင်ငူမှာ တပ်စွဲထားတဲ့ ကရင် တပ်ရင်း (၁) က ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ မြို့သိမ်းပြီး အင်းစိန်ဟာ ဖေဖော်ဝါရီလ ၂ ရက်၊ ၁၉၄၉ ခုနှစ်မှာ ကရင်လက်ထဲ ကျခဲ့ပါတယ်။ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာတော့ အစိုးရက (KNU) ကို မတရားအသင်း ကြေညာ ပြီးတော့ (၂) ရက် အကြာမှာ ကရင် စစ်ခေါင်းဆောင်တွေကို နားခွင့် (on leave) ပေးပြီး ဗိုလ်ချုပ် စမစ်ထွန်းကို ဗိုလ်နေ၀င်းနဲ့လဲပြီး စစ်ဦးစီးချုပ် အသစ် ခန့်အပ် ခဲ့ပါတယ်။ (Mary P Callahan making Enemies စာမျက်နှာ ၁၃၄)

ကွန်မြူနစ်တွေ တောခိုလို့ အာဏာသိမ်းပွဲ မအောင်မြင်ဘဲ ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ်တို့ တောခိုကြ၍ ကရင် သူပုန် တွေကြောင့် ကရင် ဗိုလ်ချုပ်တွေ အစားထိုး ခံရတဲ့နောက် ဗမာ့ စစ်တပ်မှာ ဆိုရှယ်လစ် တပ်မှူးကြီးတွေသာ ကျန်ခဲ့ပြီးတော့ ဗိုလ်ချုပ် နေ၀င်းရဲ့ တပ်ရင်း (၄) က အယုံကြည်ရဆုံး ဖြစ်လာပါတယ်။ ကျန်ခဲ့တဲ့ တပ်ရင်း (၃) ကို သင်္ဘောနဲ့ စေလွှတ်ခဲ့တာ သင်္ဘောစက် ချို့ယွင်းလို့ ပြန်လှည့် လာခဲ့ရာ “တပ်ရင်း ၃ က စိတ်ပြောင်းပြီး ရန်ကုန်ကို လှည့်ပြန် လာကြပါလား၊ ဗိုလ်နေ၀င်းကို ခေါ်ကြပါအုံး” ဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ဒါက ရန်ကုန်မြို့ရဲ့ပကတိ အခြေအနေ ဖြစ်ပြီးတော့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းမှာ ဗိုလ်နေ၀င်းကို အားကိုး လာကြပါတယ်။

ဗိုလ်ချုပ် နေ၀င်း ဖေဖော်ဝါရီ ၁၉၄၉ မှာ စစ်ဦးစီးချုပ် ဖြစ်လာတဲ့အခါ ဗမာ့ တပ်မတော်ရဲ့ အင်အားက (၂) ထောင်ကနေ (၃) ထောင်လောက်ပဲ ရှိပါတော့တယ်။ ဗမာ့ တပ်မတော်ကို UMP တပ် နှင့် စစ်ဝန်ထမ်းတွေက အားဖြည့် ကူတိုက် ပေးခဲ့ရပါတယ်။ ရန်ကုန်အစိုးရ ဘ၀မှာ ဗမာ့ တပ်မတော်ရဲ့ စစ်သား တယောက်မှာ ကျည် (၂၁) တောင့်ပဲ ကျန်ပါတော့တယ်။

ရန်သူတွေ ၀ိုင်းဝိုင်းလည် အကျဉ်းအကျပ်ထဲ ရောက်နေချိန်တုန်းက ဗိုလ်ချုပ် နေ၀င်းက “ကိုကျော်ငြိမ်း ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်” လို့ ပြောဖူးပါတယ်။ ကွန်မြူနစ်တွေ အာဏာ ရလာရင် အရင်ဆုံး သတ်ခံရမှာက ဦးကျော်ငြိမ်းပဲ ဆိုတာ ဦးကျော်ငြိမ်း သိပါတယ်။ ဒါ့ကြောင့် ရသမျှ အင်အား စုပြီးတော့ နိုင်အောင် တိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသား ဖြစ်ခဲ့တယ်။

နိုင်ငံတိုင်း စစ်ဖြစ်ချိန်မှာ ကိုယ့်စစ်တပ် ကိုယ်အားကိုးရလို့ စစ်တပ်ရဲ့ အရှိန်အ၀ါနဲ့ အာဏာဟာ တိုးစမြဲပဲ။ နိုင်ငံခြားသား တရုတ်ဖြူတွေရဲ့ရန်ကို ရင်ဆိုင်ရတဲ့ အခါ စစ်တပ်ရဲ့ အရှိန်အ၀ါက ပိုကြီးလာတယ်။ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် ကျော်ဇောလို ဗိုလ်ချုပ်တွေက သူရဲကောင်းတွေ ဖြစ်လာတယ်။ ဗိုလ်ချုပ် နေ၀င်းရဲ့အားသာချက် တခုက ဦးဆောင်မှု ပေးနိုင်ခြင်းနဲ့ လူမွေးတော်ခြင်းတွေ ဖြစ်တယ်။ ဦးကျော်ငြိမ်းဟာ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်နဲ့ ဒုဝန်ကြီးချုပ်ဘ၀မှာ ဆိုရှယ်လစ် ၀န်ကြီးတွေ၊ စစ်ဗိုလ်တွေနဲ့ ဆုံလေ့ ရှိကြတယ်။ ကျန်တဲ့ ၀န်ကြီးတွေက သက်တော်စောင့်တွေနဲ့ ရောက်လာပြီးတော့ အပေါ်ထပ်ကို တန်းတက်ကြတယ်။ ဗိုလ်ချုပ်နေ၀င်းက မီးဖိုချောင်ထဲ အရင် ၀င်လာပြီးတော့ အိမ်တာဝန်ကို ကြီးကြပ်ရတဲ့ ကျနော့် အမေရဲ့ အမ၀မ်းကွဲကို “မမဖွား ကျနော့် ရဲဘော်လေးတွေ အတွက် ဘာရှိသလဲ” လို့ မေးမေးပြီးတော့ ကျွေးမွေးစရာ ရှိတာ စီမံ ပြီးတော့မှပဲ အစည်းအဝေးကို သွားတက် တတ်တယ်။ ရဲဘော်တွေကို ဂရုစိုက် တတ်သလို စစ်ဗိုလ်ကြီးတွေကိုလည်း ဂရုစိုက် တတ်လို့ သူ့တပ်ရင်း (၄) က စစ်ဗိုလ်တွေကို အပိုင် မွေးနိုင်ခဲ့တယ်။

ရှုပ်ထွေးပွေလီလွန်းတဲ့ လွတ်လပ်ရေး ရခါစ ဗမာ့ နိုင်ငံရေး အခြေအနေကို မသိဘဲ၊ မလေ့လာ မဖတ်ရှုဘဲ ဦးကျော်ငြိမ်းကြောင့် ဗိုလ်ချုပ်နေ၀င်း စစ်ဦးစီးချုပ် ဖြစ်ရလေခြင်းလို့ တိမ်တိမ် တွေးပြီး လွယ်လွယ် ကောက်ချက် ချပြီး ဦးကျော်ငြိမ်းကို အပြစ်တင်ဖို့ နိုင်ငံရေး ခွက်စောင်းခုတ်ဖို့ ကြိုးစား လာကြတယ်။ ဖဆပလ အတွင်း ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အားပြိုင် ကြကာ ကွန်မြူနစ်တွေ တောခိုပြီး ဘယ်ဆိုရှယ်လစ် ခေါင်းဆောင်က ကွန်မြူနစ် စစ်ဗိုလ်တွေကို ထောက်ခံနိုင်ပါ့မလဲ။

တာတေ စနေသားမှာ ဗိုလ်ချုပ် နေ၀င်းအတွက် ဦးကျော်ငြိမ်းက ထောက်ခံ ပြောတာကို အမှူးပြုပြီး ဦးကျော်ငြိမ်းကြောင့် ဗိုလ်ချုပ် နေ၀င်း - စစ်ဦးစီးချုပ် ဖြစ်လာသယောင် ဦးကျော်ငြိမ်းကို တိုက်ခိုက် လာကြပြန်ပါတယ်။ ဖြစ်ရပ်မှန်က ဗိုလ်လက်ျာကို ကာကွယ်ရေး ၀န်ကြီးမှ ရွှေ့ခဲ့ရင် လက်ဝဲ ညီညွတ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီးခန့်ဖို့ ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်တယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ အတိုင်း ဗိုလ်ဇေယျနဲ့ ပြဿနာ တက်ကြပြီး ၀န်ကြီးချုပ် ဦးနုက ရှေ့ဆက် မဆောင်ရွက်တော့ ဗိုလ်ဇေယျတို့ တောခိုအပြီး ကရင်တပ်တွေ တောခိုမှ ဗိုလ်ချုပ် နေ၀င်းကို ကရင် ဗိုလ်ချုပ် စမစ်ဒွန်း နေရာမှာ အစားထိုးမှ ဗိုလ်ချုပ်နေ၀င်းဟာ စစ်ဦးစီးချုပ် ဖြစ်လာတာပါ။

၁၉၆၂ ခုနှစ် အာဏာသိမ်း အပြီး ဦးနေ၀င်းက ဦးကျော်ငြိမ်းကို ဆိုရှယ်လစ် အချင်းချင်း နိုင်ငံတော်ရဲ့စီးပွားရေးကို ဦးဆောင်ပေးဖို့ ကမ်းလှမ်း လာပါတယ်။ ဦးကျော်ငြိမ်းက သူသည် ဆိုရှယ်လစ် စနစ်ကိုသာ ယုံတာ မဟုတ်ဘူး၊ ဒီမိုကရေစီကိုလည်း ယုံသူ ဖြစ်လို့ (၂) နှစ် မဟုတ်ရင် (၅) နှစ် စစ်တပ်က အုပ်ချုပ်ပြီး တိကျတဲ့ အချိန်ပိုင်းမှာ ဒီမိုကရေစီကို ပြန်ပေးမယ်လို့ ကတိ ရမှ စဉ်းစား နိုင်မယ်လို့ ဖြေလိုက်တော့ ကတိ မရတာနဲ့ ထပြန်ခဲ့ရပါတယ်။ တံခါးဝ ရောက်တော့ ဗိုလ်နေ၀င်းက ‘ကိုကျော်ငြိမ်း ခင်ဗျား ဘာလုပ်စားမလဲ ဆိုပြီး’ မေးတော့ “ကျုပ်လမ်းပေါ်မှာ မုန့်ဟင်းခါး ထမ်းရောင်းစားမယ်ဗျာ” ဆိုပြီး ဖြေခဲ့တယ်။ ဦးကျော်ငြိမ်း မုန့်ဟင်းခါး ကြိုက်တာ အတွင်းလူတွေ သိကြပါတယ်။

တော်လှန်ရေး ကောင်စီ စစ်အစိုးရက နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းပြီးတော့ နိုင်ငံရေး မဏ္ဍိုင်တွေကို စနစ်တကျ ရိုက်ချိုး ပါတော့တယ်။ ၁၉၆၃-၆၄ ခုနှစ် ပတ်ဝန်းကျင် လောက်မှာ ဦးကျော်ငြိမ်းကို လေးစားတဲ့ UMP စစ်ဗိုလ် တချို့က ရေကြည်အိုင်ကို ၀င်ဆီးပြီးတော့ ကယ်တင်ဖို့ ကြံစည် ခဲ့ကြပါတယ်။ အဲဒီ အချိန်တုန်းက ဦးနု အစရှိတဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို ရေကြည်အိုင်မှာ သစ်သား အိမ်လေးတွေနဲ့ ထားပါတယ်။ ဦးကျော်ငြိမ်းကို လှောင်အိမ် (Cage) လို့ခေါ်တဲ့ ဒိုးယိုပေါက် လှောင်အိမ်မှာ ထားပြီးတော့ ထိပ်တန်း ခေါင်းဆောင်တွေ ထဲမှာ သူတယောက်ပဲ ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းတာ (Physical Torture) ခံခဲ့ရပါတယ်။ အာဏာသား ကတော့ ဗိုလ်မှူးကြီး သန်းညွှန့် (အရမ်း သန်းညွှန့်- သပြေ မဂ္ဂဇင်း) ပါပဲ။ သွေးစွန်းနေတဲ့ ရှပ်အင်္ကျီ အဖြူကို ရအောင် အိမ်ပြန် ယူခဲ့ပါတယ်။

ဗိုလ်ကြီး အုန်းကျော်မြင့်ကို စံပြ နမူနာအဖြစ် သတ်ပစ် သလိုပဲ ဦးကျော်ငြိမ်း ကိုလည်း ခုံရုံးတင်ပြီး သေဒဏ် စီရင်ဖို့ စီစဉ် ခဲ့ကြတယ်။ ဦးကျော်ငြိမ်းက ဘာမှ မပြောနိုင်တော့တဲ့ အဆုံး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဖို့ ကြိုးစားခဲ့တယ်။ ဗိုလ်ချုပ်နေ၀င်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ တုံးလုံး လဲပြီး မေ့မျော နေတဲ့ ဦးကျော်ငြိမ်းကို မြင်တော့ စိတ်ထိခိုက်ပြီး အစီအစဉ်တွေ အားလုံးကို ဖျက်သိမ်း လိုက်တော့တယ်။ ဦးကျော်ငြိမ်းကို ၀န်ကြီးတွေ ထားတဲ့ အိမ်တန်းကို ပို့ပြီး ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်)၊ ဆေးမှူး ဒုဗိုလ်ကြီး ကျော်မြင့်တို့နဲ့ အတူ နေခဲ့ရပါတယ်။

ဦးကျော်ငြိမ်းက သူနဲ့အတူ တိုက်ပွဲ ၀င်ခဲ့တဲ့ ရဲဘော် တယောက်ကို စာခိုးပစ်ပေးတာ၊ ထိုသူက မကောက်ရဲဘူး ဖြစ်နေတယ်။ အလယ်ကနေ ပစ်ပေးရသူက ၀န်ကြီး ဦးဝင်း (ဦးတင်မောင်ဝင်းရဲ့ အဖေ) ဖြစ်တယ်။ တချိန်တုန်း ကတော့ ဦးဝင်းနဲ့ ဦးကျော်ငြိမ်းတို့က မတည့်ခဲ့ကြဘူး။ ထောင်ထဲ ရောက်မှ ယုံကြည်ချက်၊ သတ္တိကို သိခွင့်ရကြ ပြီးတော့ ခင်မင် လေးစား လာခဲ့ကြတယ်။ ဦးဝင်းတို့ တောမခိုခင် ကတောင် ဦးကျော်ငြိမ်းဆီ ၀င်ပြီး အသိပေးခဲ့ ပါသေးတယ်။ နိုင်ငံရေး ပြိုင်ဘက်တွေ ဘ၀ကနေ ယုံကြည် လေးစားသူချင်း ဘ၀ကို ကူးပြောင်း လာခဲ့ရတယ်။ ထောင်တွင်း သင်ခန်းစာတွေပါ။

ဦးတင်မောင်ဝင်း ရေးခဲ့တဲ့ စာအုပ်မှာ ၁၉၆၂ ခုနှစ် အာဏာ သိမ်းတုန်းက ၀န်ကြီးချုပ် ဦးနုက ‘ ဗိုလ်နေ၀င်း သိရဲ့လား၊ ဗိုလ်နေ၀င်း သိရင် ကိစ္စ ပြီးသွားလိမ့်မယ်’ ဆိုပြီး စိတ်ချလက်ချ အိပ်ပြော သွားပါတယ်။ ဦးနုက ဗိုလ်နေ၀င်း အာဏာသိမ်းမယ်လို့ မထင်ခဲ့ဘူး။

တခါ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရပြီး ဗိုလ်နေ၀င်း သခင် သန်းထွန်းကို လာတွေ့တယ်လို့ သခင် သန်းထွန်းက သြဂုတ်လ ၁၉ ရက်၊ ၁၉၆၃ ခုနှစ် နေ့စွဲနဲ့ ဗိုလ်ချုပ် နေ၀င်းဆီ ရေးတဲ့စာမှာ ဖော်ပြ ထားပါတယ်။ ကျနော်တို့ အဲဒီ အခြေအနေမှာ လိုအပ်တဲ့ ခေါင်းဆောင်မှုမျိုး ပေးဖို့ ပြောခဲ့တာကို ကျနော် အစဉ် သတိရ နေပါသတဲ့၊ အရေးကြုံတဲ့ အခါမှာ ခင်ဗျား အနေနဲ့ ကျနော့် အပေါ် ဘယ်လောက် ယုံကြည် လေးစားမှု ရှိတယ် ဆိုတာကို အဲဒါက ပြပါတယ်တဲ့။ အဲဒါကို မျက်စိထဲ မြင်မြင် နေတာပဲတဲ့။ ခင်ဗျား ပြောလိုက်တယ် နယ်ချဲ့သမားက ခွဲဖို့လုပ်ရင် ကျုပ်တော့ မခံဘူး။ အဲဒါကို ကျနော်တို့ သဘောကျတယ်။ ဒီကိစ္စတွေမှာ ခင်ဗျားနဲ့ ကျနော် တို့ဟာ အတူတူပဲ။ ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့ကို ဖမ်းလိုက်တာ ရှိတယ်။ ကျနော်တို့ ကြားရတာ၊ သိရတာတွေ ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ နီးလာလို့ ဒီလူတွေ ဖျက်ဆီးဖို့ ကြိုးစား နေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ ဒီလူတွေဟာ နယ်ချဲ့သမားတွေနဲ့ ဆက်သွယ် နေတယ်လို့ သိရတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖျက်ဆီးဖို့ လုပ်ကြံနေတဲ့ ပြည်တွင်း ဖောက်ပြန်ရေး သမားတွေကို ခင်ဗျားတို့ ချတာကို ကျနော်တို့ အထူးပဲ သဘောကျပါတယ်။ (မှတ်ချက် - လွတ်လပ်ရေး ရွှေရတု - စာမျက်နှာ ၂၃၄၊ ၂၃၇)

တောတွင်း သင်တန်းဆင်းပွဲမှာ သခင် သန်းထွန်းက ရန်သူရဲ့မျက်နှာခုံး ပေါ်မှာ စင်္ကြန် လျှောက်နိုင်ရမယ်လို့ ဟောကြား ခဲ့ပါတယ်။ တကယ် လျှောက်သွားတာက ဗိုလ်နေ၀င်း ဖြစ်ပါတယ်။ တဘက်က သခင် သန်းထွန်းကို အယုံ သွင်းပြီး မျက်စပစ်ခဲ့သလို တဘက်က ကြုံတိတ် (ခ) လုံတိတ်(ခ) မောင်မြကို သခင် သန်းထွန်းကို သုတ်သင်ဖို့ ကွန်မြူနစ်တွေဆီ ရေရှည် စီမံကိန်းနဲ့ အယုံသွင်း လွှတ်ထား ခဲ့ပါတယ်။

ကွန်မြူနစ်တွေ အော်နေကြတဲ့ ရန်ငါစည်း ပြတ်ရမယ် ဆိုတာကို သခင် သန်းထွန်း မေ့သွားပုံ ရတယ်။ ‘နိုင်ငံရေး လျှင်တယ်’ ‘ချက်ကနဲဆို နားခွက်က မီးတောက် ပါတယ်’ ဆိုသူတွေကို အယုံသွင်း သွားနိုင်သူဟာ ဗိုလ်နေ၀င်း ပါပဲ။

အမေရိကန်နဲ့ ရုရှား စစ်အေး စစ်ပွဲကို အခွင့်အရေး ယူပြီး အမေရိကန်တွေ ဆီက အကူတွေကို ယူခဲ့ပြန်ပါတယ်။ ဦးနေ၀င်းရဲ့ လုံခြုံရေး တပ်ကို သင်တန်း ပေးခဲ့တာ ကတော့ အမေရိကန် ငပေါ (secretservice) တွေ ပါပဲ။ ၁၉၆၇ ခုနှစ် တရုတ်-ဗမာ ရိုက်ပွဲ အပြီး တရုတ်ကြီးက ဗကပ ကွန်မြူနစ်တွေကို လက်နက် သာမက လူပါ ကူခဲ့ပြန်ပါတယ်။ ဦးနေ၀င်း တရုတ်ပြည်ကို သွားပြီး ဗမာ- ပေါက်ဖေါ် ချစ်ကြည်ရေး လုပ်ခဲ့တာ အခု (နအဖ) ခေတ် အထိ ဗမာလူကြမ်း အဖွဲ့ကို မြှောက်ပင့် ကျားကန် ပေးနေတာကတော့ တရုတ်ကြီး ပါပဲ။ ဦးနေ၀င်းက အလိမ္မာနဲ့ တရုတ်ကြီးကို ကျောသတ် နေချိန်မှာ ဗမာ ကွန်မြူနစ် တွေက ဖက်လိုက်ပြီး တိန့်လျှောင်ဖိန် တို့ကို ဝေဖန်ရာက အကူ အဖြတ်ခံရ ပါတော့တယ်။ (မှတ်ချက် - Bertil Litner ရေးတဲ့ Burma in Revolt & The Rise and the Fall of the Communist Party of Burma တွင်ကြည့်ပါ။)

ဗိုလ်ချုပ် နေ၀င်းဟာ စစ်ဗိုလ်နိုင်ငံရေး သမား လူလယ်စစ်စစ် ဖြစ်တယ်။ အားလုံးကို ကတုံးပေါ် ထိပ်ကွက် သွားတာ ဗိုလ်ချုပ် နေ၀င်း ပါပဲ။

ဦးနေ၀င်းဆီမှာ လေ့လာ သင့်တဲ့ အရည်အချင်း ၂ ချက် ရှိပါတယ်။ ပထမ အချက်က သူ့ကို မယုံသင်္ကာ မဖြစ်အောင် နေတတ်တာ ဖြစ်ပြီးတော့ ဒုတိယကတော့ ရည်မှန်းချက် အောင်မြင်အောင် ကြိုတင် ပြင်ဆင်ပြီး ပလဲင် (Plan) လုပ်ပြီး အချိန်ယူ အကောင်အထည် ဖော်နေခြင်း ဖြစ်တယ်။

ဦးနေ၀င်းကို ဘာကြောင့် လေ့လာ ရမှာလဲ။ ဒီကနေ့ စစ်တပ်ဟာ ဦးနေ၀င်းရဲ့ စစ်တပ် ဆိုရင် မမှားပါဘူး။ တပ်ထဲမှာ ဦးနေ၀င်းကို အဖေကြီး ဆိုပြီး ခေါ်ကြတယ်။ ဒီကနေ့ (နအဖ) ရဲ့ လုပ်ဆောင်ချက်တွေက ဦးနေ၀င်း ရေးခဲ့တဲ့ စာအုပ်ကြီး အတိုင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ် သန်းရွှေဟာ ဦးနေ၀င်း အာဏာ ပြင်းစဉ်က မခုတ်တတ်တဲ့ ကြောင်လို ပြားပြားဝပ်ပြီး အန္တရာယ်မရှိ ဟန်ဆောင်ခဲ့တယ်။ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ အာဏာ တည်ဆောက် ခဲ့ပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်တို့ ဖင်လိန်ကပြ နေတုန်းက စင်ပေါ်က ပြုံးပြုံးလေး ကြည့်နေ ပါတယ်။ အခွင့်သာမှ နှာနုကို ထုခဲ့ပါတယ်။ ဦးနေ၀င်း ရေးခဲ့တဲ့ ကျမ်းကို အရည်ကျို သောက်ခဲ့ပုံ ရပါတယ်။

အစိုးရ ယန္တရားနဲ့ အစိုးရ အာဏာဟာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် လစ်ဘရယ် ဒီမိုကရေစီ စနစ်မှာ Check & Balance လို့ ခေါ်ကြတဲ့ အထိန်းအကွပ်တွေ ရှိရပါတယ်။ ဗိုလ်ချုပ် နေ၀င်းက (အာဏာ) ကို လက်နက် အဖြစ်နဲ့ အသုံးချရာမှာ ကျွမ်းကျင် ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါ့ကြောင့် ဦးနေ၀င်းဆီက လက်ထပ် သင်ခဲ့ကြတဲ့ ဒီကနေ့ နအဖ ဗိုလ်ချုပ်တွေရဲ့ တွေးခေါ်ပုံနဲ့ လုပ်နည်း လုပ်ဟန်တွေကို နားလည်ချင်ရင် ဦးနေ၀င်းကို လေ့လာ ရပါမယ်။ ဦးနေ၀င်းကို လေ့လာချင်ရင် ဦးနေ၀င်းရဲ့ ရာဇ၀င်ကို သိရပါမယ်။

ဒီကနေ့ နိုင်ငံရေး ဇာတ်စင်မှာ (အဝေးရောက်) ကပြနေသူတွေ၊ ခေါင်းဆောင်ကြီးတွေလို့ ယူဆရသူတွေထဲမှာ စာဖတ်အား ကောင်းတာ၊ လေ့လာအား ကောင်းတာ ဘယ်နှစ်ယောက် ရှိပါသလဲ။ ဗမာ့ စစ်တပ်ကို လေ့လာထားသူ ဘယ်နှစ်ယောက် ရှိပါသလဲ။ ကိုယ်ရင်ဆိုင် နေရတဲ့ ပြိုင်ဘက် (ရန်သူ့) အင်အား၊ ဖွဲ့စည်းပုံ၊ လှုပ်ရှားပုံ တို့ကို မသိဘဲနဲ့ ကိုယ်က ဘယ်လို ရင်ဆိုင်မယ်၊ အနိုင်ယူမယ် ဆိုတာကို ပြင်ဆင် ဖော်ထုတ် နိုင်မှာလဲ။။

နိုင်ငံရေးမှာ အာဏာ မရှိဘဲ ဘာမှ လုပ်လို့ မရပါဘူး။ အာဏာရဖို့ အတွက် အင်အား လိုပါတယ်။ အင်အားရှိဖို့ စည်းရုံးရေးနဲ့ အဖွဲ့အစည်း တည်ဆောက် ရပါမယ်။ အဖွဲ့အစည်း တည်ဆောက်ဖို့ စည်းရုံးနိုင်ဖို့က ရည်မှန်းချက်နဲ့ တိုက်ကွက်၊ ဗျူဟာ လိုပါတယ်။ အင်အားမရှိဘဲ စေ့စပ်ရေးကို တကျော်ကျော် အော်နေရင် လေကုန်ရုံပဲ ရှိပါလိမ့်မယ်။ ရန်သူ့ အကြောင်းမသိဘဲ (လေ) သေနတ် ပစ်ရုံနဲ့ စစ်တပ်က အာဏာ ပြန်မပေးနိုင်ပါဘူး။

ဦးကျော်ငြိမ်းနဲ့ ဗိုလ်နေ၀င်း UG ဘ၀မှ တွေ့စကတည်းက ဆိုရှယ်လစ် အုပ်စုအဖြစ် ကျောချင်း ကပ်ခဲ့ရပါတယ်။ ကွန်မြူနစ် ခေါင်းဆောင် သခင် သန်းထွန်းဟာ ဗိုလ်ဇေယျနဲ့ နီးစပ်သလို ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းဟာ ဗိုလ်နေ၀င်းနဲ့ နီးစပ်ခဲ့ရတာ အမှန်ပဲ။ ဒါဟာ အုပ်စုချင်း ပြိုင်ကြတဲ့ အာဏာ နိုင်ငံရေး (Power Politics) ရဲ့ရလဒ်ပဲ။ ဗိုလ်နေ၀င်း အာဏာ သိမ်းအပြီး ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေ ထဲမှာ ဦးကျော်ငြိမ်းဟာ ရက်ရက်စက်စက် အနှိပ်စက် ခံခဲ့ရပြန်တယ်။ သို့သော် ၁၉၆၈ ခုနှစ် နောက်ပိုင်း တရုတ်ပြည်ရဲ့ အကူအညီနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီဟာ အနောက်မြောက်မှာ ပြင်းပြင်းထန်ထန် တိုက်လိုက်လာတော့ ‘သူတပါးကျွန်တော့ အဖြစ်မခံဘူးဟေ့’ ဆိုတဲ့ စိတ်ဓာတ်နဲ့ ဦးနုရဲ့နောက် မလိုက်ခဲ့တာပါ။ နိုင်ငံရေးမှာ ယုံကြည်ချက်နဲ့ ခံယူချက်ဟာ အရေးကြီးဆုံး ပါပဲ။ ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ် စနစ်ကိုသာ ယုံသည် မဟုတ်၊ ဒီမိုကရေစီကိုလည်း စွဲစွဲမြဲမြဲ ယုံတဲ့ အတွက် တပါတီ အာဏာရှင် စနစ်ဖြစ်တဲ့ မဆလ စနစ်ကြီးကို ရဲရဲကြီးကို ဆန့်ကျင်ခဲ့တာပါ။

ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com

(ဦးဘိုဘိုကျော်ငြိမ်း သည် ဖဆပလခေတ် ဆိုရှယ်လစ် ခေါင်းဆောင်၊ ဒုတိယ ၀န်ကြီးချုပ် ဦးကျော်ငြိမ်း၏ သားဖြစ်၍ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် နေထိုင်ပါသည်။)

အပိုင်း (၃) ဦးကျော်ငြိမ်းနှင့် ၀န်ကြီးချုပ်ဦးနုနှင့် ဇာတ်သိမ်း ကောက်ချက် (Conclusion)။

ကိုးကားသောစာအုပ်နှင့် စာတမ်းများ -

သိန်းဖေမြင့်၏ ကျော်ငြိမ်း
ဗိုလ်မှူးချုပ် မောင်မောင်၏ Burma Nationalists Movements 1940-1948
Mary P Callahan ရဲ့ Making Enemies- War and State Building in Burma
Dr Maung Maung – Burma & General Ne Win
ဦးနု၏ တာတေစနေသား
ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်း


ဆက်လက်ဖက်ရှုပါရန်......