၂၀၀၉ နိုင်ငံရေး စစ်တမ်း - အပိုင်း (၂)

ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 ရက် 2009 ခုနှစ် 18 နာရီ 32 မိနစ်


တော်လှန်ရေးသမားနှင့် ပညာတတ် နိုင်ငံရေးသမား

လူ့သမိုင်းကို ပြန်ကြည့်ရင် ခိုင်မာအမြစ်တွယ်နေတဲ့ စနစ်တခုကနေ နောက်စနစ်တခုကို ပြောင်းတဲ့အခါ အကြမ်းဖက်မှုနဲ့မကင်းတဲ့ တော်လှန်ရေးနဲ့ ပြောင်းလေ့ရှိပါတယ်။ ဥပမာ - အောက်တိုဘာတော်လှန်ရေး၊ တရုတ်ပြည် တော်လှန်ရေးနှင့် အမေရိကန် တော်လှန်ရေးတို့ကို ကြည့်ပါ။ ဒါကြောင့် စနစ်တခု ပြောင်းဖို့ တိုက်ပွဲမှာ တော်လှန်ရေးသမားတွေ လိုအပ်တယ်လို့ ဆိုချင်ပါတယ်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကိုကြည့်ရင် ကိုအောင်ဆန်း အမှူးပြုတဲ့ လူငယ်ခေါင်းဆောင်တွေဟာ တော်လှန်ရေးသမားတွေပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လွတ်လပ်ရေး ရရှိရေးဟာ အဓိက။ မဖြစ် ဖြစ်တဲ့နည်းနဲ့ လွတ်လပ်ရေးကို အရယူမယ်။ ထောင်ကိုလည်း မကြောက်၊ ကိုလိုနီအင်္ဂလိပ်ကို လက်နက် ကိုင်တိုက်ရမှာကိုလည်း မကြောက်ပေ။ ဒီအတိုင်းပါပဲ တရုတ်ပြည် တော်လှန်ရေးမှာ မော်စီတုံးဟာ တော်လှန်ရေးသမားစစ်စစ် ဖြစ်ပါတယ်။

နိုင်ငံရေးမှာ ပညာပိုတတ်တဲ့ နိုင်ငံရေးသမားတွေဟာ ပညာအရှိန်ကြောင့် ပိုမို တွေးခေါ်ပိုင်းခြားလာတတ်လို့ တော်လှန်ရေးသမားလောက် မပြတ်သား အနိုင်ယူလိုစိတ် မရှိကြတော့ပါ။ အထူးသဖြင့် ဟိုသီအိုရီ၊ ဒီသီအိုရီတွေကို ညွှန်းကာ တွေဝေတတ်လာပါတယ်။ တော်လှန်ရေးမှာ ရန်သူကို မချေမှုန်းလို့ မဖြစ်ရင် ချေမှုန်းရမယ်။ လိုအပ်ရင် ကိုယ့်လူကိုလည်း စွန့်စားခိုင်း ရမယ်။ စွန့်လွှတ်အဆုံးခံစရာရှိရင် စွန့်ရဲရပေမယ်။ တချို့ နိုင်ငံရေးသမားတွေဟာ ကိုယ့်ရဲ့ ယုံကြည်ချက် ကြောင့် ပြတ်သားရက်စက်ရမယ့် အမှုတွေကို ရှောင်ကြဉ်လိုတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေးသမားလား၊ ပညာတတ် နိုင်ငံရေးသမားလား?
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲ့ လုပ်ဖော်ကိုင်ဘက် ခေါင်းဆောင်တွေဟာ တော်လှန်ရေးစိတ် အပြည့်ရှိတဲ့ ပညာတတ် နိုင်ငံရေးသမားတွေ ဖြစ်တယ်။ ဒီကနေ့ခေတ်စကားနဲ့ ပြောရရင် Hybrid နှစ်ဖက်စလုံးပါတဲ့ ခေါင်းဆောင်မျိုး ဖြစ်တယ်။ တော်လှန်ရေး ကာလမှာ တော်လှန်ရေးသမားဖြစ်လို့ တည်ဆောက်ရေးကာလမှာ ပညာတတ် နိုင်ငံရေးသမားတွေ ဖြစ်တယ်။

တော်လှန်ရေးသမား ကိုအောင်ဆန်း

၁၉၃၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုအပြီး ၁၃ဝဝ ပြည့် အရေးတော်ပုံအပြီးမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုနေရာ ရလာကြတယ်။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေတို့က ဒို့ဗမာအစည်းအရုံးထဲ ရောက်သွားပြီး၊ သခင်မြလို လူကြီးတွေနဲ့ ပေါင်းမိကြတယ်။ တော်လှန်ရေးလုပ်ဖို့ ယူဂျီ (UG) - မြေအောက်တော်လှန်ရေးအဖွဲ့ကို ဖွဲ့မိကြတော့ သခင်မြ၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုဗဆွေ၊ ကိုဗဟိန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ) နဲ့ ကျောင်းသားသမဂ္ဂက ခေါင်းဆောင်တွေပေါ့။ ဒီအဖွဲ့ကပဲ ရဲဘော် ၃ ကျိပ်ကို လွှတ်ခဲ့ကြတာပါ။ ကိုအောင်ဆန်းမှာ ဝါဒစွဲ မရှိဘူး။ လွတ်လပ်ရေးရဖို့ပဲ အာရုံစိုက်ခဲ့တယ်။ အင်္ဂလိပ်ကို တော်လှန်ဖို့ လက်နက်ကိုင်ဖို့လည်း ဝန်မလေးဘူး။ နိုင်ငံရေးအခြေအနေအရ ဖက်ဆစ်ဂျပန်တွေဆီက အကူအညီ ယူခဲ့ကြရတယ်။ စိတ်ကူးယဉ်မဆန်ခဲ့။ လက်တွေ့ကျတယ်။

ပညာတတ်နိုင်ငံရေးသမား ဗိုလ်ချုပ်အောင်ဆန်း

ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ဝင်တော့ အင်္ဂလိပ်နဲ့ စေ့စပ်ပြီး လွတ်လပ်ရေး ကြိုးပမ်းမယ်။ မရမှ ချမယ်ဆိုတဲ့ ဗျူဟာ Strategy ကို ဖဆပလ ဆူပရင်းကောင်စီ၊ အခုခေတ်တော့ စီအီးစီက ချမှတ်ခဲ့တယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတဲ့ ပေါ်လစီကို ချမှတ်ခဲ့ကြတယ်။ ဗိုလ်ချုပ်တို့ဟာ တဖက်က လွတ်လပ်ရေး ရရှိရေးအတွက် အင်္ဂလိပ်နဲ့ ဆွေးနွေးရသလို တဖက်က တိုင်းပြည် ထူထောင်ရေးအတွက် ပြင်ဆင်ခဲ့ကြရတယ်။ နောက်ဆုံး ထွက်(၂ဝဝ၉)တဲ့ တက္ကသိုလ်နေဝင်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း၊ အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲမှတ်တမ်းတွေကို ဖတ်ကြည့်ပါ။

ဒီနေရာမှာ ဖြတ်ပြီး လူသိပ်မသိလိုက်တဲ့ ဖြစ်ရပ်လေးကို တင်ပြပါရစေ။ အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲ သွားကြတော့ ဗိုလ်ချုပ်က ဖဆပလဥက္ကဋ္ဌ၊ ဖဆပလရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်ငြိမ်းက ဗိုလ်ချုပ်ရဲ့ အတိုင်ပင် (Advisor) အနေနဲ့ ပါဝင်ခဲ့တယ်။ လွတ်လပ်ရေးရမှာ သေချာပြီ။ လွတ်လပ်ရေးရပြီးနောက် ဓနသဟာယ Common-Wealth အတွင်း နေလို၊ မနေလို စဉ်းစားကြရမယ်။ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရ ရမယ့် ဝင်ငွေနဲ့ တိုင်းပြည်ထူထောင်ဖို့ 'လိုငွေ' မမျှတာကို ဗိုလ်ချုပ်တို့က သိတယ်။ ဒါ့ကြောင့် တော်လှန်ရေးသမား မျက်စိနဲ့ ကြည့်ရင် ကိုလိုနီအင်္ဂလိပ်ကို မုန်းပေမယ့် ပညာတတ်အနေနဲ့ကြည့်ရင် ဓနသဟာယအတွင်းနေပါက တိုင်းပြည်ထူထောင်ဖို့ အထောက်အပံ့ရမယ်ပေါ့။ ဒါကြောင့် ဗိုလ်ချုပ်နဲ့ ဦးကျော်ငြိမ်းတို့က ပညာတတ်မျက်စိနဲ့ကြည့်လို့ သဘောကျကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေက ဖဆပလက အင်္ဂလိပ်ကို ရောင်းစားတယ်လို့ ဗိုလ်ချုပ်နဲ့ ဖဆပလ ခေါင်းဆောင်တွေကို တိုက်ခိုက်လျက်ရှိတယ်။

ဒါကြောင့် ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဋ္ဌ သခင်မြက ကွန်မြူနစ်တို့ရဲ့ တိုက်ကွက်ထဲဝင်သွားမယ်ကို စိုးရိမ်တာကြောင့် အကြောက်အကန်ငြင်းတယ်။ ဗိုလ်ချုပ်နဲ့ ဦးကျော်ငြိမ်းတို့က သခင်မြကို လေးစားတာကြောင့် ဆက်မဆွေးနွေးကြတော့။ ရလဒ်က တိုင်းပြည်ထူထောင်ရေးမှာ ရနိုင်သလောက် အခွင့်အရေးကို မသုံးခဲ့ကြရ။ ဒါတောင် ကိုလံဘိုစီမံကိန်းနဲ့ ရသလောက် ပညာတော်သင်တွေ စေလွှတ်ခဲ့ရတယ်။ သင်ခန်းစာယူဖို့ပါ။

တရုတ်ပြည်မှာ ယဉ်ကျေးမှု တော်လှန်ရေးဖြစ်တော့ တိုင်းပြည်တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရှင်တွေကို ကာကွယ်ခဲ့သူမှာ ဝန်ကြီးချုပ် ချူအင်လိုင်းပဲ ဖြစ်တယ်။ ဒါကြောင့် ၄ ယောက်ဂိုဏ်းက ချူအင်လိုင်းကို မဲလို့ တိုက်ခိုက်ခဲ့ကြတယ် မဟုတ်ပါလား။

အောက်စ်ဖို့ဒ် (Oxford)၊ ဟားဗတ် (Harvard) တက္ကသိုလ်တို့ဟာ တိုင်းပြည်ထူထောင်ရာမှာ၊ တန်ဖိုးရှိတဲ့ ပညာတတ်တွေကို မွေးထုတ်ရာမှာ နာမည်ကျော်တယ်။ Idealism လို့ ခေါ်တဲ့ အတွေးအခေါ်ဆိုင်ရာ ယူဆချက်တွေနဲ့ မွေ့လျော်နေတတ်ကြတယ်။ နှစ်ပေါင်းမြောက်မြားစွာ ဒီမိုကရေစီထူထောင်ပြီးတဲ့ နိုင်ငံတွေဖြစ်လို့ တွေးချင်တိုင်း တွေးလို့ရတယ်။ ဒါပေမဲ့ အာဏာမက်မောလို့ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကျွန်လုပ်ဖို့၊ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ ဖက်ဆစ်စစ်ဗိုလ်ချုပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ လက်တဖက်ကို ချုပ်နှောင်လို့ လူမိုက်တို့ကို ရင်ဆိုင်ရသလို ရှိတာကြောင့် တဖန် ရှုံးပြီးသား ဖြစ်တယ်။

ဗိုလ်ချုပ်ရဲ့လမ်းစဉ်နဲ့ ဒေါ်စုရဲ့လမ်းစဉ် ဘာကွာသလဲ?

တကယ်တမ်း ဗိုလ်ချုပ်နဲ့ ဖဆပလတို့ ရွေးခဲ့တဲ့လမ်း (သို့) နည်းပရိယာယ်က အကြမ်းမဖက်တဲ့ဆွေးနွေးခြင်းဖြင့် အဖြေရှာခြင်းပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်တို့က ဝါဒ ကိုလည်း မကိုင်စွဲထားသလို အတွေးအခေါ် (Idealism) ကိုလည်း မတွယ်ဖက်ထားဘူး။ အစီအစဉ် A က အင်အား နဲ့ ဆွေးနွေးမယ်။ အစီအစဉ် B က မပေးမှ၊ မရမှ ချ မယ်။ ချ နိုင်အောင်လည်း ပြင်ဆင် ထားတယ်။ အားသာတာကတော့ စစ်ပြီးကာစမို့ 'လူ' နဲ့ 'လက်နက်' က ရှိနေပြီးသား။ ဒီဆွေးနွေးမှုနဲ့ အဖြေရှာရတာက အတွေးအခေါ် ယုံကြည်မှုကြောင့် မဟုတ်။ လက်တွေ့ဘဝကို နားလည်လို့ ဖြစ်တယ်။ မလိုဘပ်ဘဲနဲ့ အသက်တွေကို မစတေးလို။

ဒေါ်စုက ဆွေးနွေးမှုလမ်းကြောင်းကို ရွေးခဲ့ရာမှာ အတွေးအခေါ် (Idealism) ကို ယုံကြည်လို့ ဖြစ်တယ်။ Non Violence အယူဝါဒကို လက်ခံလို့ ဖြစ်တယ်။

ဗိုလ်ချုပ်ရဲ့ အား Strength မှာ 'ရ' ရမယ်ဆိုတဲ့ သံမဏိစိတ်ဓာတ် (Determination & Iron Will) ၊ ရိုးသား ပွင့်လင်းဖြောင့်မတ်မှု (Honesty) တို့ ဖြစ်လို့ ဒီစိတ်ဓာတ်ကြောင့် လူထု ရဲ့ ထောက်ခံမှုကို ရယူခဲ့တယ်။

ဒေါ်စုဟာလည်း ဖအေတူသမီး။ သတ္တိ၊ စိတ်ဓာတ်နှင့် ရိုးသားမှုကြောင့် မြန်မာ လူထု သာမက ကမ္ဘာကပါ လေးစားထောက်ခံခဲ့ကြတယ်။

ဗိုလ်ချုပ်ဟာ လူထု ရဲ့ ထောက်ခံမှုကို အင်အား အဖြစ် သုံးလျက် ဖဆပလ အဖွဲ့ကြီးကို အင်အား ဖြည့်ခဲ့တယ်။ လူထု အင်အား ကို ပြပြီး၊ ဖဆပလကို ဦးစီးပြီး တိုက်ပွဲဝင်ခဲ့တယ်။ ပထမအဆင့်မှာ ဘုရင်ခံက ဖဆပလကို နေရာမပေး။ သူ့လူတွေနဲ့ အစိုးရဖွဲ့ပြီး စက္ကူဖြူစာတမ်းကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဖဆပလက လူထုသပိတ်နဲ့ 'အား' ပြခဲ့တာကြောင့် ဘုရင်ခံပါ လစ်ပြေးခဲ့ရတယ်။

ဒေါ်စုလက်ထက်မှာ လူထု အင်အား ကို စုရုံးခွင့် ကောင်းစွာ မရခဲ့။ အားကိုးစရာ အဖွဲ့အစည်း (NLD) ကို ကောင်းစွာ ထူထောင်ခွင့် မရ။ ကမ္ဘာ့လူထုရဲ့ ထောက်ခံမှုနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို 'အား' ယူပြီး စစ်အစိုးရကို ဖိအားပေးခိုင်းရတော့တယ်။

စစ်အစိုးရက လိမ္မာပါးနပ်စွာ အာဆီယံ၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ကို 'အား' ယူပြီး အနောက်နိုင်ငံတို့ရဲ့ ဖိအားပေးမှုကို ပိတ်ဆို့ခဲ့တယ်။

ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနဲ့ အချိန်များ ကုန်သွားတယ်။ နအဖ က 'အချိန်' ကို 'လက်နက်' အဖြစ် သုံးခဲ့တယ်။

ဒေါ်စုအလံ ထောင်ထားသူ၊ ကျန်ခဲ့သူ၊ နေရာယူထားသူတွေက အရည်အချင်း အပြည့်အဝနဲ့ ခေါင်းဆောင်မှု မပေးနိုင်လို့ လူအတော်များများလည်း ရေပေါ်ဆီ နိုင်ငံရေး (Elite Politics) ဘက် ရောက်ကုန်ကြတယ်။

ဒေါ်စုဟာ အိန္ဒိယက ဂန္ဓီ Ghandi ၊ တောင်အာဖရိက မန်ဒဲလား Mandela တို့လို လူတွေကို မျှော်လင့်ချက် Hope ပေးလို့ လှုံ့ဆော်မှု (Inspiration) ပေးနိုင်တဲ့ ခေါင်းဆောင်။

ဒေါ်စုကို ကြည်ညိုလေးစားလို့ ပါဝင်လာသူတွေကို ဆီးကြိုလို့ နေရာပေးပြီး အင်အားစုရမယ်က NLD နဲ့ NCGUB တို့ ဖြစ်သင့်တယ်။ ဒီအဖွဲ့အစည်း ခေါင်းဆောင်တွေက ထိပ်မှာ ပိတ်နေလို့၊ အဝင်မခံလို့ လူထု အင်အား မပေါ်ခဲ့၊ မဖော်နိုင်ခဲ့ကြ။

လူထု အင်အားဖော်ဖို့ အားလုံးပါဝင်နိုင်တဲ့ အောက်ခြေလူတန်းစား လှုပ်ရှားမှု Grass-Root Movement လိုအပ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ ဦးဝင်းတင်နဲ့ လူငယ်တွေ ဦးစီးကြပါ။ ပြည်ပမှာ Top Down အထက်အောက်ပုံစံကို အားမကိုးဘဲ Bottom Up အောက်ကနေ အထက်ပုံစံကို ဖော်ထုတ်ပြီး အလုပ်ပြနိုင်တဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ကြပါ။

No comments:

Post a Comment