ဥပဒေအရ အုပ်ချုပ်ခြင်းနှင့် ဥပဒေနှင့်အုပ်ချုပ်ခြင်း ဘာကွာသလဲ?

ဆောင်းပါး
ဘိုကျော်ငြိမ်း
တနင်္လာနေ့၊ မေလ 18 ရက် 2009 ခုနှစ် 16 နာရီ 17 မိနစ်





(The Difference between Rule of law and Rule by law)

ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားရာက တဖန် မတရားအမှုဖွင့်၊ ရုံးတင်တဲ့ သတင်းကို ကြားရတော့ မတရားမှုကို လက်မခံတဲ့ လူသားတဦးပီပီ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ရော၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ရင်နာမိတယ်။ ဒီလို မတရားဖမ်းဆီးခံရတာ ဒေါ်စုတယောက်ထဲ မဟုတ်ပါ။ ဒေါ်စုနဲ့အတူ လွပ်လပ်ခွင့်ကို တောင့်တနေတဲ့ မြန်မာနိုင်ငံသားတိုင်း ခံစားနေရတာမို့ ခံပြင်းမိတယ်။ ဥပဒေကို အသုံးပြုပြီး ဥပဒေနဲ့သာမက အာဏာသုံးပြီး အနိုင်ကျင့်ခံနေရတာ တမျိုးသားလုံး၊ တတိုင်းပြည်လုံး အစော်ကား ခံနေကြရတာပါ။

ဥပဒေအရ အုပ်ချုပ်ခြင်း (The rule of Law) ဆိုတာဘာလဲ?
ဒီမိုကရေစီကို ယုံကြည်ရင်၊ ဒီမိုကရစီကို ကျင့်သုံးရင် လွပ်လပ်စွာ ရွေးချယ်ခွင့်သာမက - လွတ်လပ်စွာ ရောင်းဝယ်ပိုင်ခွင့်၊ စီးပွားရှာခွင့်၊ ပြောဆိုခွင့်တွေ ရှိရပါမယ်။ ဒီလွတ်လပ်ခွင့်တွေ ရှင်သန်ဖို့၊ တည်မြဲခိုင်မာဖို့အတွက် လူတိုင်းလူတိုင်း ဥပဒေဘောင်အတွင်းမှာ ရှိပြီး၊ လူတိုင်းရဲ့ အခွင့်ရေးတွေကို ဘောင်ခတ်ထားတဲ့ ဥပဒေတွေက အာမခံချက်တွေ ပေးထားရပါမယ်။ ဒါကြောင့် ဒီမိုကရေစီကို မြတ်နိုးတဲ့ လူသားတွေ၊ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ မိမိကို ကိုယ်စားပြုမယ့်သူ၊ ပြည်သူ့ကိုယ်စားလှယ်တွေကို လွတ်လပ်စွာရွေးချယ်ခွင့် (freedom to choose its own representatives) အပြင် ဥပဒေအရ အုပ်ချုပ်မှု (Rule of Law) ကို ထိထိရောက်ရောက် ကျင့်သုံးကြရပါတယ်။

အခြေခံကတော့- တိုင်းပြည်အုပ်ချုပ်မှုစနစ်၊ အစိုးရနဲ့ ဥပဒေစိုးမိုးရေးကို ဖော်ထုတ်ပေးတဲ့ Constitution လို့ ခေါ်တဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပဲ ဖြစ်တယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြည်သူပြည်သားတွေအတွက် အခြေခံကြတဲ့ အခွင့်အရေး (Basic rights) တွေကို အကာအကွယ်ပေးမယ့်၊ အုပ်ချုပ်သူအစိုးရကို ဘောင်ခတ်ထားတဲ့ ဥပဒေမျိုးတွေ ပါရမယ်။ ဥပမာ - လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လွတ်လပ်စွာ ရောင်းဝယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်မျိုးတွေပေါ့။ ဒါ့အပြင် (လူ) ဆိုတာ ဖျောက်ပြန်နိုင်တာကြောင့် (လူ့) ဆန္ဒအရ ထင်ရာမဆိုင်းနိုင်အောင် ဥပဒေပြုမယ့် အမတ်မင်းတွေ၊ ဥပဒေကိုသုံးပြီး အုပ်ချုပ်မယ့် အစိုးရအာဏာပိုင်တွေကို - ဒီဥပဒေမျိုးတော့ မသတ်မှတ်နိုင်၊ ဒီဥပဒေအရ ဒီအထိ မလုပ်နိုင် - ဆိုတာတွေကို ထဲ့သွင်းထားပြီး၊ ဘောင်ခတ်ထိန်းကွပ် ပေးထားရပါတယ်။

ဥပမာ - အမေရိက်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြတော့ တောင်နဲ့ မြောက်၊ ပြည်နယ်ကြီးနဲ့ ပြည်နယ်ငယ်တွေအကြား ကွာခြားမှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့် အခြေခံဥပဒေတွေကို သဘောတူညီမှုယူပြီး၊ ပြင်ဆင်မှုတွေကို ထပ်ဖြည့်စွက်ရအောင်ဆိုပြီး အမေရိကန်နိုင်ငံကို ထူထောင်ခဲ့ကြတဲ့ တိုင်းပြည်ခေါင်းဆောင်တွေ၊ တိုင်းပြည်ဖခင် (Founding Fathers) တွေက သဘောတူ၊ ညှိနှိုင်းအတိုးအလျှော့ လုပ်ခဲ့ကြရတယ်။ ပထမဦးဆုံး ထပ်ဖြည့်ပြင်ဆင်ချက် (First Amendment) ကတော့ Freedom of Speech လို့ နာမည်ကျော်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ပါပဲ။ ဒုတိယပြင်ဆင်ချက် (Second Amendment) ကတော့ လက်နက်ကိုင်ဆောင်ခွင့် (The rights to keep and bear arms) ပါပဲ။

ဒါကြောင့် အမေရိကန်နိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်မယ့် ဥပဒေမျိုးကို အမေရိကန် ကွန်ကရက်က ဥပဒေ မပြုနိုင်ပါ။ ဥပမာ - မြန်မာနိုင်ငံက ဆင်ဆာ (censor) ဥပဒေမျိုး လုပ်ခွင့် မရှိပါ။ လုပ်ခဲ့ရင်၊ တိုင်းသူပြည်သား တဦးတယောက် (Citizen) က သော်လည်းကောင်း၊ အဖွဲ့အစည်းတခုက သော်လည်းကောင်း - အခြေခံဥပဒေ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့်မညီ (Unconstitutional) လို့ အစိုးရကို တရားစွဲခွင့် ရှိပါတယ်။ ထိုနည်းတူစွာ လက်နက်ကိုင်ဆောင်ခွင့်ကို ဥပဒေနဲ့ မပိတ်ပင်နိုင်ပါ။ လိုင်စင်ယူပြီး လက်နက်ကိုင်ရမယ်လို့ ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်နိုင်ပါသော်လည်း၊ အစိုးရက ဘယ်သူမှ လက်နက်ကိုင်ခွင့် မရှိရလို့ မပိတ်ပင်နိုင်ပါ။

အခုလို - တရားမျှတမှုရှိဖို့ ရည်ရွယ်ချက်နဲ့ လူသားတဦး (သို့) လူတစုက ဥပဒေထုတ်ပြီး မတရားအုပ်ချုပ်မှု မရှိစေဖို့ ဥပဒေနဲ့ ဘောင်ခတ်ထားတဲ့ -နိုင်ငံ-အစိုးရ-အုပ်ချုပ်မှု- စနစ်ကို ယေဘုယျအားဖြင့် တရားဥပဒေ စိုးမိုးတဲ့ - ဥပဒေအရ အုပ်ချုပ်ခြင်း (Rule of Law) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဥပဒေနှင့် အုပ်ချုပ်ခြင်း (Rule by Law) ဆိုတာဘာလဲ?
အာဏာရှင်စနစ်ကို အခြေပြုကြတဲ့ စနစ်တိုင်း - သက်ဦးဆံပိုင် ပဒေသရာဇ်စနစ် (Feudalism) - စစ်အာဏာရှင်စနစ် (Military Dictatorship) - ဖက်ဆစ်စနစ် (Fascism) - လက်ဝဲအာဏာရှင်စနစ် (ဥပမာ ဆီးရီးယား Syria) - ပစ္စည်းမဲ့ အာဏာရှင်စနစ် (Dictatorship of the Proletariat) (ဝါ) ကွန်မြူနစ်စနစ် - တွင်မူ အုပ်ချုပ်သူလူတစု (သို့) အာဏာရှင် လူတဦးရဲ့ ဆန္ဒ - စိတ်တိုင်းကျ ဖြစ်စေဖို့ ဥပဒေထုတ်၍လည်းကောင်း၊ အမိန့်အာဏာထုတ်၍လည်းကောင်း အုပ်ချုပ်ကြပါတယ်။

ထို့ကြောင့် အထက်ဖော်ပြပါ အာဏာရှင်စနစ်တိုင်းမှာ အုပ်ချုပ်သူ အာဏာရှင်တွေရဲ့ အာဏာစိုးမိုး တည်တံ့ရေးကိုသာ ရည်စူးပြီး ဥပဒေတွေ ထုတ်ပြီး အဲဒီဥပဒေတွေကို ကိုင်ကာ ဓားမိုးအုပ်ချုပ်ပါလိမ့်မယ်။ ကြိုက်ရာဥပဒေတွေကိုထုတ်၊ ဒီဥပဒေတွေကိုကိုင်ပြီး အုပ်ချုပ်မှုစနစ်ကို Rule by Law, ဥပဒေနဲ့ အုပ်ချုပ်ခြင်းလို့ ခေါ်ဝေါ်ကြပါတယ်။ တနည်းအားဖြင့် ဥပဒေကိုသုံးပြီး မတရား အုပ်ချုပ်ခြင်း ဖြစ်ပါတယ်။

စစ်အာဏာရှင် အစိုးရဖြစ်တဲ့ နအဖ စစ်အစိုးရဟာ အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကြိုက်ရာဥပဒေတွေကို ထုတ်ပြီး၊ ပြင်ချင်သလိုပြင်ကာ သူတို့အာဏာ တည်မြဲရေးအတွက် ကြိုးပမ်းနေပါတယ်။

ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြည့်ကြရအောင် …

ဒေါ်စုကို မတရားဖမ်းဆီး စော်ကားတာ ထင်ရှားလှပါတယ်။ သူခိုးက လူလူ ပြန်ဟစ်နေခြင်းပါ။

ဒီပဲယင်းမှာ - အစိုးရရဲ့ စေခိုင်းချက်အရ ဒါမှမဟုတ် ညွှန်ကြားချက်အရ ဒါမှမဟုတ် အားပေးမှုအရ - ဉာဏ်နည်းတဲ့ လူမိုက်တစုက ဒေါ်စုကို အသက်အန္တရာယ်ပေးဖို့ - စည်းမရှိ ကမ်းမရှိ၊ ဥပဒေမရှိ မိုက်ကမ်းစော်ကား ရန်ပြုရိုက်နှက်ခဲ့ပါတယ်။ ဥပဒေအရ အုပ်ချုပ်တဲ့ နိုင်ငံဆိုရင် -လူတဦးက တခြားလူတဦးကို စော်ကားရိုက်နှက်ခဲ့ရင် - ရိုက်နှက်မှုဥပဒေအရ အရေးယူကာ၊ စော်ကားသူတွေကို ဖမ်းဆီးကာ တရားဝင် ခုံရုံးတင်ရပါမယ်။ ခုံရုံးမှာလည်း သတင်းသမားတွေကို လွတ်လပ်စွာ ကြားနာခွင့်ပြုကာ အဖြစ်မှန်ကို ကမ္ဘာကို အသိပေးပါတယ်။ အပြစ်ရှိရင် အပြစ်ရှိသူတွေကို အရေးယူနိုင်ရပါမယ်။ ဒီနေရာမှာ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ပွင့်လင်း၍ ထိန်ချန်မှုကင်းတဲ့ Transparency ဆိုတာက အရေးကြီးလှပါတယ်။ အမှုကို လူသူရှေ့မှာ ပြောင်ပြောင်တင်းတင်း ခင်းပြလို့ အဖြစ်အပျက်၊ အမှားအမှန်ကို ထင်ထင်ရှားရှား ပေါ်လွင်စေနိုင်ပါတယ်။

အဖြစ်မှန်ကို ရင်ဆိုင်နိုင်ဖို့ အင်အားမရှိတဲ့ အာဏာရှင်တိုင်းဟာ - အမှန်ကိုဖုံးကွယ်ဖို့ - သတင်းအမှောင်ချပြီး၊ အမှန်တကယ် အပြစ်ရှိသူ ငမိုက်သားတွေ၊ တာဝန်ရှိသူ အာဏာပိုင်တွေကို မဖော်ထုတ်ဘဲ၊ မတရား အရိုက်ခံရသူ၊ ပြည်သူ့ခေါင်းဆောင်ကို အပြစ်ဖို့ - လွတ်လပ်မှု ရုပ်သိမ်းကာ - အဓမ္မ မတရား အကျဉ်းချခဲ့ကြပါတယ်။

ဒေါ်စုဟာ House Arrest လို့ ခေါ်တဲ့ မိမိအိမ်တွင်း အကျဉ်းချမှုကို တောင်းဆိုခဲ့တာ မဟုတ်ရပါ။ အစိုးရအာဏာနဲ့ တဖက်သတ် မတရားအကျဉ်းချခံရတဲ့ အကျဉ်းသားပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းသမားတဦးရဲ့ လုံခြုံရေးမှာ အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတော့တယ်။ အစိုးရက တာဝန်လစ်ဟင်းလို့သာ အပြင်လူတယောက် ဒေါ်စုရဲ့ အိမ်ဝင်းအတွင်း ဝင်နိုင်ခဲ့တာပါ။

သတင်းတချို့အဆိုအရ - ဒီအမေရိကန်ဟာ မနှစ်က ၂ဝဝ၈ ခုနှစ်မှာလည်း တကြိမ်လာဖူးတယ်လို့ သိရပါတယ်။ ဒေါ်စုက အတွေ့မခံခဲ့ပါ။ ဒေါက်တာတင်မျိုးဝင်းကတဆင့် အာဏာပိုင်တွေကို အသိပေးတယ်လို့ ဆိုပါတယ်။ ဒီတကြိမ်လည်း အတွေ့မခံ၊ အသိပေးချိန်မရခင် သူဟာ အဖမ်းခံရပါတယ်။

ဒေါ်စုဟာ အတိုက်ခံခေါင်းဆောင်၊ လက်ရှိ အာဏာရှင်စနစ်ကို လက်မခံဘဲ၊ အနာခံ တိုက်ပွဲဝင်နေသူ။ ဒါဆို အတိုက်အခံခေါင်းဆောင်တဦး၏ တာဝန်ကျေပွန်ပြီလို့ ဆိုရပါမယ်။ ဒေါ်စုဟာ အတိုက်အခံ ခေါင်းဆောင်တဦးအနေနဲ့ သူ့ကို အဓမ္မမိန့်ဆိုထားတဲ့ အိမ်တွင်း အကျယ်ချုပ် ဥပဒေတွေကို အသိအမှတ်ပြုစရာ မလို။ ပိုပြီး ထင်ရှားတာက ဒေါ်စုဟာ အစိုးရသတင်းပေး မဟုတ်၊ အစိုးရဟာ သန်းပေါင်းများစွာသုံးပြီး လူတိုင်းကို အနံ့ခံခိုင်းထားတဲ့ ထောက်လှမ်းရေး အဖွဲ့ပေါင်းစုံ ရှိနေလို့ - အဲဒီအဖွဲ့တွေ အသုံးမကျတာက ဒေါ်စုရဲ့ အပြစ်မဟုတ်၊ ကျူးကျော်ဝင်ရောက်လာသူကို တိုင်ကြားဖို့မှာ သူ့တာဝန်လို့ မယူဆနိုင် - မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့အတိုင်း သတ္တိရှိရှိ ဖီဆန်ပြခဲ့တဲ့ သူရဲကောင်း။ ဒါ့ကြောင့် တရားမဝင်တဲ့ ဥပဒေကို သိက္ခာအကျခံပြီး လိုက်နာစရာမလို - ဒေါ်စုမှာ ဥပဒေအရ အပြစ်မရှိလို့ ကျနော် ခံယူမိပါတယ်။

နိုင်ငံရေးမှာ အခွင့်အရေးကို ယူတတ်ဖို့ လိုပါတယ်။ ဒီကနေ့ မြန်မာ့နိုင်ငံအရေးမှာ ဒေါ်စုဟာ ဓူဝံကြယ်ကြီးနဲ့ တူလှပါတယ်။ ခရီးသွားတွေဟာ ဓူဝံကြယ်ကြီးကိုကြည့်ပြီး လမ်းရှာကြရသလို ကျနော်တို့အားလုံးဟာလည်း ဒေါ်စုရဲ့ သတ္တိနဲ့ အလံမလှဲတမ်းဆိုတဲ့ နိုင်ငံရေးဇွဲကို အားကိုးပြီး တိုက်ပွဲဝင်နေကြရတယ်ဆိုရင် မမှားပါဘူး။ ဒါကြောင့် အောင်လံ မလဲရလေအောင် အဓမ္မ အနိုင်ကျင့်ခံနေရရှာတဲ့ ဒေါ်စုနောက်မှာ အားလုံး ညီညီညာညာရပ်ပြီး တသံထဲထွက်နိုင်ဖို့ အလွန် အရေးကြီးလှပါတယ်။ ဒေါ်စုအတွက် တိုက်ပွဲဝင်ရင်း ညီညွတ်မှုကို တည်ဆောက်ခွင့် ရနိုင်ပါတယ်။

ပြည်တွင်းအခြေအနေကလည်း အားမတန်လို့ မာန်လျှော့ထားရပေမယ့် တပြည်လုံး ခံပြင်းမှုက တနေ့တခြား ကြီးထွားလျက် ရှိပါတယ်။ စစ်အာဏာပိုင်တွေအနေနဲ့ တဖက်စီးနင်း အနိုင်ကျင့်မှုကို ဝသီအရ ကျင့်သုံးလာရင် တချက်ကလေးမှားတာနဲ့ ဝုန်းဆို ထပေါက်နိုင်တယ်ဆိုတာ နိုင်ငံရေးနားလည်သူတိုင်း သတိပြုရမယ့် အချက်ဆိုတာ မငြင်းနိုင်ပါ။ ဒါကြောင့် ဒီကိစ္စမှာ စစ်ဗိုလ်ချုပ်တွေ အကိုင်အတွယ်မှားရင် - နိုင်ငံရေးအခြေအနေ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ဒေါ်စုနောက်မှာ မားမားမတ်မတ်ရပ်၊ အန်အယ်ဒီကို ပံ့ပိုးပြီး၊ အားလုံး တသံထဲထွက်ဖို့ လိုအပ်လှပါတယ်။

စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ စစ်အစိုးရဟာ ဥပဒေနဲ့ အုပ်ချုပ်ပြီး Rule by Law ကို ကျင့်သုံးနေဦးမှာပါ။

ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မှ ဥပဒေအရ အုပ်ချုပ်တဲ့ Rule of Law ခေတ်ကို ရောက်ကြရမှာပါ။

စနစ်မပြောင်းမချင်း - မတရားမှုဆိုတာ ရှိနေမြဲ - တိုင်းပြည်နဲ့ လူမျိုးလည်း ဆင်းရဲမြဲ၊ ဆင်းရဲနေဦးမှာပါ။ စနစ်ပြောင်းချင်ရင် (ညီ) မှ၊ အဖွဲ့အစည်း ရှိမှ၊ ဗျူဟာ (Strategy) ရှိမှ၊ ခေါင်းဆောင်မှု ရှိမှ (အလုပ်) နဲ့ (တိုးတက်မှု) progress ရှိပြီး မတရားမှုကို မခံချင်သူတွေ၊ တိုင်းပြည်ချစ်သူတွေ စုစည်းလာကြပြီး (အင်အား) ဖြစ်လာမှာပါ။ အင်အားရှိမှ တဖက်က သတိပြုပြီး အဖက်လုပ်လာမှာပါ။ ရိုင်းတယ်လို့ သတ်မှတ်မစောလိုက်ကြပါနဲ့။

ကျနော်တို့အားလုံး အနှစ် ၂ဝ လုပ်လာကြတဲ့အတိုင်း ဒေါ်စု လွှတ်လွှတ်ဆိုပြီး၊ တယောက်တပေါက်၊ တနယ်တမြို့စီ၊ ဖင်လှန် အော်နေကြရုံနဲ့တော့ နအဖ စစ်အစိုးရက အရေးလုပ်မှာ မဟုတ်ပါ။ ကျနော်တို့ အားလုံးအတွက် အနစ်နာခံခဲ့တဲ့ ဒေါ်စုအတွက် ကျနော်တို့အားလုံး အနစ်နာခံရင်း ပေးဆပ်ဖို့ အလှည့်ရောက်လာပြီမို့၊ ကိုယ်ကျိုးနဲ့ ကိုယ့်အတ္တဆန္ဒတွေကို ခဏမေ့ထားကြပြီး ဒေါ်စု လွတ်မြောက်ရေးအတွက် ကြိုးစားကြရင်း ညီညွတ်မှုနဲ့ အင်အားကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းရင်းဆော်သြောလိုက်ပါရစေ။

ဒေါ်စု လွတ်မြောက်ပါစေ။

တိုင်းပြည်လည်း အာဏာရှင်စနစ်ကနေ လွတ်မြောက်ပါစေသား။

No comments:

Post a Comment