ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 ရက် 2009 ခုနှစ် 10 နာရီ 48 မိနစ်
နိုင်ငံရေးစစ်ပွဲ
အပိုင်း (၁)
နိဒန်း
လူ့လောကမှာ အခွင့်အရေးဆိုတာ အကြိမ်ကြိမ် မရပါဘူး။ ဒေါ်စုရင်ဆိုင်နေရတဲ့ အမှုကိစ္စဟာ လူအများကို စုစည်းပေးနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်စုကို ကျားကန်ပေးထားပါတယ်ဆိုတဲ့ အဖွဲ့တွေရော၊ ထောက်ခံနေပါတယ်ဆိုတဲ့ လူတွေရော၊ ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်အလုပ်ဟာဘာလဲ ဆိုတာကို ဂရုပြုမိဖို့ လိုပါတယ်။ ဂရုမပြုမိကြလို့ နိုင်ငံရေး အခွင့်အရေးပေါ်တိုင်း အဆင်သင့် မဖြစ်ဘဲ အခွင့်အရေးတွေ လက်လွတ်ခဲ့ကြရတာ အများကြီးပါ။
လက်ရှိ အခြေအနေမှန်ကို သိမှ အန္တရာယ်ကိုရှောင်၊ အောင်မြင်မှုကို မျှော်ကိုးနိုင်မယ်လို့ ယုံကြည်မိတယ်။ လက်ရှိ အခြေအနေမှန်ကို သိမှ မိမိတို့ရဲ့ လိုအပ်ချက်တွေကို သိမှပါ။ လိုအပ်ချက်တွေကို သိမှ ၊ မိမိတို့ ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာကို သိမယ်။ ပြင်ဆင်မှုရှိမှ အခွင့်အရေး ပေါ်လာရင် - အောင်ပွဲအတွက် - တိုက်ပွဲဝင်နိုင်မယ်။ လိုအပ်ချက်တွေကို သိမှ မိမိတို့ ရွေးရမယ့် ဗျူဟာ (Strategy) ကို ဖေါ်ထုတ်နိုင်တော့မှာပေါ့။
End-Game လို့ ခေါ်ရမယ့် - နောက်ဆုံး တိုက်ပွဲအဆင့် - အောင်ပွဲခံမယ့် ပွဲအစီအစဉ် (Game Plan) ကိုသိမှ ဗျူဟာ (Strategy) နဲ့ Battle Plan စစ်ပွဲအစီအစဉ်ကို ဆွဲနိုင်ပါလိမ့်မယ်။
လက်ရှိ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲလို့ မြင်စေချင်တယ်။ စစ်သားတယောက်အတွက် - စစ်ပွဲဆိုတာ - နိုင်တာနဲ့ - ရှုံးတာပဲ ရှိတယ်၊ စစ်ပွဲကို - သရေ - မတိုက်လိုကြပါ။
လက်ရှိ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲလို့ မြင်တတ်ရင် ကျနော်တို့အားလုံးဟာ ကိုယ်နေရာနဲ့ကိုယ် တာဝန်ယူ နိုင်တဲ့၊ တာဝန်ယူရမယ့်၊ တော်လှန်ရေး စစ်သားတွေချည်းပါပဲ။
လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ကျနော့်အမြင်
မြန်မာပြည်ထဲမှာ တခုခုဖြစ်ပြီဆိုရင် အပြင်မှာ ဆူကြပူကြ၊ ငိုကြယိုကြ၊ စစ်အစိုးရကို တစ်တစ်ခွခွ ဆဲဆိုကြ၊ အားမရရင် အချင်းချင်း လှည့်ရန်လုပ်၊ ပြီးရင် ဝုန်းဆို တောက်၊ ဘုန်းဆို ငြိမ်းသွားတတ်တာ အများကြီးပါပဲ။ ဂန်ဘာရီကို လွှတ်ပါဦး၊ ကုလသမဂ္ဂ ဘာလုပ်နေသလဲ၊ မစ္စတာ ဘန်ကီမွန်း ဝင်ပါတော့လား၊ အမေရိကန် ဝင်ပါတော့လား စသဖြင့် တောင်စဉ်ရေမရ အားကိုးကြတဲ့ အသံတွေကို ကြားရပါလိမ့်မယ်။ တချို့ကလည်း ဆန္ဒစောပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဖြစ်ကြကုန်တော့ မြန်မာ့နိုင်ငံရေးဟာ အပြင်က လှုပ်ရှားမှုသက်သက်ကို ကြည့်ရင် စိတ်ဓာတ်ကျစရာတွေ မြင်ရတတ်ပါတယ်။
“ဒေါ်စုကို လွှတ်ပေး”၊ “အခု အမြန်တွေ့” ဆိုခဲ့တာတွေလည်း များလှပါပြီ။ ဒေါ်စုက ၁၉ နှစ်မှာ ၁၃ နှစ် အကျဉ်းခံပြီး ရှေ့က ရဲရဲကြီး နအဖကို အာခံပြခဲ့တယ်။ ဒေါ်စုက ပြောခဲ့ရှာတယ်၊ “ရှင်တို့ရဲ့ လွတ်လပ်ခွင့်ကို အသုံးပြုပြီး ကျမတို့ရဲ့ လွတ်လပ်ရေးအတွက် ဆော်သြ တိုက်ပွဲဝင်ကြပါ” Please use your freedom to promote our freedom လို့ တောင်းဆိုခဲ့တယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီးတွေက မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို သုံးပြီး တိုက်လိုက်ကြတာ တိုင်းပြည်အတွက်ထက် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်ရေးဆိုတာသာ များပါတယ်။ အဲလိုမျိုး သဲသဲမဲမဲ တိုက်လိုက်တာ နိုင်ငံတကာမှာ ဟိုးလေးတကျော်ပဲ။
နိုင်ငံခြားကို လက်ဖြန့်တောင်းနေရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်ထူထောင်ရေး Development နဲ့ ပြန်လည်ပေါင်းစည်းစေ့စပ်ရေး Reconciliation တွေကို တွင်တွင်သုံးပြီး နိုင်ငံခြားသားတွေအကြိုက် ပရောဂျက် Project တွေ တင်နေကြတာ။ ဒါပေမဲ့ မိုးထဲလေထဲ အကျပ်အတည်း ကြုံလာတော့ နအဖကို ရင်ဆိုင်စရာ အင်အား၊ အချိတ်အဆက်-ကွန်ယက် Network တည်ထောင်မထားတော့ ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိကြတော့ဘူးပေါ့။ အမှန်ကတော့ မြန်မာတွေက ဒီမိုကရေစီနဲ့ ဒေါ်စုကို ဗန်းပြ၊ တိုင်းရင်းသား ခေါင်းဆောင်တချို့က Constitution ရေးပြနဲ့ အလုပ်ကို ဖြစ်လို့။ ပညာတတ် အယောင်ဆောင်တချို့က So called Third force လို့ ခေါ်ရမယ့် ပြည်တွင်း ပညာတတ်အုပ်စုနဲ့ ပေါင်းပြီး သင်တန်းပေးပြကြနဲ့ ကိုယ့်ဂွင်နဲ့ကိုယ် ဖြစ်နေကြတော့ Sand Castle လို့ ခေါ်တဲ့ သဲနဲ့ နန်းတော်ကြီး တည်ဆောက်ထားကြတော့ တကယ် ရေတက် လာတော့ မျောပါ ကုန်ကြပါရော။
နအဖ ဆိုတဲ့ စစ်အာဏာရှင်အုပ်စုဟာ တော်လွန်းလှလို့ မဟုတ်ပါ။ နအဖ ဘက်မှာ တိုင်းပြည် ဘဏ္ဍာတွေနဲ့ တည်ဆောက်ထားတဲ့ အစိုးရ ယန္တရားရှိတယ်။ အာဏာနဲ့ စည်းစိမ်အတွက်ဆို အဖေ အမေပါ သတ်မယ့် ခေတ်သစ် အဇာတသတ် လက်သစ်တွေကို မွေးထားတယ်။ ဉာဏ်မရှိတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကို မြှောက်ပေးထားတယ်။
ကောင်းပြီ - ဒေါ်စု အငြိုးခံရပြီ။ ကျနော်တို့ အားလုံး ဘာလုပ်နိုင်ကြသလဲ?။ ဘာကြောင့် အစော်ကားခံရတယ် ထင်သလဲ?။ အများစုဟာ နိုင်ငံခြားကိုပဲ လက်ဖြန့်တောင်းချင်ကြတယ်။ ရေပေါ်ဆီ နိုင်ငံရေး Elite Politics ကိုပဲ အားသန်ကြတယ်။ နေရာတွေ ယူထားပြီး တိုင်းပြည်နာမည် သုံးတဲ့ ခေါင်းဆောင်ကြီးတွေက ရပေါက်ရလမ်းတွေ လုမှာ စိုးတာကြောင့် ဘယ်သူမှ အဝင်မခံကြဘူး။ ဒီမိုကရေစီဆိုတာက လူတိုင်းပါဝင်နိုင်ရမယ်၊ အင်္ဂလိပ်လို Inclusive ပေါ့။ သီးသန့် သီးခြား Exclusive မဟုတ်ပါ။ ရွေးကောက်ခံ အမတ် MP ဖြစ်မှ ဦးဆောင်ရမယ်ဆိုတော့ အပြင်မှာ ရောက်နေတဲ့ နိုင်ငံရေးကို ဆောင်ရွက်လိုတဲ့ အဝေးရောက် မြန်မာနိုင်ငံသားအားလုံးဟာ ဦးဆောင်မှု မရှိကြဘဲ ဝါးအစည်းပြေသလို တယောက်တပေါက် အချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကုန်ရော။ ဒါကိုပဲ တချို့မှာ (ငါ) နိုင်ငံရေးလုပ်နေပြီလို့ ထင်မှတ်နေကြတယ်။
နိုင်ငံရေးမှ နေရာ လိုချင်ရင် တာဝန် ဆိုတာကို သိရပါမယ်။ နေရာယူထားတဲ့ သူတိုင်းရဲ့ တာဝန်ဟာ ဘာလဲ? မြန်မာပြည်မှာ စစ်အာဏာရှင် အဆုံးသတ်ရေး အားလုံး စစ်ကျွန်ဘဝက လွတ်မြောက်ရေး မဟုတ်ဘူးလား?
အစိုးရ - ယန္တရား တခုလုံးကို ထိန်းချုပ်ထားပြီး လူ ၄ သိန်းကျော် စစ်တပ်ကို ကျော်လွှားဖို့ဆိုတာ အင်အား မရှိဘဲ မဖြစ်နိုင်ပါ။ လူ တွေ မစုစည်းဘဲ အင်အား ဆိုတာ မဖြစ်နိုင်ပါ။ (တူညီတဲ့ခံစားမှု) (တူညီတဲ့ယုံကြည်မှု) ရှိတဲ့ လူ တွေ စုစည်း လာမှ အင်အား ဆိုတာ ဖော်ဆောင်လို့ ရပါမယ်။ တဦးချင်း-တဦးချင်း ခံစားချက်ရှိကြပေမယ့် တသီးတခြား စီ ရှိနေရင် အင်အား မဖြစ်ဘူး။ ဒီခံစားချက်ခြင်းတူတဲ့ လူတွေကို စုစည်းဖို့အတွက် နိုင်ငံရေးသမားတွေက စည်းရုံးဖို့ လိုပါတယ်။
(လူ) တွေကို စည်းရုံးရာမှာ
လူ တွေကို စည်းရုံးရာမှာ ရည်မှန်းချက် ဦးတည်ချက် (ဝါ) Objective ကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရမယ်။ မိမိ ရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတာကို ရှင်းပြမယ့် ဗျူဟာ strategy ကို ဖော်ထုတ်နိုင်ရမယ်။ ဒီဗျူဟာကို အကောင်အထည်ဖော်ရာမှာ ဘာတွေလိုသလဲ။ တာဝန်ယူမယ့် လူတွေ အဆင့်ဆင့်လိုမယ်၊ အဆင့်ဆင့် ဦးဆောင်မယ့် ခေါင်းဆောင်တွေလိုမယ်၊ Logistic လို့ ခေါ်ရမယ့် ပစ္စည်း အဆောက်အအုံတွေ လိုမယ်။ လိုအပ်ချက်တွေ ဖြည့်ဖို့ ငွေ လိုမယ်ပေါ့။ ဒီလိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းမလဲ၊ ဘယ်လိုဖော်ထုတ်မလဲ ဆိုတဲ့ Plan အစီအစဉ်တွေ လိုမယ်။ ဒီလို စနစ်တကျ အကွက်စိတ်စိတ် ပြင်ဆင်မှု ရှိမှ ပါဝင် သူတွေကလည်း အောင်မြင်မယ် ဆိုတာကို ယုံကြည်လာပြီး ပါဝင်မှု ဟာ ကြီးထွားလာနိုင်မှာပေါ့
ပြည်တွင်း NLD မှာလည်း သက်ကြားအို စီအီးစီ CEC တွေရဲ့ ဦးတည်ချက်က ငါတို့ ခေါင်းဆောင် မရှိရင် ငါတို့ NLD ပါတီ ကြီးထွားပြီး ဒီမိုကရေစီ ရအောင်တိုက်မယ်ဟေ့ ဆိုတဲ့ ရည်ရွယ်ချက် ရှိ၊ မရှိ ဝေခွဲရ ခက်လာတယ်။ ဒေါ်စု ပြန်လာရင် ပြန်အပ်နိုင်ဖို့ NLD ကို ထိန်းသိမ်းထားရုံသက်သက်၊ မလှုပ်မရှုပ် မပြုတ်ဆိုတဲ့ မဆလ ဆောင်ပုဒ်အတိုင်း NLD အသက်ရှူ မရပ်ရင် တော်ပြီ။ NLD မတရားအသင်း ကြေညာမခံရရင် တော်ပြီလို့ သဘောထား ပုံရတယ်။ (မှတ်ချက် - ဦးဝင်းတင်ကို ဒါထက် ဦးဆောင်ခွင့်မပြုတာ စဉ်းစားရ ခက်တယ်။)
ပြည်ပမှာ NCGUB ကရော? ဒီမိုကရေစီရရင် NCGUB ကို ဖျက်ပစ်မှာပါ။ ၁၉၉ဝ Mandate လုပ်ပိုင်ခွင့် ကို ရအောင် ထိန်းရမယ် ကြွေးကြော်ရင်း ကမ္ဘာလည့်ပြီး အစည်းအဝေးပွဲတွေ တက်၊ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်၊ ရေဒီယို အင်တာဗျူးတွေ ပေးနဲ့ မိမိတို့ တာဝန်ဘာလဲ? ငါဘာလုပ်ရမယ်? ဆိုတာ မေ့နေပုံပါပဲ။
ပြည်တွင်းပြည်ပ နိုင်ငံရေးကို နက်နက်နဲနဲ တွေးကြည့်ရင် အောက်ခြေလူတန်းစားကို စည်းရုံးပြီး တက်ကြွတဲ့ အင်အားဖြည့်မယ့် အဖွဲ့အစည်း တည်ထောင်တဲ့ Grass Root နိုင်ငံရေးကို စိတ်မဝင်စားကြဖူး။
သက်တန့်ပေါ်မှာထိုင်ပြီး လေလှိုင်းပေါ်က အပြိုင်အဆိုင် အင်တာဗျူးပေးကြတဲ့ Elite Politics လို့ ခေါ်တဲ့ (ရေပေါ်စီ) နိုင်ငံရေးကိုပဲ စိတ်ဝင်စားကြတယ်။
နောက်ဆုံးတော့ မြန်မာ့နိုင်ငံရေးဟာ အဖွဲ့အစည်းကင်းမဲ့တဲ့၊ စည်းရုံးရေး မပါတဲ့ 'သတင်း အလဲအလှယ်' နိုင်ငံရေးဘဝကို ကျဆင်းသွားရတယ်။ Breaking News လို့ ခေါ်တဲ့ နောက်ဆုံးပေါ် သတင်းပေးနိုင်သူက မျက်နှာရှိတယ်၊ သိရင် လည်း မပြောနဲ့ဦး၊ သိချင်ရင် ငါ့ဆီ လာကြပေါ့။
ဘယ်သူကမှ စစ်အာဏာရှင် ပပျောက်ရေးကို မကြိုးစားချင်ကြဘူး။ နောက်ဆုံး ဒေါ်စု တယောက်ပဲ အားကိုးရာ ဖြစ်လာရတာပေါ့။ မျှော်လင့်ချက် နဲ့ အင်အား ဟာ ဒေါ်စုတယောက်အပေါ် ရောက်သွားတော့ တော်လှန်ရေးဟာ ဒေါ်စု၊ ဒေါ်စုဟာ တော်လှန်ရေး ဖြစ်သွားပြီး နအဖ စစ်ဗိုလ်တွေကို ကူညီထောက်ပံ့ရာ ဖြစ်သွားတာပေါ့။
ဒေါ်စုတယောက်သာ အင်အား ဆိုရင် ဒေါ်စုကို ဖယ်ရှားလိုက်ရုံနဲ့ တော်လှန်ရေးဆိုတာ အရှိန် မရှိတော့ဘူးပေါ့။ ဒေါ်စုကို ဖမ်း၊ အရည်အချင်းရှိတဲ့ စိတ်ဓာတ်ရှိတဲ့ ဦးတင်ဦး ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေကို နှစ်ရှည်လများ ဖမ်းဆီးလိုက်တော့ NLD က အခွံပဲ ကျန်တယ်တယ် ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပ
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းပြည်လွတ်လပ်ရေးကို အင်္ဂလိပ်လက်က အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့ကြတဲ့ ထိပ်တန်း ခေါင်းဆောင်တစုဟာ ကောလိပ်ကျောင်းသား ဘဝမှာ စတင်စုစည်းမိခဲ့ကြပြီး ကျောင်းသားသမဂ္ဂကို အင်္ဂလိပ်အလိုတော်ရိ ကျောင်းသားတွေလက်ထဲက လုယူနိုင်ခဲ့ကြတယ်။ ဦးသိန်းဖေမြင့်က ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသန်းဖေတို့ကို ကိုအုန်းက ဆုံဆည်းပေးခဲ့တယ်လို့ ရေးပြခဲ့တယ်။ ၁၉၃၆ ခုနှစ်မှာ သမဂ္ဂ ခေါင်းဆောင် ကိုနုနဲ့ ကိုအောင်ဆန်းကို ကျောင်းထုတ်ခဲ့ရာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ဒီခေါင်းဆောင်တွေဟာ မစ္စတာရာရှစ် နဲ့အတူ သပိတ်ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ ဒီ ကျောင်းသား သပိတ်ကတဆင့် မြန်မာ့နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ကြပြီး ကျောင်းသားခေါင်းဆောင် ဘဝကနေ နိုင်ငံရေး ခေါင်းဆောင်၊ အဲဒီကမှတဆင့် တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြရတယ်။ ဒီအဆင့်ဆင့် ကာလမှာ ကိုအောင်ဆန်းကနေ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီကမှ ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း ဖြစ်လာရပြီး နောက်ဆုံးပြိုင်ဘက်မရှိ တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီး လွတ်လပ်ရေးကိုရအောင် ဦးဆောင်ပေးနိုင်ခဲ့လို့ လွတ်လပ်ရေး ဖခင်ဘဝ ရောက်ခဲ့ရတယ်။
ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းကြောင့် ဖဆပလ အဖွဲ့ကြီး ပေါ်ပေါက်လာတာပါ။ တိုင်းပြည်ချစ်တဲ့ ဗိုလ်ချုပ်ဟာ ဘကြီးဘဖေလို လက်ျာနိုင်ငံရေးသမားကြီးတွေ၊ ကရင်မျိုးချစ် ခေါင်းဆောင်တွေ၊ ရှမ်းမျိုးချစ် ခေါင်းဆောင်တွေ စတဲ့ အလွှာအသီးသီး ဒေါင့်အသီးသီးက သူ့ကျွန်မခံလိုသူတွေ အားလုံးကို ဖဆပလထဲကို ဆွဲခေါ်ပြီး ဖဆပလကို အင်အားတည်ဆောက်ခဲ့ပါတယ်။ ဒီအင်အားကို အားယူပြီးမှ နယ်ချဲ့အင်္ဂလိပ်ကို ရင်ဆိုင် ဆွေးနွေးခဲ့တာပါ။ ဗိုလ်ချုပ်နဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ ဗျူဟာ Strategy က ရှင်းတယ်၊ ပြတ်သားတယ်။ ဒို့မှာ အဖွဲ့အစည်းရှိတယ်၊ ဒို့မှာ အင်အားရှိတယ်၊ ဒို့နောက်မှာ လူထုရှိတယ်၊ ဒို့နဲ့ ဆွေးနွေး၊ တနှစ်အတွင်း လွတ်လပ်ရေးပေး၊ ရရင်ရ - မရရင်ချ ဆိုတဲ့ ဗျူဟာပဲ။ ဆွေးနွေးပွဲဆိုတာ (အင်အားနဲ့) (အကျိုး) ရှိမှ ထိရောက်မှု ရှိပါတယ်။ ဗိုလ်ချုပ်တို့ရဲ့ အင်အားက အဖွဲ့အစည်းက လာတာ၊ ပြည်တွင်းက လာတာ။
ဗိုလ်ချုပ်အောင်ဆန်း အင်အား တည်ဆောက်စဉ်မှာ အခက်အခဲ အမျိုးမျိုး ကြုံခဲ့ရပါသေးတယ်။ ဂျပန်အပြေး၊ အင်္ဂလိပ် အဝင်မှာ မြန်မာတွေကို ကျွန်ဆက်လုပ်ဖို့ အကြံနဲ့ အင်္ဂလိပ်တွေဟာ စက္ကူဖြူစာတမ်းကြီးကို ယူလာပြီး အဓမ္မ အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဉာဏ်နဲတဲ့ အင်္ဂလိပ် ဗြူရိုကရက်တချို့နဲ့ ရေပေါ်ဆီ Elite Politics ကိုသာ နားလည်တဲ့ မြန်မာအလိုတော်ကြီး တချို့က ဗိုလ်ချုပ်ကို ဂျပန်ခေတ်က လူသတ်မှုနဲ့ တရားစွဲပြီး နိုင်ငံရေးအရ ရှင်းဖို့ ကြိုးစားကြသေးတယ်။
ဗိုလ်ချုပ်အနောက်မှ ဖဆပလ အဖွဲ့ကြီးရှိတယ်။ ဖဆပလ အနောက်မှာ လူထု စစ်တပ်နဲ့ လက်နက်တွေ ရှိတယ်။ ဗိုလ်ချုပ်ကို ထိရင် ဆူပူမှုဖြစ်မယ်၊ ဆူပူမှုဖြစ်ရင် အင်္ဂလိပ်မှာ စစ်တပ် လုံလုံလောက်လောက် မရှိဘူး။ ဒါကြောင့် အင်္ဂလိပ် စစ်ဗိုလ်ချုပ်တွေ အထူးသဖြင့် မောင့်ဘက်တန်ရဲ့ ကန့်ကွက်မှုကြောင့် အင်္ဂလိပ် ဘုရင်ခံဟာ ရှေ့ဆက် မတိုးရဲဘူး။
ဒေါ်စုနဲ့ NLD
ဒေါ်စု နိုင်ငံရေးလောကထဲ ဝင်လာပုံနဲ့ အတွေ့အကြုံက ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူဘူး။ ဒေါ်စု အားယူစရာ ဗိုလ်ချုပ်ရဲ့ အရှိန်က ကျားကန်ပေးထားတယ်။ ဒေါ်စုရဲ့ စိတ်ထား၊ သဘောထား၊ ဒေါ်စုရဲ့ ရိုသားဖြောင့်မတ်မှု Honesty ၊ သံမဏိ စိတ်ဓာတ်တွေကြောင့် ကမ္ဘာမှာ အလေးစားခံရတဲ့ ဒီမိုကရေစီပုံရိပ် Democracy Icon ဖြစ်လာတာပေါ့။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုဟာ အကြိမ်ကြိမ် စမ်းသပ်ယှဉ်ပြိုင်ခြင်း ခံခဲ့ရပါတယ်။ သီဟိုဋ္ဌ်နိုင်ငံ ဂန္တီ အစည်းအဝေးပွဲအပြီးမှာ အင်္ဂလိပ် ရေတပ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်က “စစ်တပ်ထဲမှာ နေမှာလား၊ နိုင်ငံရေးခေါင်းဆောင် လုပ်မှာလား” လို့ မေးလာတယ်။ သခင်သန်းထွန်းက ဗိုလ်ချုပ်ဟာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကို ကစားပြီး ကြားက တက်ထိုင်မှာလို့ ပြောခဲ့ဖူးတယ်။ ဂိုရှယ် (ကွန်မြူနစ်ခေါင်းဆောင်) က ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးထဲ မဝင်ထိုက်၊ စစ်ဖက်မှာပဲ ခေါင်းဆောင်ထိုက်တယ်လို့ အခိုင်အမာပဲ သူ့လိုအင်ကို တင်ပြပါတယ်။
(မှတ်ချက်- စာမျက်နှာ ၃၉၃ ဦးသိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်ကို ညွန်းပါသည်။)
ဗိုလ်ချုပ်ရဲ့ ရာဇဝင်အရှိန်နဲ့ ဒေါ်စုရဲ့ Honesty ကြောင့် ဒေါ်စုဟာ မကြာခင်မှာပဲ ပြိုင်ဘက်မရှိ ခေါင်းဆောင် ဖြစ်ခဲ့ရတယ်။ ဒေါ်စုရဲ့ သတ္တိနဲ့ ခံယူချက် ပြင်းထန်မှုကြောင့် ကမ္ဘာကပါ အသိအမှတ်ပြုတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်ခဲ့ရတယ်။ ကံဆိုးတာကတော့ ဒေါ်စုရဲ့ အရှိန်နဲ့ သြဇာဟာ တမဟုတ်ချင်း မိုးထိအောင် လှေကားထောင် တက်သွားပေမယ့် NLD ဖွဲ့စည်းမှုနဲ့ ကျန်တဲ့ ခေါင်းဆောင်တွေဟာ လိုက်မမီခဲ့ဘူး။ နောက်ဆုံး ကမ္ဘာက အသိအမှတ်ပြုပြီး နိုဘယ်လ်ဆုကို ဆွတ်ခူးခဲ့ရတယ်ပေါ့။
ဝမ်းနည်းစရာ ကောင်းတာက ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ သူရဲကောင်းကိုးကွယ်တဲ့ အကျင့် ရှိတာကြောင့် ဒေါ်စုအလံကို ထောင်ပြီး ဒေါ်စုဋီကာကို ဖွဲ့နေကြရတာနဲ့၊ အဖွဲ့အစည်းနဲ့ စနစ် Organization and System ကို ကျစ်လစ်အောင် မထူထောင်နိုင်ခဲ့ကြဘူး။ ရလဒ်က ဒေါ်စုက ကောင်းကင်ပေါ် ဝုန်းဆို တက်သွားပြီး အဖွဲ့အစည်းနဲ့ နောက်ဆက်တွဲ ခေါင်းဆောင်တွေက မြေပေါ်မှာ ကားယားကြီး ကျန်ခဲ့တယ်။ ဒီအခြေအနေကိုသိတဲ့ စစ်အာဏာရှင်တွေက ဒေါ်စုကို ထိန်းချုပ်လိုက်တာနဲ့ အဖွဲ့အစည်းနဲ့ စနစ်မှာ အင်အားမတောင့်တင်းသေးတော့ စစ်စကားနဲ့ ပြောရရင် ထိုးစစ်ကို ခံနိုင်ဖို့  (ခံစစ်) အဆင်သင့် မရှိဘူးပေါ့။
ကျနော့်အမြင်အရ ရိုးရိုးသားသားပြောရရင် ကျစ်လစ်တဲ့ အဖွဲ့အစည်းနဲ့ စနစ်ရှိမှ နအဖ က ဖိနှိပ်ထိုးနှက်လာတာကို ဘယ်လိုခံမယ်၊ ဒို့ လူ တွေကို ဘယ်လိုထိန်းမလဲ? ဘယ်လိုသင်တန်းပေးမလဲ? ဘယ်ဗျူဟာ strategy နဲ့ ရှေ့ကို ချီတက်မလဲ? လူငယ်လူသစ်တွေကို ဘယ်လိုစုဆောင်းမလဲ? ဆိုတဲ့ အဖွဲ့အစည်း ရှင်သန်ဖို့၊ ထိုးစစ်ကို ခံနိုင်ဖို့ အစီအစဉ်တွေ ချမှတ်နိုင်မှာပေါ့။ (လူ) ရှိမှ လိုအပ်တဲ့ (အလုပ်) တွေကို လုပ်နိုင်မှာပေါ့။ ကျနော် ဖြစ်စေချင်တာက NLD ဆိုတာ ဒေါ်စု၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို နှစ်ရှည်လများ အဖမ်းခံနေရတာတောင် လှုပ်ရှားမှု ရှိနေတဲ့ Active & Effective Organization ဖြစ်စေချင်တယ်။
အဖွဲ့အစည်းတခုမှာ ခေါင်းဆောင်မှုဟာ ၁ဝ နှစ်ထက် ပိုပြီး မရှိသင့်ဘူး။ ဒါကြောင့် အမေရိကန် အခြေခံ ဥပဒေကို ပြင်ပြီး သမ္မတတယောက်ဟာ ၂ ခါထက်ပို အရွေးမခံရဘူးလို့ သတ်မှတ်ခဲ့တယ်။ ဒါကို သဘောတူ နားလည်တဲ့ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ဟာလည်း တရုတ်အခြေခံဥပဒေမှာ တရုတ်ခေါင်းဆောင် တယောက်ဟာ သက်တမ်း ၂ ခါပဲ အရွေးခံရမယ်လို့ ထည့်သွင်းဖြည့်စွက်ခဲ့တာကြောင့် အခု 4th Generation ၄ ဆက်မြောက် ခေါင်းဆောင်တွေက ဦးဆောင်လျက်ရှိတယ်။ ၅ ဆက်မြောက် ခေါင်းဆောင် 5th Generation တွေကို ရွေးထားပြီးပြီ။ ဒုသမ္မတ (Xi-Jinping) ဟာ ၂ဝ၁၂ ခုနှစ်မှာ သမ္မတဖြစ်လာမယ်။ ဒီလထဲက ပါတီအစည်းအဝေးမှာ 6th Generation အတွက် ပြင်ဆင်ခဲ့ပြီးပြီ။ ဒါဟာ အဖွဲ့အစည်းအတွင်းက စနစ်ပဲ။
အဖွဲ့အစည်းတခုဟာ ထိပ်မှာ အသစ်အသစ် ပြောင်းလဲခြင်းမရှိဘဲ ပိတ်ထားရင် အင်္ဂလိပ်လို Lethargic ပျင်းရိပျင်းတွဲ ဖြစ်ပြီး၊ အဖွဲ့အစည်းကျစ်လစ်မှု လျော့ပါးလာပါတယ်။ ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီမှာ ပါခဲ့တဲ့ မူလလူ ဘယ်နှယောက် ကျန်တော့လဲ? ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ပဲ ကျန်တယ် မဟုတ်လား။ နဝတ ကနေ နအဖ တဖြစ်လဲမှာတောင် ထိပ်ပိုင်း ဗိုလ်ချုပ်နှစ်ယောက်ပဲ ကျန်တော့တယ် မဟုတ်လား။ အာဏာရှင်စနစ်မှာတောင် အဖွဲ့အစည်းခေါင်းဆောင်မှုမှာ အပြောင်းအလဲ လုပ်ရတယ်။ (အရှင်ထားရတယ်) (အသေမထားဘူး) ကွာတာကတော့ အာဏာရှင်စနစ်မှာ စနစ် တည်မြဲရေးအတွက် လူလဲပြီး ခိုင်းစားတာပါ။ ကောင်းတဲ့ စနစ်မှာတော့ လူလဲပြီး အဖွဲ့အစည်း တိုးတက်အောင် ပြုမူဆောင်ရွက်ရတာပါ။ ဒါဟာ Organization Evolution အဖွဲ့အစည်းတခု တဖြည်းဖြည်း ပြောင်းလဲတိုးတက်ခြင်းပဲ။
NLD မှာတော့ ဒေါ်စုကို ပြန်အပ်ဖို့ ထိုင်စောင့်ရင်း ထိပ်မှာ အိပ်ပျော်နေတာတောင် အသိပေးမယ့်သူ ရှိပုံမပေါ်ဘူး။ ရလဒ်က ထိပ်မှာပိတ်နေတော့ အဖွဲ့အစည်းတခုဟာ ရှင်သန်မှု ရှိချင်ရင်တောင် လျော့နည်းသွားတာပေါ့။ ရေတောင် စီးဆင်းမှုရှိမှ အင်အားဖြစ်ရတယ်၊ ရှင်သန်ရတယ် မဟုတ်လား။ ရေသေဆိုရင် အင်အား မရှိနိုင်သလို ကြာရင် ရေတောင် အပုပ်နံ့ ထွက်လာတာပဲ။
နအဖ က NLD ကို တဖြည်းဖြည်း အမှည့်ခြွေ ခြွေတဲ့နည်းကို သုံး၊ အချိန်ကို လက်နက်အဖြစ် သုံးခဲ့တယ်။ အချိန်နဲ့အမျှ တဖြည်းဖြည်း အင်အားလျော့နည်းလာရင် လူ့သဘာဝအရ စိတ်ဓာတ် ကျဆင်းလာကြမယ်။ ယုံကြည်မှု လျော့နည်းလာကြမယ်။ ဒီတော့ ပါဝင်မှုနည်းလာရင် အဖွဲ့အစည်းတခုဟာ ပျက်သထက် ပျက်လာဖို့ပဲ ရှိတော့တာပေါ့။ မျှမျှတတ ပြောရရင် အာဏာရှင်စနစ်အောက်မှာ ဆန့်ကျင်ရတယ်၊ အတိုက်အခံ လုပ်ရတယ်ဆိုတာ မလွယ်ပါဘူး။ နည်းနည်းလေး ဖြစ်တာနဲ့ ဖမ်း၊ ထောင်ထဲထည့်၊ ရိုက်နှက်ညှဉ်းဆဲဖို့ ဝန်မလေး၊ လက်ရဲဇက်ရဲ အစိုးရအောက်မှာ တော်ရုံတန်ရုံ သတ္တိနဲ့ အာမခံဝံ့ဘူး ဆိုတာကို နားလည်ရမှာပါ။ တော်ရုံတန်ရုံ စိတ်ဓာတ်နဲ့ မခံနိုင်ပါဘူး။ ခံရမယ်ဆိုတာကို သိရက်နဲ့ အာခံရဲသူတွေ အလေးပြုရမှာပါ။ ဒါကြောင့် ဒီလို စွန့်စားဝံ့တဲ့ လူတွေရဲ့ စွန့်စားမှုဟာ အကျိုးရှိတဲ့ စွန့်စားမှုပဲ ဖြစ်သင့်တယ်။ ဒီလူတွေရဲ့ စွန့်စားမှုဟာ နောက်လူ စွန့်စားဖို့ မျှော်လင့်ချက် (Hope & Inspiration) ပေးဖို့ လုပ်ရပ်ဖြစ်သင့်တယ်။ စွန့်စားပြီး ထောင်ထဲ သွားနေရရုံဆိုရင် နောက်ဆက်တွဲ စွန့်စားလိုသူတွေအတွက် အဓိပ္ပာယ် မရှိတော့ဘူးပေါ့။ ဒါကြောင့် အကျိုးရှိတဲ့ စွန့်စားမှု ဖြစ်ဖို့ရာအတွက် ဗျူဟာ (Strategy) ရှိရမယ်။ (Plan) စီစဉ်မှု ရှိရမယ်။ ရည်မှန်းချက် (Objective) ရှိရမယ်။ ဒီလို ဖော်ဆောင်နိုင်ဖို့ ခေါင်းဆောင်မှု (Leadership) ရှိမှ ဖော်ဆောင်နိုင်ပါတယ်။
ခေါင်းဆောင်မှုအပိုင်းကို ဗီဇအရည်အချင်းနဲ့ စိတ်ဓာတ် ပညာအရည်အချင်း အတွေ့အကြုံ အသက် ကလည်း ပိုင်းခြားပေးပါတယ်။ လူတိုင်းလူတိုင်းဟာ ပညာလေး နည်းနည်းတတ်လာရင်၊ စဉ်းစားတတ်လာရင် စွန့်စားမှုကလေးကို တွေဝေတတ်ပါတယ်။ အတွေ့အကြုံနဲ့ အသက်ကလေး နည်းနည်း ရလာရင် အတွယ်အတာလေးတွေ ဖက်လာတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့ စိတ်ဓာတ်လေးတွေ လျော့နည်းလာတတ်ပါတယ်။ အသက်ရလာလေလေ၊ စွန့်စားစိတ် လျော့ပါးလာတတ်ပါတယ်။ ၄ဝ၊ ၅ဝ၊ ၆ဝ ပိုင်းခေါင်းဆောင်မှုနဲ့ ၇ဝ၊ ၈ဝ ခေါင်းဆောင်မှုဟာ မတူနိုင်တော့ပါ။
ကျနော်ဟာ လက်ရှိ CEC တွေကို အဓိပ္ပာယ်မဲ့ လက်လွတ်စပယ် မဝေဖန်လိုပါ။ ဒါပေမဲ့ ဒီမိုကရေစီကိုယုံရင် အမြင်ကို အမြင်အတိုင်း ဖော်ပြရဲတဲ့ သတ္တိရှိရပါမယ်။ ဒေါ်စုဟာ ဖန်ဆင်းရှင် တန်ခိုးရှင် မဟုတ်ပါ။ သတ္တိရှိတဲ့၊ စိတ်ဓာတ်ပြင်းတဲ့ ခေါင်းဆောင်တယောက်၊ လူသားတယောက်ပဲ ဖြစ်ပါတယ်။ ဒေါ်စု တယောက်ထဲရဲ့ အရည်အချင်းနဲ့၊ စွန့်စားမှုတခုထဲနဲ့ ဒီမိုကရေစီ မရနိုင်ပါ။ ဒေါ်စုကို ပံ့ပိုးဖို့ ကျစ်လစ်တောင့်တင်းတဲ့ အဖွဲ့အစည်း တိုက်ရည်ခိုက်ရည်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ လိုပါတယ်။ ဒေါ်စုရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်မယ့် အဖွဲ့အစည်းနဲ့ အဆင့်ဆင့် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ ဒီခေါင်းဆောင်တွေကတဆင့် ဒီအဖွဲ့အစည်းက လူထုကို လက်တွေ့ ဦးဆောင်ရမှာပါ။ ဒါကြောင့် အားမလို အားမရ ဖြစ်မိလို့ မိမိအမြင်ကို ရိုးသားစွာ တင်ပြရခြင်းပဲ ဖြစ်ပါတယ်။
ကျနော့် ဆန္ဒအတိုင်း တင်ပြရရင် CEC မှာ NLD ရဲ့ ခေါင်းဆောင်မှုကို ဦးဝင်းတင်ကို ပေးအပ်ပြီး (အသက်အရ) ၄ဝ တန်း၊ ၅ဝ တန်းတွေနဲ့ ဖြည့်စွက်သင့်တယ်။ အသက်အရွယ် ရလာပြီဖြစ်တဲ့ လူကြီးပိုင်းက တရုတ်ပြည်မှာလို CEC ကို ထိန်းကျောင်း (Guide) လုပ်ပေးမယ့် ပါတီလူကြီး (Party elders) တွေအဖြစ် ရပ်တည်သင့်တယ်။ လူကြီးတွေရဲ့ ပညာ (Wisdom) နဲ့ လူငယ်တွေရဲ့ တက်ကြွမှုကို ပေါင်းစပ်နိုင်ခဲ့ရရင် အင်အား ပိုဖြစ်လာနိုင်မယ်လို့ ထင်မိလို့ပါ။
၂၀၀၉ နိုင်ငံရေး စစ်တမ်း - အပိုင်း (၁)
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment