အကြံပြုပါရစေ။

ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း


လွန်ခဲ့တဲ့လက ဗမာနိုင်ငံမှာ သူရဲကောင်းများစွာဟာ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုကြားက ပြည်သူတွေရဲ့ ဆင်းရဲမှုကို မခံနိုင်လွန်းလို့ ရိုးသားစွာ ဓါတ်ဆီဈေးတွေ ကျဆင်းရေးကို ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။ ပခုက္ကူမှာ မင်းဆိုး မင်းညစ်တွေဟာ ဘုရားသားတော်တွေကို လူမဆန်စွာ တိုင်မှာပတ်ပြီး ရက်စက်စွာ ရိုက်နှက်ခဲ့တာကြောင့် သံဃာတော်တွေပါ ပါဝင်ခဲ့ပြီး ပြည်သူ့ အရေးကို သံဃာတော်တွေက ဦးဆောင် ခဲ့ပြန်ပါတယ်။ အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်လို့ နားလည်ထားတဲ့ စစ်ဘီးလူးတွေဟာ အပြစ်ကင်းတဲ့ ဆင်းရဲမှုကြောင့် ရိုးသားစွာ တောင်းဆိုလာတဲ့ လူထုကြီးနဲ့ သံဃာတွေကို ရက်ရက်စက်စက် သတ်ဖြတ်ရုံမက ဘုန်းကြီးကျောင်းတွေကို လူမဆံစွာ ဝင်ရောက် သတ်ဖြတ် ဖမ်းဆီး ရိုက်နှက်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရက်စက်မှု သရဖူ ဆောင်းထားတဲ့ စစ်အစိုးရရဲ့ နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေကို ယနေ့လို အင်တာနက် ခေတ်ကြီးမှာ မဆလခေတ်ကလို ဖုံးဖိမထားနိုင်တော့ပါဘူး။ လက်နက် မပါတဲ့ အကြမ်းဖက်မှု မပါတဲ့ ရိုးသားစွာ ခံစားချက်ကို ဖေါ်ထုတ်နေတဲ့ ပြည်သူလူထုကြီးထဲကို ရက်ရက်စက်စက် ပစ်ခတ်ရဲတဲ့ သတ္တိကြောင်တဲ့ စစ်သား စစ်ဗိုလ်တွေနဲ့ ဘုန်းကြီးတွေကို သတ်ပြီး မြောင်းထဲ ပစ်ထားတဲ့ ရုပ်ပုံတွေဟာ နေ့မကူးဘဲ ကမ္ဘာ့သတင်းတွေမှာ ဖွားကနဲ ဖွားကနဲ ဖေါ်ပြနိုင်ခဲ့ကြပါတယ်။

တဖက်သတ် မတရား သတ်ဖြတ် ဖိနှပ်မှုတွေကို နေ့စဉ်ရက်ဆက် တွေ့မြင်နေရတဲ့ ကမ္ဘာ့ ပရိတ်သတ်ကြီးဟာ မခံမရပ်နိုင် ဖြစ်ကြပြီး တိုင်းပြည် အသီးသီးက လူသားချင်း ညှာတာတတ်တဲ့ လူစိတ်ရှိတဲ့ ကမ္ဘာ့ ပရိတ်သတ်ကြီးရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ ခေါင်းဆောင်တွေဟာ လက်ပိုက် ကြည့်မနေနိုင်တော့ဘဲ ဂမ်ဘာရီ (Gambari) ကို ဗမာပြည်ကို စေလွှတ်ခဲ့ရပါတယ်။ ကမ္ဘာ့ လူဘုံအလည်မှာ အရှက်ကွဲခဲ့ရတဲ့ စစ်အစိုးရဟာလည်း မတတ်သာတဲ့ အဆုံး တွေ့ဆုံ ဆွေးနွေးရေးကို လက်ခံခဲ့ကြ ရပါတယ်။ လက်ခံချင်၍ လက်ခံခဲ့သည် မဟုတ်ပါ ရုံးရင်းကန်ရင်း ငြင်းဆန်ရင်းနဲ့ ကမ္ဘာ့ ပရိတ်သတ်ကြီးရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်သည့် အခြေအနေ ရောက်နေ၍ ရုပ်ပျက်ဆင်းပျက် အခြေအနေ ရောက်နေမှ ဟန်ဆောင် မချိပြုံး ပြုံးပြနေခြင်း ဖြစ်ပါသည်။

၁၉၉၀ ရွေးကောင်ပွဲ ပြီးကတည်းက အနိုင်ရသည့် NLD ပါတီကို အာဏာ လွှဲမပေးဘဲ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မတရား ဖမ်းဆီးထားကာ NLD ပါတီကို အမှည့်ခြွေခဲ့သည်မှာ ၁၈ နှစ်ပင် ကျော်ခဲ့ပါပြီ။ အမျိုးမျိုး လိမ်ညာ ဟန်ဆောင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ အဆင့်ပင် မရောက်ခဲ့ပါ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဟူသော စိတ်ဓါတ်ဖြင့် တိုင်းပြည်ကို ချောက်ထဲသို့ ထိုးချခဲ့ကာ ၎င်းတို့၏ တဖတ်သတ် လမ်းပြ အစီအစဉ် (Road Map) နှင့် စစ်အာဏာရှင် တည်မြဲရေးကို ဖေါ်ဆောင်နေရာမှ ယ္ခု သင်္ကန်းရောင် တော်လှန်ရေးကြီး ပေါ်လာမှ ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာ့ ပရိတ်သတ်၏ တောင်းဆိုမှုကြောင့် မတတ်သာ၍ တွေ့ဆုံခြင်းကို လက်ခံလာခြင်း ဖြစ်သည်။ လက်ခံသည်မှာလည်း စိတ်ရင်းသန့်သန့်နှင့် ရိုးသားစွာ အကြွင်းမဲ့ လက်ခံခြင်း မဟုတ်ပါ။ ဥာဏ်နီ ဥာဏ်နက်များ သုံး၍ ချို့ယွင်းချက်နှင့် လက်ခံခြင်း/ ကမ်းလှမ်းခြင်း (Conditional Acceptance/ Offer) ဖြစ်ပါသည်။

ကျနော့် အမြင်အရ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အခါကမှ ထိပ်တိုက် ရင်ဆိုင်ခြင်း (Confrontation) ကို အားမပေးခဲ့ပါ။

အမှန်အတိုင်း ဝန်ခံရပါလျှင် ထိပ်တိုက် ရင်ဆိုင်ခြင်းကို အားမပေးသည့် အတွက် အားမလို အားမရ ဖြစ်ခဲ့ရသူများတွင် စာရေးသူလည်း ပါခဲ့ပါသည်။ ဤမျှ စေတနာ သန့်စင်ခဲ့သူကို မတရား စွပ်စွဲကာ ထိပ်တိုက် ရင်ဆိုင်မှုကို မပြုပါဟု ဝန်ခံရမည် တောင်းဆိုခြင်းသည် နိုင်ငံရေး မတရား ချောင်ပိတ်ရိုက်ခြင်းပင် ဖြစ်၏။ ထို့နည်းတူ စီးပွားရေး ပိတ်ဆို့မှု ဆိုသည်မှာ ဒေါ်စုက တောင်းဆိုသည်ဘဲ ထားတင်းကြပ်သည့် နိုင်ငံများက မတရားမှုများကို မကြည့်ရှုနိုင်တော့၍ နအဖ လုပ်ရပ်ကြောင့် ကျင့်သုံးလာခြင်း ဖြစ်၏။ ဒေါ်စုကြောင့် သက်သက်ဟု မတရား မစွပ်စွဲနိုင်ပါ။

မည်သို့ပင်ဖြစ်စေ ဤတောင်းဆိုမှုများသည် အာဏာကို သုံး၍ ဒေါ်စု လက်မခံနိုင်အောင် ချည်ပြီးတုတ်ပြီး နိုင်ငံရေး ဖောင်သွင်းခြင်းပင် ဖြစ်သည်။ ဆုတ်လည်း စူး၊ စားလည်းရူး ဖြစ်အောင် နိုင်ငံရေး ထောင်ချောက် ဆင်ထားခြင်း ဖြစ်သည်။

အမှန်လည်း အခက်ခဲဖြစ်အောင် အကွက် ဆင်ထားခြင်း ဖြစ်သည်။

၁၈ နှစ် တိုင်တိုင် တွေ့ဆုံရေးကို တောင်းဆိုခဲ့သော ဒေါ်စုနှင့် NLD သည် လက်မခံနိုင်သည့် တောင်းဆိုချက်၊ ချို့ယွင်းချက်များကြောင့် ငြင်းဆန်ခဲ့ပါလျှင် အသက်ပေါင်းများစွာ စတေး၍ တိုက်ယူခဲ့ရသော ဤအခွင့်အရေးကို ခေါင်းမာစွာ ငြင်းဆန်ခဲ့၍ ပျက်သုဉ်း လွတ်ထွက် ရပါသည်ဟု စွပ်စွဲ လာကြပါလိမ့်မည်။ ပြည်သူ့ အကျိုးအတွက် ငဲ့၍ မျက်စိမှိတ်ကာ အကြွင်းမဲ့ လက်ခံခဲ့ရင်လဲ ကျောရိုးမရှိ အညံ့ခံသည်ဟု စွပ်စွဲ လာစရာ ရှိပြန်သည်။ ရှေ့လဲ တက်ရခက် နောက်လဲ ဆုတ်ရခက် အခြေအနေပင်။ ခံစားမှု၊ စိတ်လှုပ်ရှားမှု Emotion တစ်ခုတည်း ကြည့်ခဲ့လျှင် လက်ခံနိုင်စရာ မရှိပါ။ ထို့ကြောင့် NLD မှ လူတချို့က လက်ခံနိုင်စရာ မရှိဟု ဆိုခဲ့ကြပါသည်။

ပညာတတ် အမြင်နှင့် ကြည့်လျှင် ဤအခွင့်အရေးကို ဆွဲယူသင့်ပါသည်။ ထို့ကြောင့် ရှမ်းခေါင်းဆောင် တဦးက လက်ခံသင့်ကြောင်း အင်တာဗျူး တခုမှာ ပြောဆို သွားပါသည်။ အခက်အခဲဆုံး ဖြစ်သည့် မည်ကဲ့သို့ လက်ခံရမည် ဆိုသည်ကို ထည့်မဆွေးနွေးသွားပါ။

ဆုံးဖြတ်ရ ခက်နေ၍ ဒေါ်စုနှင့် NLD မှ တရားဝင် ပြန်မကြားသေးဟု ထင်မိပါသည်။ ထို့ကြောင့် နအဖက ၎င်း၏ သတင်းစာများမှ ဖိအား ပေးလာပါသည်။ ကြာလျှင် ဂမ်ဘာရီ ကအစ တရုတ်နှင့် ကုလား တို့က တောင်းဆို လာနိုင်စရာ ရှိပါသည်။

နိုင်ငံရေးမှာ ကျားကွက်ကို သတိနှင့်ရွှေ့ရန် လိုအပ်သလို ရွှေ့ကွက်ကို ကြိုတင် ပြင်ဆင်ပြီးလျှင် ကျားကွက်ရွှေ့ရန် ကြောက်စရာ မရှိပါ။ နိုင်ငံရေးမှာ ဥာဏ်ကစားတာကို ကြောက်စရာ မရှိပါ။ ဤတကွက်သည် နိုင်ငံရေး အကွက်သာ ဖြစ်၍ ချွင်းချက်နှင့် လက်ခံ၍ တဖက်ကို ပြန်ပုတ်ထုတ်သင့်ပါသည်။
ချွင်းချက်နှင့်လက်ခံခြင်း

ကျမသည် မည်သောအခါကမှ ထိပ်တိုက် ရင်ဆိုင်မှုကို အားပေးခဲ့ခြင်း မရှိပါ။ စီးပွားရေး ပိတ်ဆို့မှုသည်လည်း မိမိ၏ တောင်းဆိုမှု သက်သက်ကြောင့် မဟုတ်ပါ။ နအဖ၏ လုပ်ရပ်နှင့် ရလဒ်များကြောင့် ပေါ်ပေါက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မည်သို့ပင် ဖြစ်စေ ဤမမှန်သော တောင်းဆိုမှု ချွင်းချက်ကို မမှန်ကန်သော်ငြားလည်း တိုင်းပြည်အတွက် ငဲ့ညှာ၍ ချွင်းချက်နှင့် ပြန်လက်ခံပါမည်။ အကယ်၍ နအဖ အစိုးရအနေနှင့် နောင်စီးပွားရေး ကြပ်တည်းမှုကြောင့်၎င်း၊ ဆင်းရဲမွဲတေမှု ဒဏ်ကို မခံရပ်နိုင်တော၍ ၎င်း၊ ရိုးသားသော ပြည်သူများက တောင်းဆို ဆန္ဒပြခဲ့ကြပါလျှင် အပြစ်မဲ့သော ပြည်သူများနှင့် ဘုရားသားတော် ရဟန်း သံဃာများကို လက်နက်နှင့် ပစ်ခတ် သတ်ဖြတ်၍ မတရား ရိုက်နှက် ဖမ်းဆီးခြင်း မပြုပါ။ ပြည်သူကို ထိပ်တိုက် ရင်ဆိုင်မှုနှင့် မဖြေရှင်းဘဲ အကြမ်းမဖက်သော နည်းနှင့် ဖြေရှင်းပါမည်ဟု ကတိပြုလျှင် အကြမ်းမဖက်သော နည်းဝါဒကို ယုံကြည်ကျင့်သုံးသော ကျမက တိုင်းပြည်အကျိုးကို ရှေ့ရှု၍ လက်ခံပါမည်။

နအဖကို ကြိုးကွင်း ပြန်စွပ်ပေးလိုက်ရုံပါ။

အာဏာမက်မူး၍ မာနထောင်လွှားနေသော စစ်အာဏာရူးများ လက်ခံနိုင်စရာ မရှိပါ။ အရှက်မရှိ ဗြောင်လိမ်၍ ကတိပေးခဲ့လျှင် နောင်တချိန် ပြန်ချည်၍ ရပါသည်။ လိုအပ်သော တွေ့ဆုံရေး ဖြစ်ပေါ်လာပါလိမ့်မည်။ နအဖက လက်ခံရန် အခက် တွေ့နေလျှင် ဗိုလ်နေမြဲ ကျားနေမြဲ၊ ဘဲစားဘဲကြေ အစက ပြန်စကြရုံသာ ရှိပါသည်။

ထိုအခါကြမှ ကြားလူ ကုလသမဂ္ဂနှင့် ဂမ်ဘာရီ တို့က ချွင်းချက်မရှိ စကြတမ်းကို ရှေ့တမ်းတင် ဆွေးနွေး လာနိုင်ပါသည်။
မီးရောင်အောက်မှာ ဆွေးနွေးကြပါစို့

အရင်တစ်ခါ ဆွေးနွေးစဉ်က တိကျသော မှတ်တမ်းတင်မှု မရှိခဲ့ဟု ထင်မြင်မိပါသည်။ နအဖ ခေါင်းဆောင်များ ဒေါ်စုနှင့် တွေ့ဆုံ ထမင်းစားပွဲအပြီး တိုးတက်မှု မရှိခဲ့ပါ။ မျှော်လင့်ချက် ပေးပြီး အကြောင်း အမျိုးမျိုးပြကာ အချိန်ကို ကစားခဲ့ကြပါသည်။ ယ္ခု တစ်ချီတွင် NLD ၏ သဘောထား၊ ဆွေးနွေးပွဲ ရပ်တည်ချက်၊ မျှော်လင့်ချက် များကို အတိအကျ ရေးဆွဲပြီး ကြားလူက မှတ်တမ်း ယူထားသင့်သည်ဟု ထင်မြင် မိပါသည်။ သို့မဟုတ်က ကိုယ်ပြောသူပြောနှင့် နအဖက အထင်မှားသည်ဟု အကြောင်းပြပြီး "အချိန်" ဆွဲပါလိမ့်ဦးမည်။

ဆွေးနွေးပွဲတိုင်းတွင် စိတ်ရင်း စေတနာ မှန်ကန်စွာ တွေ့ဆုံခြင်းကိုဖေါ်ပြရန်၊ စေတနာ ဖေါ်ပြ ကမ်းလှမ်းခြင်း (Goodwill Gesture) ကို ဖေါ်ပြကြစမြဲပါ။ နအဖ အနေနှင့် ဒေါ်စုအပေါ် ထိန်းချုပ်ထားသော ကြပ်မတ်မှုများကို ဖျက်သိမ်း၍ ဤမျှ တိုင်းပြည်အတွက် အရေးပါသော ဆွေးနွေးမှုမျိုးကို တိတိကျကျ ဖေါ်ဆောင်နိုင်ရန် ဦးဝင်းတင် အပါအဝင် NLD ခေါင်းဆောင်များနှင့် ငြှိနှိုင်းခွင့်ရှိရန် လိုအပ်ပါ၍ NLD ခေါင်းဆောင် အားလုံးကို လွတ်လပ်ခွင့် ပေးရန် တောင်းဆို သင့်ပါသည်။

NCGUB သည် ပြည်ပတွင် ပရိုပိုစယ် (Proposal) ရေးခဲ့သည်မှာ (၁၈) နှစ် ကျော်ခဲ့ပါပြီ။ Proposal ရေးခြင်း၌ အတွေ့အကြုံ ရင့်ကျက်ပြီဟု ယူဆရပါသည်။ NLD ၏ သဘောထား၊ ဆွေးနွေးပွဲ ရပ်တည်ချက်၊ နိုင်ငံရေး မျှော်လင့်ချက်၊ လက်တွေ့ အခက်အခဲ၊ နှစ်ဦးနှစ်ဖက် ငြှိနှိုင်းရမည့် ပြဿနာ၊ အဖြေ စသည်တို့ ပါဝင်သည်။ စာတမ်း (Proprosal Paper) ကို NCGUB ဝန်ကြီးချုပ်နှင့် ၎င်း၏ ကုလသမဂ္ဂ တာဝန်ခံတို့က ဦးဆောင် ရေးသား ပြုစုပြီး NLD၊ ဗမာ့ ပရိတ်သတ်နှင့် ကမ္ဘာ့ ပရိတ်သတ်ကို တင်ပြ သင့်ပါသည်။ ဤသည်မှာ ဝန်ကြီးအဖွဲ့၏ တာဝန် မဟုတ်ပေဖူးလား။

ကမ္ဘာ အရပ်ရပ်သို့ ပြန့်နှံ့ ရောက်ရှိနေသည့် ပညာတတ်၊ ပညာရှင်များထံမှ အကြံဥာဏ်များကိုလည်း လက်ခံ စဉ်းစား သင့်ပါသည်။ ပြီးမှ ဒေါ်စုနှင့် NLD ခေါင်းဆောင်များက ဆုံးဖြတ်ကာ အတည်ပြုပြီး ကမ္ဘာကို တင်ပြ အပ်ပါသည်။ ထိုမှ နအဖ အစိုးရ အမှောင်ထဲတွင် ကြိတ်ဆွေးနွေးကာ လက်သီးပုန်း ထိုး၍ ရမည် မဟုတ်ပါ။
ပြည်ပ စည်းဝေးပွဲလည်း တပြိုင်ထဲ ကျင်းပပေးပါ

နအဖ အစိုးရသည် အမှောင်ထဲတွင် ကြိတ်၍ ခြိမ်းခြောက် လုယက်နေသည့် လမ်းမတော် ဖိုးတုတ်ကဲ့သို့ လူရမ်းကား လူမိုက် (Bully) နှင့် တူပါသည်။ ထို့ကြောင့် နအဖ ဖိုးတုတ် မရမ်းကားနိုင်ရန် ရပ်ကွက် တစ်ခုလုံးကို မီးမောင်းထိုး၍ ပတ်တယောင် လှည့်ရန် လိုအပ်ပါသည်။ ထို့ကြောင့် အမေရိကန်က ဦးဆောင်၍ တရုတ်နှင့် ငြှိနှိုင်းကာ မြောက်ကိုရီးယား ကဲ့သို့ နိုင်ငံပေါင်းစုံ တွေ့ဆုံပွဲကို နအဖနှင့် တပြိုင်တည်း ကျင်းပသင့်ပါသည်။ ထိုမှ နိုင်ငံပေါင်းစုံ အနေနှင့် နအဖ၊ NLD တွေ့ဆုံပွဲကို ကြီးကြပ် လေ့လာနိုင်၍ နအဖကို ထိန်းကွပ် နိုင်ပါမည်။ ဤအစည်းဝေးပွဲ ပေါ်လစီနှင့် ပတ်သက်၍ စာမျက်နှာ (၂၈) ရှိသော စာတန်းကို ကျနော်၏ အစ်ကိုဖြစ်သူ ဒေါက်တာ ထွန်းကျော်ငြိမ်း၊ ကိုမိုးသီးဇွန်၊ ဒေါက်တာ စိန်မြင့်တို့နှင့် အတူ ပူးတွဲ တင်ပြခဲ့ပြီးပါပြီ။ http://www.mizzima.com/MizzimaNews/MizzimaForum/01-July-2007.html

ဤသို့ အတွင်းအပြင် ငြှပ်ပြီး ဆွေးနွေးပွဲကို တွဲခေါ်မှ နအဖသည် ကန့်လန့်ကန့်လန့်နှင့် ပါလာနိုင်စရာ ရှိပါသည်။

ဤဆွေးနွေးပွဲ ဖြစ်လာရန် အသက်ပေါင်း များစွာ စတေးခဲ့ရပါသည်။ ဒေါ်စုနှင့် NLD ကို အော်ပြီး ထောက်ခံနေရုံနှင့် မလုံလောက်ပါ။ တာဝန်ကျေပြီဟု မယူဆသင့်၊ လူတိုင်းလူတိုင်း ကိုယ်စွမ်းသည့် ကိုယ်တတ်ကျွမ်းသည့် နေရာမှ အဆင့်ဆင့်တိုင်းတွင် ပါဝင် ကူညီသင့်ပါသည်။ ဒေါ်စု၏ ပုခုံးတခုပေါ်တွင်သာ မတရား မထမ်းခိုင်းသင့်ပါ။

လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က ဗိုလ်ချုပ် အောင်ဆန်းသည် ဖဆပလကြီးကို သတ္တိရှိရှိ ဦးဆောင် ခဲ့သော်လည်း ဗိုလ်ချုပ် အနောက်တွင် သ္ခင်မြ၊ သ္ခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ သ္ခင်ချစ်၊ သ္ခင် သန်းထွန်း၊ ကိုဗဟိန်းတို့က ပံ့ပိုး ပေးခဲ့ကြပါသည်။ ဗိုလ်ချုပ် အောင်ဆန်း နောက်တွင် အားကိုးရပြီး အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်များ ရှိပါသည်။ အားကိုးရသော ဦးဝင်းတင်နှင့် ဗိုလ်ချုပ် တင်ဦးတို့မှာ ဒေါ်စုနှင့်အတူ အထိန်းသိမ်း ခံနေရ၍ ပြည်တွင်း၌ ကျန်ရစ်သူများမှာ ဒေါ်စု ပြန်အလာကို စောင့်နေကြ၍ ပြည်ပ၌ လုပ်ကြပါ၊ လုပ်ကြပါဟု တကြော်ကြော် အော်နေသည့် အားကိုး မရသူများသာ ကျန်ရစ်ပါသည်။ ထို့ကြောင့် ဒေါ်စုကို ချစ်လျှင်၊ တိုင်းပြည်ကို ချစ်လျှင် လက်ပိုက် ကြည့်မနေသင့်ကြပါ။
သုံချောင်းထောက် ဗျူဟာ (Strategy)

နအဖသည် ၎င်းတို့ ဖာသာ ဆွေးနွေးပွဲကို လာမည် မဟုတ်ပါ။

ယ္ခု သင်္ကန်းရောင် တော်လှန်ရေးက တောခြောက်ကာ တွန်းပို့လိုက်ခြင်း ဖြစ်၏။

တောခြောက်ခံရသော နအဖကို ဒေါ်စုနှင့် NLD က တွေ့ဆုံ ဆွေးနွေး အဖြေဖေါ်ရပါမည်။

နအဖ ဥာဏ်မများရလေအောင် ကမ္ဘာက စောင့်ကြည့်ရပါမည်။

ထို့ကြောင့်
(၁) လူထုအား (လူထုအုံကြွမှု)
(၂) ဒေါ်စုနှင့် NLD ဆွေးနွေးမှု
(၃) နိုင်ငံတကာ ဖိအား
ဤသုံးချောင်းထောက် ဗျူဟာနှင့် အကောင်အထည် ဖေါ်ရပါမည်။

ထို့ကြောင့် လူတိုင်းတွင် တာဝန်နှင့် ထမ်းဆောင်ရန် နေရာ ရှိပါသည်။ အကယ်၍ နအဖက ကလိမ်ကျခဲ့ပြန်လျှင် လူထုအင်အား ပြနိုင်ရန် ကျနော်တို့ အားလုံး Uprising အတွက် ကြိုတင် ပြင်ဆင်ကြရပါမည်။
တော်လှန်ရေး အောင်ပါစေ
ပြည်သူတွေ လွတ်မြောက်ပါစေ

No comments:

Post a Comment