၂၀၀၉ နိုင်ငံရေး စစ်တမ်း -(၇)

ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 20 နာရီ 25 မိနစ်


နက်နက်နဲနဲ တွေးကြည့်ရင် ဗျူဟာဆိုတာ တော်လှန်ရေး တိုက်ပွဲတခု၊ စစ်ပွဲတပွဲရဲ့ အရှုံးအနိုင်ကို အဆုံးဖြတ်ပေးနိုင်တာမို့ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် လူအများက ဗျူဟာဆိုတာ တွင်တွင် ပြောချင်ကြတယ်။ ဒါပေမဲ့ ဗျူဟာဆိုတာကို နားလည်တဲ့အပိုင်းမှာ (အပြင်)ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားနိုင်ကြပါတယ်။ အမြင်ဆိုတာကလည်း လေ့လာအား၊ ဘဝအတွေ့အကြုံနဲ့ ပညာအခြေခံပေါ် မူတည်တယ်လို့ ယုံကြည်မိတာမို့ အမြင်ကိုပေးတဲ့ (ဉာဏ်ပညာ) အပိုင်းကို အရင်ဆွေးနွေးပါရစေ။

ဒုတိယပိုင်းအနေနဲ့ အောင်မြင်ခဲ့တဲ့ ဗျုဟာတွေ ဘာကြောင့် အောင်မြင်ရသလဲ၊ မအောင်မြင်ခဲ့တဲ့ ဗျူဟာတွေ ဘာကြောင့် မအောင်မြင်ရသလဲ ဆိုတာတွေ ဆက်ဆွေးပြီးမှ၊ ကျနော်မြင်တဲ့ ဗျူဟာကို နောက်ဆုံး ဆွေးနွေးတင်ပြပါရစေ။ အမြင်နဲ့ အသိဉာဏ်ကို အချိန်ယူ အကျယ်ချဲ့ ဆွေးနွေးလိုပါတယ်။

လူတိုင်းလူတိုင်းမှာ မွေးကတည်းက ဗီဇ အခြေခံလေးတွေ ကွာခြားမှု ရှိကြပါတယ်။ ကိစ္စတခု အပေါ်ယံကြော တွေးတဲ့ လူရှိသလို ကိစ္စတခုကို အချိန်ယူလေ့လာပြီးမှ နှိုက်နှိုက်ချွတ်ချွတ်၊ လေးလေးနက်နက် စဉ်းစားတဲ့လူမျိုး ရှိကြပါတယ်။ တချို့က ဉာဏ်ကောင်းတယ်၊ တချို့က ဉာဏ်ထိုင်းတယ်၊ တချို့က အလွတ်ကျက်တာကို အားသန်တယ်၊ တချို့က ဝေဖန်ပိုင်းခြားမှုမှာ အားသန်တယ်၊ တချို့က ပြောသမျှ ယုံလွယ်တယ်၊ တချို့က ကိုယ့်ဟာကိုယ် နားလည်လက်ခံပြီးမှ ယုံချင်တယ်၊ တချို့က ဂဏန်းသင်္ချာမှာ တော်တယ်၊ တချို့က ဘာသာစကားမှာ အားသန်တယ်၊ လူအမျိုးမျိုး၊ ဗီဇ အဖုံဖုံလို့ ပြောရမယ်ထင်တယ်။

ဒီမွေးရာပါ ဗီဇလေးတွေကို အခြေခံပြီး ကျနော်တို့ အများစုဟာ အတန်းပညာကို သင်ကြားကြတယ်။ အတန်းပညာမှာလည်း အခြေခံ အထက်တန်းကျောင်းအဆင့်၊ ကောလိပ်အဆင့် (Intermediate) ၊ တက္ကသိုလ်ဘွဲ့အဆင့် ဘွဲ့လွန်အဆင့် (Master) ၊ ပါရဂူ (Ph D) အဆင့် ဆိုတဲ့ ပညာအရည်အချင်း အဆင့်ဆင့် ရှိပြန်တယ်။ ပညာရှာတဲ့အရွယ်ပြီးတော့ ဥစ္စာရှာတဲ့အရွယ်မှာ အလုပ်လုပ်ကြရင်း ဥစ္စာရှာကြတာပေါ့၊ ဒီ ဥစ္စာရှာတဲ့အရွယ် အလုပ်လုပ်ကြရင်းမှာ ဘဝလက်တွေ့ အတွေ့အကြုံကို ရရှိကြပါတယ်။ ဒီအခြေခံဖြစ်တဲ့ ပညာနဲ့ လက်တွေ့ဘဝ အတွေ့အကြုံကို ပေါင်းမှ မိမိရပ်တည်ရတဲ့ ဘဝအခြေခံအပေါ် မူတည်ပြီး၊ ဒီဘဝ ဗဟုသုတအပေါ် အခြေခံပြီး၊ အမြင်နဲ့ ခံယူချက်ဆိုတာကို တည်ဆောက်ကြရပါတယ်။ အမြင်နဲ့ ခံယူချက်ဟာလည်း အချိန်နဲ့ လက်တွေ့ အတွေ့အကြုံ Real Life Expirer ပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ တခါတရံ ငယ်ငယ်က အမြင်နဲ့ အတွေ့အကြုံရလာတဲ့ လူကြီးအရွယ်အမြင် ကွာခြားနိုင်ပါတယ်။

မျက်မမြင် ၆ ယောက်ဟာ မိမိကိုင်တွယ်မိရာ ဆင်းရဲခန္ဓာကိုယ် အစိတ်အပိုင်းကိုမီပြီး ဆင်ကောင်ကြီးကို ပုံသဏ္ဍာန်ဖွဲ့ကြသလို၊ ကျနော်တို့ လူသားတွေဟာ မိမိတို့ရဲ့ အသိဉာဏ်ပညာနဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး မိမိတို့ရဲ့ အမြင်ကို ဖော်ထုတ်ကြတာမို့ အခြေခံမတူရင် အမြင်မတူညီနိုင်ကြပါ။

`ပန်းချီကားတချပ်ကို တပြိုင်တည်းကြည့်ရင်တောင် မိမိတို့ရဲ့ အသိဉာဏ်ပညာ အခြေခံပေါ်မူတည်ပြီး ခံစားချက်ချင်း မတူနိုင်သလို အဓိပ္ပာယ်ဖော်တာခြင်းလည်း တဦးနဲ့တဦး ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဆောင်းပါးတပုဒ်၊ တင်ပြချက်တခုကို အသိဉာဏ်ပညာနဲ့ အတွေ့အကြုံ အခြေခံပေါ်မူတည်ပြီး Understanding နဲ့ အဓိပ္ပာယ်ဖော်ဆောင်မှု Interpratation ခြင်း ကွာခြားနိုင်ကြပါတယ်။

`ကျနော် အရင်က တင်ပြခဲ့ဖူးသလို မြေအောက်လှိုဏ်ခေါင်းထဲက အမြင်နဲ့ လမ်းပေါ်က အမြင်၊ သစ်ပင်ပေါ်က အမြင်၊ ဆယ်ထပ်တိုက်ပေါ်က အမြင်၊ လေယာဉ်ပေါ်က အမြင်၊ အာကာသက အမြင်ချင်း မတူနိုင်ကြပါ။ ”ရှုမြင်တဲ့နေရာ” ချင်း မတူရင် ” အမြင်” ချင်း မတူညီနိုင်ကြသလို၊ အခြေခံ ”အမြင်” ချင်း မတူရင် ”အမြင်” ချင်း ကွာခြားနိုင်ပါတယ်။ အခြေခံဆိုတဲ့ နေရာမှာ ”အသိဉာဏ်” ကို ဖော်ထုတ်ပေးတာ အရင်းမြစ် sources (၂) ခု ရှိပါတယ်။ ”ပညာ” နဲ့ ”အတွေ့အကြုံ” ပါ။ အတန်းပညာ (သို့) စာအုပ်ထဲကပညာ (Book Knowledge) ရှိပေမယ့် (လက်တွေ့) မပါရင် အဓိပ္ပာယ် (မရှိ) ဘူးလို့တောင် ပြောလို့ရပါတယ်။ ဥပမာ - စာအုပ်ကိုင်ပြီး ကားမောင်းတတ်တယ် ထင်နေတဲ့ လူလိုပေါ့။ အတန်းပညာ မပြည့်စုံပေမယ့် (လက်တွေ့) နဲ့ အသိဉာဏ်ရပြီး အောင်မြင်ရုံမက ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပညာရှိတချို့က အသိဉာဏ်ပညာရှိမှု (Wisdom) ဟာ အတွေ့အကြုံကနေ လာတယ်လို့ ဆိုကြတာပေါ့။

*မရှိသင့်ပါ*

အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ ကွာခြားချက်မှာလည်း အာဏာရှင်စနစ်အောက်မှာ ပြောတာ၊ ယုံခိုင်းတာလုပ် ဆိုတဲ့ ယုံကြည်မှုကို ခေါင်းထဲရိုက်သွင်းပြီး ဒီမိုကရေစီစနစ်မှာ Critical Thinking လို့ခေါ်တဲ့ အတွေးအခေါ်တခု၊ အမြင်တခုကို ဝေဖန်ပိုင်းခြားစိတ်ဖြာပြီးမှ လက်ခံယုံကြည်မှုကို အားပေးပါတယ်။ ဒါကြောင့် ငါ့(အမြင်)က အမှန်-ငါ့အမြင်နဲ့လွဲရင် (ရန်သူ)၊ ငါနဲ့ အမြင်မတူသူတွေဟာ သစ္စာဖောက် တိုက်ခိုက်ထား ဆိုတာတွေဟာ Critical Thinking ကို နားမလည်သူတွေပါပဲ။

အမြင်မတူနိုင်ဘူးဆိုတာ အမြင်မတူရင်တောင် ဝေဖန်သုံးသပ်တင်ပြနိုင်ရပါမယ်။ ဒီအချက်၊ ဒီအချက်တွေကြောင့် အမြင်မတူတာ၊ ကွာဟချက်က ဘာဆိုတာ သုံးသပ်တင်ပြနိုင်ရပါမယ်။ ”အမြင်” ကို မကြိုက်တာနဲ့ ”လူ” ကို မကြိုက်၊ လူကို မကြိုက်တာနဲ့ အမြင်ကို မကြိုက်၊ လူနဲ့ အမြင်ကို မကြိုက်တာနဲ့ (နေရာမပေးနဲ့) တိုက်ခိုက်ထား ဆိုတာတွေဟာ အာဏာရှင်စနစ်တွေ ပေါက်ဖွားလာတဲ့ ”မဆလ” စိတ်ဓာတ်ဖြစ်ပြီး ကျနော်တို့ အားလုံးအနေနဲ့ အများဆိုသလို အမွေခံရရှိထားကြတာ ဖြစ်ပါတယ်။

တကယ်တော့ ကျနော့်အမြင်ကို တင်ပြရရင် ဘာသာရေးနယ်ပယ် အပြင်ဘက်မှာ Absolute Truth ဆိုတဲ့ (လုံးဝ) အမှန်ဆိုတာ ရှားပါတယ်။ Relative Truth ဆိုတဲ့ နှိုင်းယှဉ်ချက် (အမှန်) တရားကပဲ ပိုရှင်သန်နိုင်ပါတယ်။ ဒါကြောင့် Relative Truth နယ်ပယ်မှာ ဘာကြောင့် ငါ့ (အမြင်) ကပဲ အမှန်ဖြစ်ရမှာလဲ။

နောက်တခေတ် လူငယ်လေးတွေ စဉ်းစားနိုင်ဖို့ ကျနော့်ရဲ့ ဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီး ဆွေးနွေးပါရစေ။

*ပညာ* *

ပညာရှာတဲ့ ပထမအရွယ်မှာ ကျနော်တို့အားလုံး တတ်စွမ်းသမျှနဲ့ အခြေအနေပေးသမျှ ပညာရှာကြရတာပေါ့။ မသိရင် ဘွဲ့လေးတခုရလာပြီ ဆိုပြီးတော့ ဘဝင်လေးကြွလာစရာပေါ့။ တကယ်တမ်းသိရင် ပါရဂူ Ph.D Level မှာတောင် ကျောင်းဆိုတာ လိုအပ်မယ့် အခြေခံကိရိယာ Tools ကိုပဲ သင်ပေးလိုက်တာပါ။ Ph.D အဆင့်မှာတောင် အခြေခံသုသေသန Research လုပ်အောင် Dissertation Thesis ရေးခိုင်းလိုက်တာပါ။ တကယ့်ပညာက အလုပ်ထဲရောက်မှ တကယ်လုပ်ရင်း လိုအပ်လို့ဖြစ်စေ၊ စိတ်ဝင်စားလို့ဖြစ်စေ မိမိဘာသာ လေ့လာမှုနဲ့ လက်တွေ့စမ်းသပ် လုပ်ကိုင်မှုကမှ တတ်လာရပါတယ်။ အလုပ်မရှိရင် ကိုယ်တတ်ထားတဲ့ ပညာကို စမ်းသပ်ခွင့် Apply လုပ်ခွင့်မရှိရင် စာတွေ ဘယ်လောက်ဖတ်ဖတ် မပြီးပြည့်စုံနိုင်ပါ။ လုပ်သက်လေးရလာမှ စာတွေ့ကို လက်တွေ့က ဖြည့်ဆည်းပေးသွားပြီး Confidence လို့ခေါ်တဲ့ မိမိကိုယ်ကို မိမိယုံကြည်မှု ရလာပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် (၁) အတန်းပညာ၊ (၂) လက်တွေ့ (အလုပ်မှ) ပညာ၊ (၃) ဆည်းပူးပညာ ဒီ ၃ ခု ပေါင်းမှ - ပညာအပြင် (ဉာဏ်) နဲ့ (အသိ) အင်္ဂလိပ်လို Experience & Knowledge Wisdom ရလာတယ်။ ဒီက ရလဒ် အခြေခံ Experience & Knowledge Wisdom ရဲ့ အတိမ်အနက်ကို မူတည်ပြီး “အမြင်” ကို ရလာပါတယ်။

*အမြင်*

စစ်တပ်တခုမှာ တပ်ကြပ်အရာခံ ဗိုလ် Non-commissioned Officer (NCO) နဲ့ စစ်ဗိုလ် Commissioned Office ကွာခြားသလို တိုးတက်ပြီး နိုင်ငံတွေမှာ Blue Collar နဲ့ White Collar အလုပ်သမားချင်း ကွာခြားကြပြန်တယ်။ စစ်တပ်တခုမှာ NCO တွေဟာ အလွန်အရေးပါပေမယ့် တာဝန်ယူရတဲ့ အဆင့်ကျတော့ မတူကြပါ။ တပ်စု၊ တပ်စိပ်၊ တပ်ခွဲတွေအတွင်းမှာ NCO တွေဟာ အရေးပါပေမယ့် တပ်ခွဲတပ်ရင်းတွေကို ဦးစီးပြီး အုပ်ချုပ်ရတာက ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်ကြီးတွေပဲ လက်ရှိမြန်မာ့တပ်မတော်မှာ ဗိုလ်မှူးကြီးဖြစ်မှ တပ်ရင်း (၂)၊ တပ်ရင်း (၃) ကို ကိုင်တိုက်ရတဲ့ ဗျူဟာမှူး ဖြစ်တယ်။ ဗိုလ်မှူးချုပ်ဖြစ်မှ တပ်မမှူးဖြစ်တာကိုး။ တပ်မမှူးရဲ့ အဆင့် - တပ်မမှူးရဲ့ တာဝန် - တပ်မမှူးရဲ့ အမြင်ဟာ - တပ်ကြပ်အရာခံဗိုလ်တွေရဲ့ (အမြင်) နဲ့ မတူတော့ဘူးပေါ့။ ထမ်းရတဲ့ တာဝန်ချင်းမှ မတူတာဘဲ။

ထိုနည်း၎င်းပဲ အရပ်သားဘက်မှာလည်း Blue-collar အလုပ်သမားဆိုတာ လက်တွေ့တတ်ကျွမ်းမှုမှာ လိုအပ်အရေးပါပေမဲ့ အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူရတဲ့ White-collar အလုပ်သမားတယောက်နဲ့ (အမြင်) ချင်း မတူကြတော့ဘူးပေါ့။ အုပ်ချုပ်ရေးမှာလည်း အဆင့်တာဝန်ယူရတဲ့အပေါ် မူတည်ပြီး (အမြင်) ချင်း ကွာနိုင်တာပဲပေါ့။ ဒီနေရာမှာ အထူးသတိပြုစေချင်တာက တယောက်က တယောက်ထက်သာတယ်လို့ မဆိုလို၊ ခွဲခြားလိုခြင်း မဟုတ်။ ရာထူးအဆင့် - တာဝန်ယူရမှု အပေါ်မူတည်ပြီး (အမြင်) ကွဲနိုင်တာကို ဆိုခြင်းသာ ဖြစ်ပါတယ်။

ကျနော့် လက်တွေ့ - အတွေ့အကြုံနှင့် ယှဉ်ပြီး ဥပမာ ပေးပါရစေ။ အမေရိကားမှာ - အင်ဂျင်နီယာတယောက်ဟာ လက်တွေ့ အတွေ့အကြုံနဲ့ အရည်အချင်းပေါ်မူတည်ပြီး - အင်ဂျင်နီယာ, Sr. Engineer, Principal နဲ့ နောက်ဆုံး Architect ဆိုတဲ့ အဆင့်တွေ ရှိပါတယ်။ Architect အဆင့်ရောက်ရင် End-to-End , System အစက အဆုံးအထိ Design လုပ်ရပါတယ်။ Design Engineer ဆိုတာက Component တစိတ်တပိုင်းပဲ Design လုပ်ရပါတယ်။ တချို့ကတော့ အဆင့်မြင့်လာရင် Consultant အဆင့်ပေးပါတယ်။ ဒါဟာ အင်ဂျင်နီယာ Technical ဘက်မှာ နေချင်ရင်ပေါ့။ Technical မှာပဲ အုပ်ချုပ်ရေးဘက် လိုက်ချင်ရင် Engineering မန်နေဂျာ၊ Consultant မန်နေဂျာတွေ ဖြစ်လာနိုင်တာပေါ့။

ကျနော် အလုပ်ဝင်ဝင်ခြင်း Entry level job မှာ အင်ဂျင်နီယာ၊ အဲဒီကတဆင့် Consultant ၊ ဒီကမှ Consultant manager ဆိုပြီး တဆင့်တဆင့် ရာထူးတက်လာခဲ့ပြီး ၁ဝ နှစ်လောက် အတွေ့အကြုံရတော့ HP မှာ Architect ရာထူးကို ရခဲ့ပါတယ်။ ပထမတော့ ရာထူးလေးရလာတော့ ကိုယ့်ကိုယ့်ကို အထင်ကြီးပြီး ဘဝင်မြင့်မဲ့မိတာပေါ့။ အခက်ခဲဆုံး ဒီဇိုင်းတာဝန်ယူရတဲ့ အင်ဂျင်နီယာကြီး ဖြစ်ပြီကိုး။ ကံကောင်းချင်တော့ ကျနော် အရင်ကလုပ်ခဲ့တဲ့ ကုမ္ပဏီတုန်းက ပြိုင်ဘက် - ကျနော်တို့ ဆက်သွယ်ရေးကဏ္ဍရဲ့ အစိတ်အပိုင်းတခုမှာ ထိပ်တန်းက ရှိနေတဲ့ ကုမ္ပဏီရဲ့ အရာရှိကြီးတယောက် ဖိတ်ခေါ်တာနဲ့ သွားတွေ့ခဲ့တယ်။ ဘဝင်ကလေးနဲ့ ခေါင်းတထောင်ထောင် ဖြစ်နေတဲ့ ကျနော်က ရဲရဲတောက် ပြောရဲလို့ ထင်ပါရဲ့ ငါရာထူးတက်ပြီ၊ မင်း ငါ့နေရာကို ယူ၊ ငါ့လက်အောက်မှာ လုပ်၊ မင်း လုပ်နိုင်မလားလို့ ကမ်းလှမ်းလာတယ်။ ဘဝင်ကလေးနဲ့မို့ ငါးခူပြုံးပြုံးပြီး စိတ်ထဲမှာတော့ မင်းတောင်လုပ်နိုင်တာ ငါလည်း ရတာပေါ့လို့ ထင်လုံးကြီးခဲ့တယ်။ ကွာတာက အရင်က အင်ဂျင်နီယားလုပ်ငန်းပဲ တာဝန်ယူရတာ။ Product ထုတ်ကုန်တခုလုံး တာဝန်ယူရတဲ့အခါ တခါမှ မကျွမ်းခဲ့တဲ့ Manufacturing ဆိုတာပါလာတယ်။ ဆက်တိုက် Supply Chain ဆိုတာ ပါလာတယ်။

လေယာဉ် ကုမ္ပဏီတခုဟာ ဓာတ်ဆီဈေး အတက်အကျကို ခံနိုင်ဖို့ ဓာတ်ဆီကို Hedge လုပ်ရသလို ကျနော်တို့ဆီမှာ တနှစ်လုံးသုံးမယ့် Logic Chip တွေကို ကြိုဝယ်ရတယ်။ Documentation က ဘာတွေ ဖော်ပြရသလဲ? ဆိုပြီး မေးလာတယ်။ Marketing က ဈေးသတ်မှတ်ဖို့ Marketing Program တွေ လုပ်ဖို့ တောင်းဆိုလာပြီး Sales က ပစ္စည်းတွေ ဘယ်တော့ ပို့မှာလဲ? ဝယ်သူတွေ သိချင်နေပြီ၊ လူ လွှတ်ပါဦးတဲ့။ PR က သတင်းဂျာနယ်တွေနဲ့ တွေ့ပါဦးနဲ့ အရူးမီးဝိုင်းသလို ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်မိသလို ခံစားရတယ်။

အမေရိကန်က ကုမ္ပဏီအများအဖြင့်က (လူ)ကို ရွေးပြီး တာဝန်ပေး၊ လွှတ်ပေးလိုက်တာပဲ။ မနိုင်ရင် အလုပ်ထုတ်ခံရမှာပေါ့။ ကျနော်မှာ အားသာချက်တခု ရှိတာက မတတ်ရင် မတတ်ဘူးပြောဖို့ ဝန်မလေးဘူး - မနိုင်ရင် မနိုင်ဘူး၊ လက်ခံဖို့ မကြောက်ဘူး။ ဒါကြောင့် ကျနော်လို ရာထူးရှိတဲ့ အတွေ့အကြုံရင့်တဲ့ လူကို ထမင်းစားဖိတ်ပြီး အကြံတောင်းရတယ် ဆရာတင်ရတယ်။ ဒီလူက လမ်းပြပေးတာကြောင့် ကျနော် နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ခဲ့တယ်။ မတတ်ရင် တတ်တဲ့သူကို ခေါ်ရှင်းပြခိုင်းရတယ်။ လက်လွှဲနိုင်မယ့် လူတော်တွေကို ရွေးခန့်ရတယ်။ သူများတွေပြောတာ နားထောင်ရတယ်။ အကုန်တတ်စရာမလို။ မိမိသိသင့်တာကိုပဲ ရွေးလေ့လာရတယ်။ မဆိုင်တာကို အချိန်ကုန်မခံနဲ့ စသည်စသည်ဖြင့်ပေါ့။

လောကမှာ ဆရာလည်း လိုတယ်၊ ယုံရမယ့် တပည့်လည်း လိုတယ်။ လက်ရှိအဆင့်ဟာ နောက်တက်မယ့် အဆင့်အတွက် ပြင်ဆင်ခြင်းပဲဆိုတာ နားလည်လာတယ်။ အဓိက ပညာရလိုက်ကတော့ ငါ ဘာမှမသိပါလား။ ငါဟာ ဘာမှ မဟုတ်ပါလားဆိုတဲ့ “သတိ” တရား ရလာရပါတယ်။ တတ်လေ၊ ဖတ်လေ ငါ ဘာမှ မတတ်သေးပါလား။ လေ့လာစရာတွေ မကုန်နိုင်ပါလားဆိုတာ သဘောပေါက်လာရတယ်။ ဆရာဝန်ဖြစ်စေ၊ အင်ဂျင်နီယာဖြစ်စေ နောက်ဆုံး စီးပွားရေးကို နားလည်ရမယ်ဆိုတာ သဘောပေါက်လာတယ်။ P & L လို့ ခေါ်တဲ့ အရှုံးအမြတ်ကို တာဝန်ယူရရင် စီးပွားရေး နားမလည်လို့ မရတော့ပါ။

*အဆင့်မတူ - အမြင်မတူရင် - ဗျူဟာ မတူပါ * *

ဒီနေရာမှာ “အဆင့်”ဆိုတာ ခွဲခြားလိုတဲ့ ဆန္ဒမဟုတ်ကြောင်း သတိပြုစေလိုပါတယ်။ ရာထူးအဆင့် မတူရင် “အမြင်” မတူ၊ တာဝန်ယူရတာချင်း မတူတာကြောင့် “အမြင်” မတူရင် (ဗျူဟာ) မတူတာကို ဆိုလိုတာပါ။ ကျနော်တို့ ကုမ္ပဏီကို High-Tech Company အဆင့်မြင့် အတတ်ပညာကုမ္ပဏီလို့ ခေါ်ပါတယ်။ “အတတ်ပညာ” Technology ဟာ အရေးကြီးပါတယ်။ ကျနော့်အဆင့် ကျနော့်တာဝန်ဟာ ကျနော့် Product ထုတ်ကုန် ကျနော့်ဈေးကွက်မှာ ထိပ်တန်းဖြစ်ရေး ဖြစ်တယ်။ ကျနော်တို့ ကုမ္ပဏီဟာ ကျနော် Product အတွက် သန်းနဲ့ချီပြီး ရင်းနှီးခဲ့ရတယ်။ ဒီ့အပြင် သန်းပေါင်းမြောက်မြားစွာ ရင်းပြီး ဒီအတတ်ပညာအတွက် ကုမ္ပဏီတခုကို ဝယ်ခဲ့တယ်။ ကျနော့်အဆင့်၊ ကျနော့်တာဝန်၊ ကျနော့်အမြင်က ကြည့်ရင် ကျေနပ်စရာပေါ့။ သန်းပေါင်းမြောက်မြားစွာ ရင်းပြီးမှတော့ ကုမ္ပဏီက ဒီအတတ်ပညာ Technology ကို ကျေနပ်စိတ်ချလို့ ယူဆနိုင်တာပေါ့။ ကျနော်ရဲ့ ဖောက်သည် Customers တွေကိုလည်း ဒီအတိုင်း အာမခံပေးခဲ့တာပဲ။ ဒါပေမဲ့ ကျနော်တို့ရဲ့ ခေါင်ချုပ်ဘိုးတော် အဆင့်ကကြည့်ရင် - ဒီ Technology ကို အသိအမှတ်မပြုရင် ဖောက်သည်တွေက ဒီအတတ်ပညာ Technology ကို ပြိုင်ဘက်တွေဆီက ဝယ်ရင်း ပြိုင်ဘက်တွေဝင်လာပြီး အဓိကထုတ်ကုန် Product ရဲ့ အရောင်းကျမှဆိုလို့ ငွေအကုန်ခံပြီး မိတ်မပျက်ရအောင်၊ ဖောက်သည်တွေ တခြားမရောက်အောင် “ကွက်လပ်” ဖြည့်ထားတာ။

High-Tech ဈေးကွက်မှာ Technology အသစ် ထွက်ပေါ်လာရင် Technology ကို တည်ဆောက်ရင်း အားလုံးကို လိုက်နာရမယ့် “စံ” Standard ကို ဖော်ထုတ်ရင်း Product ကို တည်ဆောက်ရတယ်။ ဒါကြောင့် ဒီ Technology နဲ့ နောက် Technology ပြိုင်ကြရတယ်။ ကျနော်တို့ ကုမ္ပဏီဟာ ထိပ်တန်းမှာ ရှိတာကြောင့် ဒီ Technology ကို ဖော်ထုတ်ကြတဲ့ Forum တွေမှာ သြဇာရှိတယ်။

တနေ့ ကျနော်တို့ဘိုးတော်က ကျနော့် Boss ကို ခေါ်ပြီး၊ မင်းတို့ Technology ကို သတ်လိုက်လို့ အမိန့်ပေးတယ်။ ကျနော်တို့ ဘိုးတော်အဆင့်ကျတော့ ကျနော်တို့ ကုမ္ပဏီကို ဘယ် Technology နဲ့ သွားမယ်၊ သွားသင့်တယ်။ ပြိုင်ဘက် Technology ကို ဝင်မသုံးရင်၊ ဝင်မရင်းဘဲ သြဇာမရှိနိုင်၊ သြဇာရှိမှ ဖျက်ပစ်နိုင်တာပဲ။

၂ဝ ရာစုအစမှာ အမေရိကန်မြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အားသုံးတဲ့ Train လို့ ခေါ်တဲ့ ရထားတွေ ခေတ်စားလာတယ်။ ဒါကြောင့် ကားကုမ္ပဏီ ဘိုးတော်တွေနဲ့ ရေနံကုမ္ပဏီ ဘိုးတော်တွေ ပေါင်းပြီး ဖျက်ပစ်လိုက်ကြတယ်။ ဒါကြောင့် အမေရိကားမှာ Public Transport လို့ ခေါ်တဲ့ အများသုံး လမ်းပန်းဆက်သွယ်ရေး စနစ်က သိပ်ညံ့တယ်။ ဒါကြောင့် ဘယ်သွားသွား ကားရှိမှ ဖြစ်တယ်။ ဒါမှ ကားရောင်းရမယ်၊ ဓာတ်ဆီရောင်းရမယ်ပေါ့။

၁၉၇ဝ ခုနှစ်တွေမှာ အာရပ်တွေက ရေနံအရောင်းပိတ်ပြီး နိုင်ငံရေးအတွက် အမေရိကားကို ညှစ်တော့ လူတွေက မဖြစ်ချေဘူးဆိုပြီး Alternative Energy လို့ ခေါ်တဲ့ ရေနံထွက်ပစ္စည်းမဟုတ်တဲ့ (လောင်စာ) ကို ရှာဖွေလာကြတယ်။ တခါထဲ ရေနံဆီကုမ္ပဏီကြီးတွေက ဒီကုမ္ပဏီအငယ်လေးတွေကို အတင်းလိုက်ဝယ်ပြီး- ချေမှုန်းပစ်လိုက်ကြတာ အခု ၂ဝဝဝ ကျော်မှာ - တရုတ်နဲ့ အိန္ဒိယတို့ တိုးတက်လာပြီး လောင်စာမလောက်မင ဖြစ်မှ အခု Alternative Energy တခြားလောင်စာကို အပူတပြင်း လိုက်ရှာနေကြရတယ်။ အနှစ် ၃ဝ လွှမ်းမိုးထားတဲ့ ရေနံကုမ္ပဏီကြီးတွေရဲ့ ဗျူဟာရဲ့ ရလဒ်ပေါ့။

ကုမ္ပဏီတခုထဲမှာတောင် - ကျနော့်အဆင့်နဲ့ ဘိုးတော်အဆင့် မတူတာကြောင့် (အမြင်) မတူဘဲ “ဗျူဟာ” ပါ ကွဲထွက်သွားပါတယ်။ ကျနော့် Boss ရယ်၊ ကျနော်ရယ်၊ Engineering Boss ရယ် ဒီ ၃ ယောက်ပဲ အသိပေးပါတယ်။ ကိုယ့်ခလေးကို ဖျက်ချဖို့ မိဘက အဓမ္မ အမိန့်ပေးသလိုပဲ ခံစားရတယ်။ ၃ ညလောက် အိပ်မပျော်ခဲ့ပါ။ ကျနော့် Boss က လောကမှာ (အစွဲ) မထားဖို့၊ ဒီအတတ်ပညာပြီးရင် နောက်အတတ်ပညာဆိုတာ လာမှာပဲ။ အရေးကြီးတာ Technology ကို အခြေပြု ပြီးအစကအဆုံး Product တခုလုံးကိုထုတ်လုပ်နိုင်တဲ့ နည်းပညာနဲ့ အတွေ့အကြုံ မင်းရပြီ။ အဓိကက ငါတို့ကုမ္ပဏီ အောင်မြင်ရင် ငါတို့ Stocks တွေ ဈေးတက်မယ်။ ငါတို့ ချမ်းသာမှု တိုးပွားမယ်။ စီးပွားရေး လုပ်တယ်၊ လုပ်ငန်းလုပ်တယ်ဆိုတာ အရင်းရှင်နယ်ပယ်မှာ (အမြတ်) ရဖို့ပဲလို့ နှစ်သိမ့်ရှာတယ်။ တဖက်က ကိုယ့်လူတွေ၊ ကိုယ့်ဖောက်သည်တွေ စိတ်ဓာတ်မကျအောင်၊ ဖောက်သည်မပျက်အောင် ကြိုးစားနေရပေမယ့် တဖက်မှာ သေဒဏ် အပေးခံထားရတာကိုလည်း သိနေတယ်။ တပ်မပျက်အောင် ခံစစ်ကိုနိုင်မှ စစ်ဗိုလ်ကောင်း ဖြစ်တယ်ဆိုတာကို လက်တွေ့က သင်ကြားပေးခဲ့တာပါ။ “ဗျူဟာ” ရဲ့ အဓိပ္ပာယ်ကို ခံစားမှုနဲ့ရင်းပြီး (သိ) ခဲ့ရတာပါ။ တခါတရံ အလုပ်တခုထဲမှာပဲ အဆင့်မတူတော့ရင် (အမြင်) ဟာ ပြောင်းသွားနိုင်ပါတယ်။

ကျနော့် အကိုဟာ မြန်မာနိုင်ငံက ဆရာဝန်ဘွဲ့ရခဲ့ပြီး အမေရိကားမှာ Ph.D ဘွဲ့ရပြန်ကာ ပါမောက္ခ ဖြစ်လာပါတယ်။ ကျနော်က Corporate America လို့ခေါ်တဲ့ နယ်ပယ်မှာ ကြီးထွားရတယ်။ ကျနော့်အကိုက Academic လို့ခေါ်တဲ့ ပညာတတ်နယ်ပယ်မှာ ကြီးထွားရတာကြောင့် ကျနော်တို့ ညီအကို ၂ ယောက်ဟာ မြန်မာ့နိုင်ငံရေးမှာသာ (အမြင်) တူကြတာ။ အမေရိကန်နိုင်ငံရေးမှာတော့ ပြဒါးတလမ်း သံတလမ်းပဲ။ အမေရိကန် ပညာရေးစနစ်မှာ University တက္ကသိုလ်တွေအောက်မှာ College ဆိုတာတွေ ရှိပါတယ်။ College of Medicine, College of Engineering, College of Education ဆေးကောလိပ်၊ အင်ဂျင်နီယာ ကောလိပ်၊ ပညာရေး ကောလိပ် စသည်ဖြင့်ပေါ့။ ဒီကောလိပ်တခုစီကို Dean ဆိုတာက အုပ်ချူပ်ရပါတယ်။ ဗမာလိုတော့ ပါမောက္ခချူပ်လို့ ခေါ်မယ်ထင်ပါတယ်။ ကျနော် မြန်မာနိုင်ငံမှာ ကျောင်းတက်စဉ်က ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်ဆိုပြီး ခွဲထားတာကိုး။ အမေရိကားမှာတော့ တက္ကသိုလ်တွေက အများကြီး ရှိကြတာကိုး။

ကျနော့်အကိုဟာ ပါမောက္ခဘဝမှာ စာသင်တာရယ်၊ အားရင် သုတေသနလုပ်ပေါ့။ ဒါကြောင့် ကျနော်က ပါမောက္ခဆိုတာ အင်္ဂလိပ်လို Ivory Tower လို့ခေါ်တဲ့ စင်မြင့်ပေါ်က လူတွေ လက်တွေ့ ဘာနားလည်လို့လဲလို့ အငြင်းပွားကြရင် မတရားအနိုင်ယူပြောလေ့ရှိတယ်။ သူကလည်း ပြန်ပြောပေါ့။ သူက Dean ပါမောက္ခချူပ်ဖြစ်တော့ ဘတ်ဂျက်ကိုင်လာရပြီး ကိုယ့်ကောလိပ်၊ ကိုယ့်ဘတ်ဂျက်အတွက် အပြိုင်အဆိုင် နိုင်ငံရေး Office Politics ပါလာပြီ။ မြို့တော်ဝန် ပြည်နယ်အုပ်ချူပ်ရေးမှူး Governor office က အုပ်ချူပ်သူတွေနဲ့ ဆက်ဆံလာရပြီး လူတွေ ဌားရတယ်။ လူတွေကို အလုပ်ဖြုတ်ရတယ်။ လက်တွေ့ပြဿနာတွေ ရင်ဆိုင်လာရပြီ။ ဒါကြောင့် ပါမောက္ခနဲ့ ပါမောက္ခချူပ် အဆင့်မတူတော့တာကြောင့် (အမြင်) ပါ ပြောင်းလာတယ်။ ကျနော့်ရဲ့ ခံစားမှုနဲ့ (အမြင်) ကို သူ ခံစားတတ်လာတယ်။

ကျနော် အခုလို လက်တွေ့ဖြစ်စဉ်နဲ့ယှဉ်ပြီး တင်ပြတာကို တချို့က ဒီလူကြီး လျှောက်ကြွားနေတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ (အမြင်) ဆိုတာ အခြေခံပညာ၊ နောက်ခံ ဘဝအတွေ့အကြုံနဲ့ လေ့လာမှုအားအပေါ် မူတည်တာကြောင့် (မြင်) နိုင်သလောက်သာ (မြင်) ကြတာမို့ အပြစ်မပြောနိုင်ပါ။ ကျနော့်စေတနာရင်းက နောက်ခေတ် Critical Thinking ကို နားလည်စေချင်တယ်။ အမြင် (ကျယ်) စေချင်တယ်။ လက်တွေ့သင်ခန်းစာဆိုတာက (ငွေ) နဲ့လည်း ဝယ်ယူလို့ မရပါဘူး။ စာသင်ခန်းထဲမှာ (သင်) ယူရုံနဲ့ မပြီးပြည့်စုံနိုင်ပါဘူး။ B school လို့ခေါ်တဲ့ Business School တွေမှာ Case Study အနေနဲ့ လေ့လာကြတာ ရှိပေမယ့် မိုးထဲလေထဲ အခက်အခဲကြားမှာ ရုန်းကန်ပြီး ရလာတဲ့ အတွေ့အကြုံ (အသိ) နဲ့ အရိပ်အောက်မှာ စာအုပ်ထဲကရတဲ့ (အသိ) မတူကြပါ။ လက်တွေ့ပါမှ ပြီးပြည့်စုံတယ်ဆိုတာကို လူငယ်လေးတွေကို သိစေချင်တာပါ။

*(အမြင်) မတူရင် (ဗျူဟာ) မတူပါ*

အမြင်မတူရင် ဗျူဟာမတူဘူး ဆိုတာကို လက်တွေ့ဖြစ်စဉ်တခုနဲ့ ယှဉ်ပြီး တင်ပြဆွေးနွေးပါရစေ။

အခွင့်အရေးပေါ်တယ် ဘာလုပ်မလဲ?

နိုင်ငံရေးမှာ အခွင့်အရေးပေါ်ရင် - ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ? ဆိုတာကို စဉ်းစားတတ်ရမယ်။ တော်လှန်ရေးကောင်စီ တက်တော့ ငြိမ်းချမ်းရေးခေါ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဘာကြောင့် လက်ခံတာလဲ? စကားပြောကြည့်မှ ရန်သူ့သဘောထားကို သိမယ်။ အောင်မြင်ရင် အမြတ်၊ မအောင်မြင်ရင်လည်း အဆက်သွယ်ပြတ်နေတဲ့ ပဲခူးရိုးမကလူတွေနဲ့ တရုတ်ပြည်ရောက်နေတဲ့လူတွေ ပြန်ဆွေးနွေးခွင့်ရမယ်။ ဒါက ပေါ်လာတဲ့ အခွင့်အရေးကို နိုင်ငံရေးအမြတ်ထုတ်တာပဲ။ သခင်သန်းထွန်းစကားနဲ့ပြောရရင် ရန်သူ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာပဲ။ ရန်သူကလည်း သူ့အမြင်၊ သူ့ဗျူဟာနဲ့ ဖိတ်ခေါ်တာပဲ။ တချို့ရဲ့ အတွေးက ဗကပ ရဲ့ ခေါင်းဆောင်ပိုင်းကို ချိန်ဆဖို့နဲ့ ခွဲနိုင်ရင် ခွဲဖို့ လုပ်တယ်လို့ ဆိုကြတယ်။ နိုင်ငံရေးဆိုတာမှာလည်း အကွက်မြင်သူ၊ လျှင်သူ၊ အောင်ပွဲ မခံဘူးလား။

ဒီဖက်ခောတ်လူတော်တော်များများက ရှေးကွန်မြူနစ်တွေလို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးကို နားမလည်ကြတော့ တလမ်းသွားအတွေးကိုပဲ တွေးတတ်ကြတော့တယ်။ စစ်တပ်ကို မကြိုက်၊ စစ်တပ်ကို ဆန့်ကျင်ကြ။ ဒို့က ရေတောင် စစ်မသောက်ဘူးဆိုပြီး ထကြွေးကျော်ရင် လူစွမ်းကောင်းဖြစ်ပြီ ထင်ကြတယ်။ ဒါက အမှန် ”ဆန္ဒ” သို့မဟုတ် ” ခံစားမှု” သက်သက်သာ ဖြစ်နေတယ်။ ဒီ ခံစားမှုအဆင့်ကို မကျော်နိုင်ရင် ဆန့်ကျင်ဖို့အတွက် ဆန့်ကျင်တာ Opposing for the sake of Opposing" ပဲ ဖြစ်သွားရော။ နိုင်ငံရေးမှု ခံစားမှု၊ ယုံကြည်ချက်၊ အင်အားတည်ဆောက်မှု၊ ထိရောက်တဲ့ ဗျူဟာ ချနိုင်မှု၊ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေဟာ သီးခြားစီရှိပါတယ်။ တခါတရံ ခံစားမှုကို ဘေးဖယ်ပြီး ဗျူဟာတွေ ချရတာ ရှိတယ်။ လုပ်ဆောင်ရတာတွေ ရှိတတ်ပါတယ်။

ဥပမာ- ဒီပဲယင်းမှာ နအဖ လူမိုက်တွေဟာ ဒေါ်စုနဲ့ အန်အယ်ဒီ အဖွဲ့သားတွေကို ကိုယ်ထိလက်ရောက် စော်ကားရုံသာမက အသက်ကိုပါ အန္တရာယ်ပြုကြတယ်။ ဒေါ်စုဟာလည်း လူသားတဦးမို့ ခံစားမှု မရှိဘဲ နေမှာလား။ ဒါပေမယ့် ဒေါ်စုက အကြမ်းမဖက် ဝါဒကို ယုံကြည်တဲ့အတွက် ခွင့်လွှတ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဆက်တောင်းဆို ကျိုးစားပြီး ခံစားမှုနဲ့ ဗျူဟာကို ခွဲခြားနိုင်ခဲ့တယ်။ ခေါင်းဆောင်ကောင်းဆိုတာကို ပြသခဲ့တယ်။

မထင်မှတ်ဘဲကျနော်တို့ ညီအကို နှစ်ယောက်ကို ဗိုလ်ချုပ်ခင်ညွှန့်က သံအမတ် ဦးလင်းမြိုင်ကတဆင့် ဖိတ်ကြားလာတယ်။ နောက်မှသိရတာက ကြားလူတဦးရဲ့ တိုက်တွန်းချက်ကြောင့်လို့ ဆိုပါတယ်။ ဖိတ်ကြားတာက ရှင်းရှင်းလေးပါ။ တိုင်းပြည်ကို ပြန်လာကြည့်ပါ။ ဘာနောက်မြှီးဆွဲမှ မပါပါ။ ကြားကြားချင်း မယုံချင်ပါ။ နောက်ကွယ်မှာ ဝှက်ဖဲရှိလားပေါ့။ ထောင်ခြောက်ရှိသလားပေါ့။ တဖက်ကလည်း မြန်မာပြည် ပြန်မရောက်တာ ၁၉ ၈၂ ခုနှစ်၊ ထွက်လာကတည်းက၊ ကိုယ့်လူတွေနဲ့ ပြန်တွေ့ချင်တယ်။ တိုင်းပြည်အခြေအနေကို ပြန်ကြည့်ပြီး ပြန်သုံးသပ်လိုတယ်။ အဓိက နောက်တချက်က- ဒေါ်စုနဲ့တွေ့ရတဲ့ လူတွေ အားလုံးက နိုင်ငံခြားသားတွေ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမှာ လိုက်တာ၊ ဒေါ်စုက ဘာပြောလိုက်တာနဲ့ နိုင်ငံခြားရောက် မြန်မာတွေအားလုံး ဒေါ်စု စကားကို တဆင့်ခံပဲ ကြားနေရတာ။ မြန်မာတွေထဲမှာ လောလောလတ်လတ် ဒေါ်စုနဲ့ ဆွေးနွေးဖူးသူမရှိ၊ ဒေါ်စုရဲ့ လက်ရင်း လူယုံတွေ NLD-LA က ဦးညိုအုန်းမြင့်တို့လို၊ ဦးမြင့်စိုးတို့လိုပေါ့။ ဒါပေမယ့် နှစ်တွေက ကြာခဲ့ပြီ။ ဒေါ်စုကို တွေ့ပြီး ဆွေးနွေးခွင့်ရဖို့ဆိုတာ ထောက်လှမ်းရေးကို တရားဝင် မကျော်နိုင်ဘဲနှင့် ဖြစ်နိုင်သည့် အရာမဟုတ်။ ဥာဏ်မရှိဘဲ စွန့်စားလျှင် ဂျွန်ယက်တောလို ဒေါ်စု အန္တရာယ် ကျနိုင်သည်။ မြန်မာပြည်ပြန်တဲ့ မြန်မာတွေ ရှိပါရဲ့။ သို့သော်လည်း သူ့ကို လူတိုင်း တွေ့ခွင့် ရနိုင်တာ မဟုတ်။

နိုင်ငံရေးမှာ အရေးကြီးတာက လက်ရှိ အခြေအနေမှန်ကို အမှန်အတိုင်း သုံးသပ်နိုင်ဖို့ ဖြစ်သည်။ လူတွေနှင့် ထိတွေ့ ခံစား စကားပြောမှသာလျှင် လက်ရှိအခြေအနေကို သုံးသပ်နိုင်မည်။ ဒီအတွေး ဒီအမြင်နဲ့ ကျနော့်အကို ဒေါက်တာ ထွန်းကျော်ငြိမ်းဟာ ၂ဝဝ၄ မှာ မြန်မာပြည်ကို ပြန်သွားခဲ့တယ်။ ဒေါ်စုနှင့်သာ မဟုတ်၊ ဗိုလ်ချုပ်ကြီးတင်ဦးနှင့်ပါ နာရီနှင့်ချီ၍ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ကျနော်တို့ ညီအကို ၇၄ ခုနှစ်ကနေ ၇၉ ခုနှစ်အထိ ထောင်ကျစဉ် ထောင်တွင်း ဆန္̔ဒပြမှုကို ဦးဆောင်မှုနှင့် တိုက်ပိတ်ခံခဲ့ရပါတယ်။ တွဲဖက် တိုက်ခန်းတခုလုံးမှာ တဖက်စွန်းတွင် ကျနော်၊ အခြားတဖက်စွန်းတွင် ကျနော့်အကို၊ အလယ်မှာတော့ ဗိုလ်ကြီး အုန်းကျော်မြင့် ရှိပါတယ်။ တိုက်တန်းရှေ့က အိမ်လေး ၂ လုံးမှာတော့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ မြောက်ပိုင်းတိုင်းမှုးတို့ ရှိကြပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်ကို ကြိုးပေးတော့ ကျနော်တို့ အရှေ့က ထုတ်သွားတာပါ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးတင်ဦးနဲ့က ရင်းရင်းနှီးနှီးရှိနေတာလို့ ခံစားမိပါတယ်။ ဒေါ်စုက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၃၆ ကျောင်းသားသပိတ်ကတည်းက အတူလုပ်လာခဲ့တဲ့ ဗိုလ်ချုပ်၏ ရောင်းရင်းတယောက်ရဲ့ သားတွေအနေနဲ့ နွေးနွေးထွေးထွေး လက်ခံဆွေးနွေးခဲ့ပါတယ်။

ဒေါ်စုနဲ့ ဆွေးနွေးခွင့်ရတာကို တချက်မှ အလွဲသုံးစား မလုပ်ခဲ့ဖူးဘူး။ ကျနော်တို့သိတာကို ရင်ထဲမှာပဲထားခဲ့တယ်။ ဒေါ်စုကို ကျေနပ်လို့၊ လေးစားလို့၊ လက်ခံလို့ တောက်လျောက် ပြတ်ပြတ်သားသား ထောက်ခံခဲ့ပါတယ်။

ရိုးရိုးမျက်စိနဲ့ ကြည့်ရင်တော့ နအဖ ဗိုလ်ချုပ်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံတယ်ဆိုရင် သို့လော သို့လော ထင်နိုင်စရာ ရှိတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ ညံ့ရင် အစားခံရမယ်ဆိုတာကို ကောင်းကောင်း သိပါတယ်။ မကိုင်တွယ်တတ်လို့ နိုင်ငံရေးသေသွားသူတွေလည်း ရှိတာပဲ မဟုတ်လား။ စိတ်မကောင်းစရာက ၊ ကျနော့်အကို ပြန်တာကို နိုင်ငံရေးသစ္စာဖောက်ပုံသဏ္ဍာန်တိုက်ခိုက်လာကြတော့တာ။

ကျနော်နားလည်တာက ဒေါ်စုနဲ့ အန်အယ်ဒီရဲ့ ဗျူဟာက ဘာလဲ။ အကြမ်းမဖက်နည်းကို မလိုက်ချင်လို့၊ သွေးထွက်သံယိုနည်းကို ရှောင်ချင်လို့၊ ဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ ဆွေးနွေပွဲနဲ့ အဖြေရှာဖို့ နအဖကို ဖိတ်ခေါ်ကြိုးစားနေတာမဟုတ်လား။ ဗိုလ်ချုပ်တွေနဲ့တောင် ဒေါ်စု အတူ ထမင်းစားခဲ့သေးတာ မဟုတ်လား။

No comments:

Post a Comment