စီးပွားရေးကပ်ရောက်ဖို့ လက်တလုံးအလို Subprime အပိုင်း(၃)

ဆောင်းပါး
ဘိုကျော်ငြိမ်း


ကျနော် အရှေ့ဖက် အပိုင်း(၁)နဲ့ အပိုင်း(၂)မှာ အိမ်အတွက် ငွေချေ: ခြင်း (Mortgage), Sub-prime, Secondary Market, Stock & Bonds တွေကို ဆွေးနွေးခဲ့သလို အရင်းရှင်စီးပွားရေး စနစ်ဟာ ဟိန္ဒြူ(ဇာတ်) လိုပဲ စီးပွားရေး အဆင့်အတန်းကို လိုက်ပြီး (ဇာတ်)သဖွယ် ရှိကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။ ဒီနောက်ဆုံး အပိုင်းမှာ ဘာကြောင့် ဒီ Sub-prime ဈေးကွက်စခဲ့တဲ့ Housing Market အိမ်အဆောက်အဦ ဈေးကွက် ပြဿနာဟာ Financial Sector လို့ခေါ်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍကိုပြန့်နှံ့သွားပြီး တကမ္ဘာလုံး ပွက်လောရိုက် သွားရတာလဲ? အမေရိကန် အစိုးရဦးဆောင်တဲ့ တကမ္ဘာလုံးက အစိုးရတွေ ဘယ်လို ဖြေရှင်းမလဲဆိုတာနဲ့ အဆုံးသတ်ပါရစေ။

ဒီအပိုင်းက အရှုပ်အထွေးဆုံးမို့ သည်းခံပြီး ဖတ်ရှုစေချင်တယ်။ ဒီ သပွတ်အူ လိုရှုပ်ထွေးလှတဲ့ ပြဿနာကိုမဆွေးနွေးခင်မှာ အရင်းရှင်စနစ်ရဲ့ အရေးကြီးတဲ့(မူ)တခု ကို သတိပြုသင့်ပါတယ်။ အဲဒါက အရင်းရှင်လောကမှာ ဖြစ်နိုင်ရင် ကိုယ့်ငွေ(အားလုံး)ကို ရင်းနှီးပြီး လုပ်ငန်းမလုပ်ရဘူး။ ဥပမာ - ကျနော့်မှာ ငွေ(၁၀)သိန်းရှိတယ်။ဘ၀င်မြင့်ပြီးစက်ရုံတခုကိုငွေ(၁၀)သိန်းလုံး ရင်းပြီး တည်ထောင်ခဲ့လို့ ရှုံးရင် ကျနော်ခံရပြီပေါ့။ အရင်းရှင်စနစ်မှာ (ရှုံးနိုင်တယ်) ဆိုတဲ့ အန္တရာယ်(Risk) ကို ကိုင်တွယ်နိုင်ရမယ်။ ဒါကြောင့် ငွေ(၁၀)သိန်း ထဲက မိမိငွေ(၂)သိန်း ကိုရင်း၊ ကျန်(၈)သိန်းထဲက တချို့ကို Stocks & Bonds တွေဝယ်၊ တချို့ကို ရွှေဝယ်။

တချို့ကို ငွေဖော်လွယ်တဲ့ Money Market ထဲမှာထားပြီး ထုခွဲနိုင်တဲ့ မိမိပိုင်ဆိုင်မှု(Assets) ကိုပြ၊ မိမိရဲ့ စီးပွားရေးလုပ်ငန်းပလင်(Plan)ကိုပြပြီးဘဏ်တွေမှာငွေခြေးပြီးမှလုပ်ငန်းလုပ်ရပါမယ်။ ဘဏ်တွေကလည်း ဘဏ်တခုတည်းကနေ ကိုယ်လိုသလောက် အားလုံးကိုမချေးလိုက်ပါ။ (ငွေများရင်) ဘဏ်တွေစုပြီးမှ ချေးပါလိမ့်မယ်။ Spread the risk ဆိုတဲ့ ရှုံးနိုင်မှု အန္တရာယ်ကို မျှဝေခံကြတာပါ။ ဒါဟာ လုပ်ထုံးလုပ်နည်းလို့ပြောရပါမယ်။ ဒီလို မိမိရဲ့ ဥစ္စာဓနကို ပြပြီး နည်းနည်း ရင်းပြီး များများချေးတာကို Leverage လုပ်တယ်လို့ခေါ်ပါတယ်။ အရင်းရှင်စနစ်မှာ ဖြစ်နိုင်သလောက် Leverage လုပ်ဖို့ကြိုးစားရပါမယ်။ ဒီတွေးခေါ်မှုဟာ အရင်းရှင်စနစ်ရဲ့ အဓိက Principle ခံယူ(မူ) ဟုယူဆနိုင်ပါတယ်။ အမေရိကန် အရင်းရှင်စနစ်ဟာ ဒီ Leverage လုပ်တာ(လွန်) သွားလို့ ခုလို စီးပွားရေး ဒုက္ခနဲ့ ရင်ဆိုင်ရတာပါ။

ကောင်းပြီ၊ ကျနော်တို့ ဆွေးနွေးပြီးသမျှကို ပြန်ကြည့်ကြရအောင်။

(၁) အမေရိကန် နိုင်ငံသားတဦးက အိမ်ဝယ်ချင်တယ်။

(၂) Mortgage Companies တွေကငွေချေးတယ်

(၃) တခါ Mortgage Companies တွေက GSEs ( Fannie May, Freddie Mac, Ginne Mac, Ginne Mac) စတာတွေ နဲ့ ဘဏ်(Banks) တွေကို ချေးထါးတဲ့ချေးငွေ (Loans) တွေကိုစုပြီး လက်ကားရောင်းလိုက်တယ်။

(၄) တခါ ဒီGSE နဲ့ ဘဏ်တွေက တခါစုပြီး MBS Mortgage back Securities ( MBS), CDOs & CMOs အဖြစ်
ပြန်ရောင်းပြန်တယ်။ဒီဟာတွေကို (Assets-Backed Securities) လို့ခေါ်ပါတယ်။ဒီဟာတွေဟာပိုင်ဆိုင်မှု Asset တခုစီက (၀င်ငွေ) ကို အခြေပြုပြီး၊ ဒီ Asset တွေကို ကျောထောက်နောက်ခံ လုပ်ထားတာကြောင့် Assets-Backed Securities လို့ခေါ်ပါတယ်။

မှတ်ချက်။ ။ ရှုပ်မှာစိုး၍ CDOs နဲ့ CMO ကိုမရှင်းတော့ပါ ငွေကြေးစာချုပ် Bonds အဖြစ်သာ နားလည်ထားပါ- စာရေးသူ)ဒီ ငွေကြေးစာချုပ်Bondဈေးကွက်ပွဲစားလုပ်ပေးသူတွေက ရင်းနှီးမြုပ်နှံမှုဘဏ် Investment Banks တွေပါ။ အမေရိကန်အရင်းရှင်စနစ်မှာ စတော့နဲ့ငွေချေးစာချုပ် (Stocks&Bonds)တွေကိုဝယ်ရင် Brokerage လို့ ခေါ်တဲ့ပွဲစားတွေဆီမှာ ရောင်းဝယ်ရပါတယ်။ ဒီ ပွဲစား တွေမှာ စာရင်း (Account) ဖွင့်ပြီး ရောင်းဝယ်ရပါတယ်။

အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုဘဏ် Investment Banks တွေမှာ Brokerage Arm လို့ခေါ်တဲ့ ပွဲစားလုပ်တဲ့ အပိုင်းဌာနတွေ ရှိကြပါတယ်။ ပိုက်ဆံရှိတဲ့ တကမ္ဘာလုံးက ငွေရှင်ကြေးရှင်တွေ (Independently Wealthy People)၊ ဘဏ်တွေ၊ လုပ်ငန်းတွေအားလုံးက အမေရိကန်မှာ အိမ်ယာဈေးကွက်တဟုန်ထိုးအားကောင်းနေတယ်ဆိုပြီး ဒီ MBS ကဲ့သို့ Asset-based Securities တွေကို နင်းဝယ်ကြပါတယ်။ အိမ်ယာဈေးကွက်ကလည်း ၂၀၀၀ ခုနှစ်ပိုင်း အစလောက်က စလိုက်တာ၊ လေးနှစ် ငါးနှစ်လောက် အိမ်ဈေးတွေဆက်တက်နေတော့ သတိလျော့လာကြတာပေါ့။

လူ ဆိုတာ လောဘ သားတွေဖြစ်တာကြောင့် ဒီ ရင်းနှီးမြုပ်နှံမှုဘဏ်တွေဟာ MBS တွေကို တခြား Asset Based Securities တွေနဲ့ရောပြီး တခါ ရောကြော် ငွေကြေးစာချုပ် တွေကို အသစ် ထုတ်ရောင်းပြန်ရော။ ဒါကို(Puree)ရောမွှေလိုက်တယ် လို့ သုံးကြပါတယ်။
အရင်းရှင်စနစ်မှာ “၀င်ငွေ” ဟာ အရေးကြီးပါတယ်။ ၀င်ငွေ ရှိရင် ဒီဝင်ငွေ (ငွေသား) အပေါ် မူတည်ပြီး Financial Vehicles လို့ခေါ်တဲ့ ငွေရပေါက်တွေထွင်ပြီး ပြန်ရောင်းပြီး ငွေရှာကြပါတယ်။ ဒါကြောင့် ကျနော်တို့လို စားသုံးသူ တွေက အိမ်ဝယ်တယ်၊ ကားဝယ်တယ်၊ “ဗီဇာ” အကြွေးဝယ်ကဒ် သုံးတယ်ပေါ့။ ဒီဟာတွေအားလုံးက ငွေချေးသုံးတာပါပဲ။ ငွေချေးရင် လစဉ်မှန်မှန် ဘဏ်တွေကို အရစ်ကျ ပြန်စပ်ရတယ်ပေါ့။ ဒါကိုချေးတဲ့ ဘဏ် တွေအတွက် Cash Flow ငွေသားစီးဆင်းမှု လို့ခေါ်ပါတယ်။ ဒီဝင်ငွေရှိတဲ့၊ ငွေသားစီးဆင်းမှုရှိတဲ့ ချေးငွေကို စုပြီး ဘဏ်တွေက Securities လို့ခေါ်တဲ့ Bonds တွေပြန်ထုတ်ရောင်းတာပါပဲ။ ဒါကြောင့် ကားချေးငွေ၊ မာစတာကဒ်၊ ဗီဇာကဒ် ချေးငွေတွေလည်း ငွေကြေးစာချုပ် (Bonds) အဖြစ်ပြန်ရောင်းစားကြပါတယ်။

ဒီမှာ ဘာကို ပြန်ရောင်းတာလဲ ဆိုတာကို သတိပြုစေချင်ပါတယ်။ ငွေချေးရင် အတိုး(Interest) ပေးရတယ်။ အမှန်က အတိုးကိုပြန်ရောင်းစားပြီး ပြန်ငွေရှာ၊ ဒီငွေနဲ့ ပြန်ဝင်ငွေဖော်တဲ့ စနစ်ပါပဲ။ ဥပမာ - ကျနော်တို့ အိမ်ဝယ်ရင် (၇% -၈%) အတိုးပေးရပါမယ်၊ ကားဆိုနည်းနည်းပိုပေးရပါမယ်။ ဗီဇာ ဆိုရင် ၁၁ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း အထိပေးရမယ်ပေါ့

(မှတ်ချက် - အတိုးကချေးသူရဲ့ ငွေချေး-ငွေပြန်ဆပ်တဲ့ ရာဇ၀င် Credit History ပေါ်မူတည်ပါတယ်) ဒီအတိုးများကို စုပြီး အတိုးကို ပြန်ရောင်းစားကြတာပါ။ ဥပမာ ကျနော်တို့ပေးရတာက ၁၀ ရာခိုင်နှုန်း အတိုး ဆိုပါတော့ ကျနော်တို့ကို ချေးတဲ့သူက ၀န်ဆောင်မှုအတွက် ၂ ရာခိုင်နှုန်းယူ အတိုးစားပြီး ၈ ရာခိုင်နှုန်းအတိုးကို ပြန်ရောင်း၊ တခါ နောက်တဆင့် လူကို ၆ ရာခိုင်နှုန်း အတိုးနဲ့ ပြန်ရောင်းပြီး ငွေပြန်ရှာ၊ ငွေပြန်လှည့်ကြတာပါ။ တဆင့်မှာ ၂ ရာခိုင်နှုန်းစားတယ်ဆိုပေမည့် ငွေရင်းပမာဏက သန်းပေါင်းမြောက်များစွာ၊ ဘီလီယံပေါင်းမြောက်များစွာဆိုတော့ ၀င်ငွေ အများကြီးရကြတာပေါ့။

ဒီတော့ အိမ်နဲ့ပတ်သက်တဲ့ ငွေကြေးစာချုပ်တွေက အိမ်သက်သက်မဟုတ်တော့ဘဲ ရင်းနှီးမြုပ်နှံမှုဘဏ်တွေကတဆင့် ထုတ်တဲ့၊ ရောသမမွှေ Assets Based Bonds တွေထဲပါကုန်ပြန်တယ်။
ဘယ်သူတွေ ၀ယ်ကြမလဲ အရင်းရှင်စနစ်ဆိုတာ အရင်း “ငွေ“ ကို အခြေခံတာကြောင့် ငွေကို မအိပ် စေရပါ။ ဒါကြောင့် ငွေရှိရင် “၀င်ငွေ” ရှိ အောင် “တိုးပွား” အောင် လုပ်ဆောင်ကြပါတယ်။ ဒီတော့ ငွေရှိသူတိုင်း ဒီ ငွေကြေးစာချုပ်တွေကို ၀ယ်ကြပါတယ်။ စက်တင်ဘာ လထဲမှာ အမေရိကန်အစိုးရဟာ Fannie May နဲ့ Freddie Mac ကို သိမ်းယူခဲ့ရပါတယ်။ ဒီ GSEs (၂) ခုရဲ့ စာချုပ်တွေကို အများဆုံးဝယ်ထားတာက တရုတ်အစိုးရနဲ့ ဂျပန်အစိုးရပါ။ တရုတ်နဲ့ ဂျပန်နိုင်ငံတွေရဲ့ နှစ်စဉ်နှစ်တိုင်း ပြည်ပပို့ကုန် (Export) ဟာ သွင်းကုန် (Import) ထက်များတာကြောင့် အမေရိကန်နဲ့ ကုန်ကူးကြရာမှာ (ငွေပို) ရှိနေကြပါတယ်။ အမေရိကန်ဘက်က ကြည့်ရင် ကုန်သွယ်လိုငွေ Trade Deficit ပေါ့။

တရုတ်နဲ့ ဂျပန်က ဒီ ပိုငွေတွေကို ငွေကြေးစာချုပ်တွေဝယ်ပြီး “အတိုး” ရအောင် တိုးပွားအောင် လုပ် ကြပါတယ်။ အမေရိကန်နိုင်ငံဟာ အီရတ်မှာ တလ ၁၀ ဘီလီလျံ၊ (သန်းတသောင်း) သုံးနေပါတယ်။ ဒီငွေတွေ ကို နအဖ စစ်အစိုးရလို၊ လိုသလောက် ၀ါဇီက ရိုက်ထုတ်လို့ မရပါဘူး။ ငွေချေးရပါတယ်။ အမေရိကန်အစိုးရက ချေးဖို့ထုတ်တဲ့ ငွေကြေးစာချုပ်ကို Treasury Bonds လို့ ခေါ်ပါတယ်။ အမေရိကန်အစိုးရအတွက် “၀င်ငွေ” ဟာ အမေရိကန်ပြည်သူတွေဆီက ကောက်လို့ရတဲ့ အခွန်တော် Tax ပါပဲ။ ဒီ Treasury Bonds တွေကို အများဆုံးဝယ်ယူထားသူတွေဟာ ဂျပန်၊ တရုတ်နဲ့ ကိုရီးယား နိုင်ငံတို့ ဖြစ်ကြပါတယ်။

နယူးရောက်တိုင်းမ်မှာပါတဲ့ ဆောင်းပါးတခုမှာ ဖလော်ရီဒါ ပြည်နယ်က ဆေးရုံတခုဟာ အသစ်တိုးချဲ့ဖို့ ဒေါ်လာသန်း ၃၀၀ ဘတ်ဂျက် ခွင့်ပြုထားတယ်။ အဆောက်အဦ ဆောက်ဖို့၊ ပါမစ်ယူတာနဲ့ ဆောက်တာ အားလုံး ၂ နှစ်လောက် ကြာမယ်။ ဒါကြောင့် ဆေးရုံအုပ်ချုပ်ရေးမှူးက ငွေတချို့ကို ဘဏ်တိုးမစားတော့ဘဲ MBS Bonds တွေ ၀ယ်လိုက်မိတယ်။ အိမ်ဈေး တွေ ထိုးကျတော့ ဒီအိမ်ကို အာမခံထားတဲ့ စာချုပ်တွေဟာ တန်ဖိုးကျကုန်တော့ သန်း ၃၀၀ မရှိတော့ဖူးပေါ့။ ဆေးရုံလဲ ဒုက္ခတွေ့ရတာပေါ့။

ဒါကြောင့် ငွေရှိတဲ့သူအများဟာ “အိမ်” တွေကို အာမခံရှိတယ်ဆိုပြီး ဒီ စာချုပ်တွေ ၀ယ်ထားမိတာ။ အိမ် ခြံ မြေ ဈေး ကွက်ပျက်သွားတော့ ဒီ စာချုပ်တွေဟာ သာမန် စက္ကူ စာရွက်တွေ ဖြစ်သွားတော့။ ဒါကြောင့် တကမ္ဘာလုံး ဘယ်လောက်အရှုံးပေါ်ကြ မယ်ဆိုတာ ခန့်မှန်းရခက်တာပေါ့။ နောက်တဆင့် Leverage လုပ်ကြရအောင် အရင်းရှင်စနစ်မှာ နည်းနည်းအရင်းဆိုက်ပြီး များများချေး (သို့မဟုတ်) များများအမြတ်ရအောင် လုပ်ရမယ်။ ဒါကြောင့် “ငွေ” ရှိ ရင် ဒီ ငွေ ကို ပြပြီး Leverage လုပ်ကြရမယ်။

စတော့ နဲ့ ဘွန်းစာချုပ်တွေကတော့ ဟုတ်ပြီ။ ဒါတွေကို ဒီအတိုင်းထားမှာလား? ဒါတွေကို “ဘန်း” ပြပြီး ငွေ ထပ်မရှာ နိုင်ဖူးလား? ပစ္စည်းတခု (A) ကနေ (B) ကို ဖော်ထုတ်နိုင်ရင် (Derive) လုပ်တယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့် ရှိပြီးသား (Finances Instruments) ကနေ ထပ်ဆင့် ငွေဖော်ထုတ်တာကို Derivatives လို့ ခေါ်ပါတယ်။
( ဒီ Derivative ဆိုတာ အင်မ တန် ရှုတ်ထွေးပါတယ်။ အသေးစိတ်သိချင်ရင် All About Derivatives by Michael Durbain စာအုပ်ကို ဖတ်ကြည့်ပါ။)

ကျနော် လွယ်လွယ် ဥပမာတခုကို ကြည့်ရအောင်။ ဥပမာ Cisco စတော့ရှယ်ယာတခုဟာ ၂၄ ဒေါ်လာ ရှိတယ်ဆိုပါစို့။ ဒီ Cisco စတော့ကို ၀ယ်ချင်ရင် ၂၄ ဒေါ်လာပေးမှ စတော့ တခု ရမယ်။ ငွေနဲ့ရင်းရမယ်ပေါ့။ Cisco စတော့ ၁၀၀ ၀ယ်ချင်ရင် ဒေါ်လာ ၂၄၀၀ ရှိမှ ၀ယ်နိုင်တယ်၊ ပိုင်ဆိုင်ခွင့်ရတယ်ပေါ့။ အကယ်၍ ကျနော်က Cisco မှလုပ်တဲ့သူဖြစ်၍ ၄င်း Cisco စတော့ အတက်အကျ ကို လေ့လာထားတဲ့ ကျွမ်းကျင်သူမို့ ဒီ Cisco စတော့ အတက်အကျပေါ်မူတည်ပြီး ငွေရှာချင်တယ် ဆိုပါစို့။ Cisco ရဲ့ လုပ်ငန်း ၊ P/E ratio ကို ကြည့်ပြီး ယနေ့ စတော့ ဈေးဟာ ၂၄ ဒေါ်လာ မဖြစ်သင့်ဘူး။ မုချဈေးတက်မယ်လို့ထင်ခဲ့ရင် ကျနော်က ၂၄ ဒေါ်လာဈေးနဲ့ စတော့ ၁၀၀၀ ဒေါ်လာ ၂၄၀၀၀ ရင်းပြီး ၀ယ်လိုက်မယ်၊ စတော့ ၁၀၀၀ ကိုင်ထားမယ်ပေါ့။ အဲသလိုကနေ Cisco စတော့ဟာ (၆ လအတွင်း) တခုကို ဒေါ်လာ ၃၀ ဖြစ်ခဲ့ရင် တခုကို ၆ ဒေါ်လာမြတ်ပြီဖြစ်လို့ ဒေါ်လာ ၆၀၀၀ အမြတ်ထွတ်သွားပြီပေါ့။

ကောင်းပြီ။ ဒေါ်လာ ၂၄၀၀၀ မရင်းဘဲ ဒေါ်လာ ၆၀၀၀ မြတ်အောင်လုပ်လို့ မရဖူးလား? ရတယ်။ ဒါကို Option Contract လို့ ခေါ်ပါတယ်။ Cisco စတော့ ၁၀၀၀ ကို ဒေါ်လာ ၂၄၀၀၀ ရင်းပြီး ၀ယ်မဲ့အစား (၆ လ)အတွင်း Strike Price (၂၄) နဲ့ ၀ယ်နိုင်ခွင့် Call Option ကိုပဲ ၀ယ်နိုင်တယ်။ ဒီနေရာမှာ သတိတခုပြုစေချင်တာက “၀ယ်ခွင့်” ကို “၀ယ်”တာ။ ၀ယ်ရမယ် မဆိုလိုဘူး။ အကယ်၍ (၆ လ) မှာ Cisco စတော့ဟာ တခုကို ဒေါ်လာ ၃၀ ဖြစ်နေတဲ့အချိန်မှာ ကျနော်က Cisco စတော့ ကို တခု ၂၄ ဒေါ်လာနဲ့ဝယ်ပြီး အမြတ်စားရုံပဲ။ ဒီ Option ကို ဒိုင်ဆီကပဲ ၀ယ်ယူရပြန်တယ်။ ၀ယ်ရင် Call Option ကို ၀ယ်နိုင်သလို ရောင်းရင် Put Option ကိုလဲ “၀ယ်” နိုင်ပါတယ်။

ဒီ Option ဆိုတာက Stock ကတဆင့် ဖြစ်ပေါ်လာတာ။ Derive ဖြစ်လာတာကြောင့် ဒီ Option Contract ဆို တာကို Derivatives တခုအဖြစ် သတ်မှတ်ပါတယ်။
Derivative မှာ ၄ မျိုး ၄ စား ရှိပါတယ်။
(1) Forward Contract
(2) Future Contract
(3) Swap Contract
(4) Option Contract တွေ ဖြစ်တယ်။
ပိုရှုပ်စေတာက ဒီ Derivative တွေဟာ “ဒိုင်” မှာ ရောင်း၊ ၀ယ်နိုင်သလို ၂ ဦး၊ ၂ ဘက် ကန်ထရိုက် ချုပ်နိုင်ပါ တယ်။ ဒါကြောင့် ဒီ Derivatives ဆိုတာ လောင်းကစားဆန်လာပြီး လွန်စွာ ရှုပ်ထွေးလာပါတယ်။
ဘာကြောင့် ဒါတွေကို ပြောနေရတာလဲ?
အိမ်ခြံမြေဈေးကွက်ကနေ ၂၀၀၀ ခုနှစ်များမှာ ငွေရွှင်လာကြတဲ့ အရင်းရှင်စနစ်ရဲ့ ဗရာမင် ရင်းနှီးမြုပ်နှံမှုဘဏ်တွေဟာ အထိန်းအကွပ်မရှိ ဒီ Derivatives တွေကို ကစားလိုက်ကြတာ အိမ်ခြံမြေဈေးကွက်ပေါက်ကွဲမှုဖြစ်တော့ သောက်သောက်လဲ ရှုံး ကြတော့တာပေါ့။ ရှုံးကျတော့ မိမိတို့ ထုတ်ရောင်းထားတဲ့ Assets Back Bonds တွေကိုလဲ ဈေးအကျမှာ တန်ဖိုးမရှိကြ တော့။ တသီတတန်းကြီး အဆင့်ဆင့်ရှုံးကျတော့ ဘဏ်တွေက Assets တွေကို ငွေပြန်မဖော်နိုင်တော့ခြင်းကြောင့် သော်လည်းကောင်း၊ ငွေသားကို ထုတ်မချေးတော့ဘဲ ငွေသားကိုင်ထားကြတော့ Credit Crunch ကတဆင့် “ငွေ” လည်ပတ်မှုအားနည်းတာ၊ လုံးဝငွေမလည်တော့တာတွေ ဖြစ်တာပေါ့။

ဘဏ်အချင်းချင်းလည်း ငွေမချေးကြတော့ ပြည်သူတွေကိုလည်း ငွေမချေးနိုင်ကြတော့ပြည်သူတွေလည်းကားလည်း မ၀ယ်နိုင်၊ အိမ်လည်း မ၀ယ်နိုင်တော့ တပြည်လုံးရောင်းအားကျပြီး စီးပွားရေးတခုလုံး “တန့်” ကုန်တော့ လူတွေလည်း အလုပ်ပြုတ်၊ အရောင်း “တန့်” ပြီး စီိးပွားရေးကပ် Depression အထိ ဆိုးရွားသွားနိုင်ပါတယ်။ မော်တော်ကားတစီးဟာ ဘယ်လောက်ကောင်းကောင်း ဓာတ်ဆီကုန်သွားရင် ထိုးရပ်သွားသလို အရင်းရှင်စနစ်မှာ စီးပွား ရေးမဏ္ဍိုင်တွေ ဘယ်လောက်ကောင်းကောင်း ငွေလည်ပတ်မှုမရှိရင် စီးပွားရေးယန္တရားတခုလုံး ရပ်သွားနိုင်ပါတယ်။

ဒီတခါ ပြဿနာ ဘာကြောင့် ဒီလောက်ဆိုးရတာလဲ?

အရင်ခေတ်တွေတုန်းကလဲ Boom & Bust ဖြစ်ခဲ့တယ်။ ခုမှ ဘာကြောင့် အဆိုးဆုံးဖြစ်ရတာလဲ? စီးပွားရေးမှာ ကဏ္ဍတွေ ပိုင်းခြားထားပါတယ်။ ကုန်ထုတ်လုပ်တဲ့ ကဏ္ဍ Manufacturing Sector, အဆင့်မြင့်နည်းပညာ ကဏ္ဍ High Tech Sector ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ Financial Sector စသည်ဖြစ်ပေါ့။ အရင်တုန်းက Boom တွေက High Tech – IT/ Computer/ Communications Sector မှာ Boom ဖြစ်တယ်။ Investment Banks တွေ ဘဏ်တေကွ၊ ဒီ Sector မှာရှိတဲ့ ကုမ္ပဏီတွေအတွက် ငွေရင်းရှာပေးတာ၊ ငွေချေးတာပဲ ရှိတယ်။ Bust ဖြစ်တော့ သူတို့လက်ထဲမှာ ငွေရှိတယ်။ နဲနဲပါးပါးရှုံး တာပဲ ရှိတယ။် သူတို့ Sector ကို မထိခိုက်ဖူး။

ဒီ Housing Boom ဖြစ်တော့ အိမ် ခြံ မြေလောက၊ က အောက်ဆုံးအဆင့်။ ဒီ အိမ်ခြံမြေရောင်းအားတဟုန်ထိုးဖြစ်ထွန်းမှုကို အခြေပြုပြီး Financial Sector မှာရှိတဲ့ Investment Banks, Commercial Banks တွေနဲ့ Insurance Companies ကြီးတွေပါ ၊ပါဝင်ရှုပ်ထွေးလာတာအပြင်ငွေရှာပေးတဲ့၊ ငွေလည်ပတ်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွောဖြစ်ခဲ့ရင် အာမခံပေးတဲ့ အာမခံကုမ္ပဏီကြီးတွေပါ ပါဝင်ရှုပ်ထွေးလာတာကြောင့် အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံး (ဗရာမင်)တွေ ထိတာ ကြောင့် ဘဲ၊ မတတ်သာဘဲ အရင်းရှင်စနစ်မပျက်စီးရအောင် အမေရိကန်ဖက်ဒရယ်အစိုးရက ၀င်ကယ်ရ တော့တာပဲ။

Wall Street လောဘသားများ လက်ရှိပြဿနာဟာ လောဘကြောင့်ဆိုတာ မှန်ပေမယ့် ဝေါလ်စထရိရဲ ကျင့်ထုံး (သို့) Culture ယဉ်ကျေးမှုကြောင့် ပိုအစွန်းရောက်တယ်ဆိုရင် ပြောလို့ ရနိုင်စရာရှိပါတယ်။ IT Boom တုန်းက လူတော်တွေကို ဆွယ်ချင်တော့ လခအပြင် Stock Option ဆိုတာပါ ငှားရမ်းခအနေနဲ့ ပေးရပါတယ်။ Stock Options ရဲ့ သဘောက မိမိကုမ္ပဏီ Stock ဈေးတက်ရင် မိမိလဲ ချမ်းသာမှုပိုတာကြောင့် အလုပ်သမားတွေ ပိုအလုပ်လုပ်ရအောင် မက်လုံး Incentive ပေးခြင်း ဖြစ်တယ်။

ဒါပေမဲ့ ထိပ်ဆုံးက ကုမ္ပဏီအရာရှိကြီးတွေက လောဘထွက်ပြီး Enron တို့လို စာရင်း Accounting ကို လိမ်ပြပြီးStock ဈေးတက်အောင်လုပ်တဲ့ မသမာမှုတွေ ဖြစ်ခဲ့ရတယ်။ Wall St ရဲ့ ထုံးစံက အမြတ်ပေါ်မှာ ဘောနပ်စ် အပိုဆုပေးတဲ့စနစ်ကို ကျင့်သုံးကြပါတယ်။ နှစ်ကုန်ရင် Wall St မှာ ခရစ်စမတ်ဘောနပ်စ် ပေးတဲ့ အစဉ်အလာရှိပါတယ်။ ကုမ္ပဏီကရတဲ့ အမြတ် အစွန်းရာခိုင်နှုန်းတခုကို အကောင်းဆုံးအလုပ်သမားတွေကို အပိုဆု Bonus ပေးပြီး ဆွဲဆောင်တဲ့အကျင့် ယဉ်ကျေးမှုပါ။ အပိုဆုက ဒေါ်လာသန်းနဲ့ချီပြီး ရကြတာပေါ့။ စုစုပေါင်းရင် Billions နဲ့ချီပြီး Bonus ပေးတာပေါ့။

Wall St Trader တယောက် ဟာ ၁၀ သန်း- သန်း ၂၀ အထိ ရကြပြီး CEO တွေဆို သန်း ၄၀ ကနေ- သန်း ၁၀၀ အထိ ရကြပါတယ်။ ဒါကြောင့် အိမ်ခြံမြေရောင်းဝယ်မှုတွေ တဟုန်ထိုးတက်ချိန်မှာ မသမာတဲ့၊ တရားမ၀င်တဲ့နည်းတွေနဲ့ ငွေရှာတယ်။ အမြတ်ရပြီးရောဆိုပြီး စွပ်စွဲပြောကြားကြရုံမက တချို့ကုမ္ပဏီတွေရဲ့လုပ်ရပ်တွေကို FBI က ၀င်ရောက်စစ်ဆေးလျက်ရှိပါတယ်။ မကြာခင်ကဒေ၀ါရီခံကဲ့ရတဲ့ Lehman Brothers ရဲ့အရာရှိချူပ်(CEO)ဟာ(၆)နှစ်အတွင်းဝင်ငွေသန်း(၄၈၀)လက်ခံရရှိခဲ့ပါတယ်။Wall St ရဲ့တရားမဲ့တဲ့သာဓကတွေပါ၊
အာမခံကုမ္ပဏီတွေကရော ဘယ်လိုပတ်သတ်လာတာလဲ?

အမေရိကန် အရင်းရှင်စနစ်မှာ Insurance အာမခံကုမ္ပဏီကြီးတွေဟာ (ဗရာမင်) စစ်စစ်ကြီးတွေပါ။ ရာစုနှစ်နဲ့ချီ ပြီး ငွေစုကာ ငွေပုံမှာ ထိုင်လာတဲ့အပြင် လှေကြီးထိုးရိုးရိုး ရင်းနှီးမြုပ်နှံမှုလုပ် ၊ အရှုံး(Risk) ယူပြီး လုပ်တာ မဟုတ်ဘဲ အမြတ်ရအောင် လုပ်လေ့ ရှိကြပါတယ်။ ထို့အပြင် အစိုးရ စည်းမျဉ်းစည်းကမ်းတွေ အရ အရင်က အာမခံကုမ္ပဏီတွေ၊ ရင်းနှီးမြုပ်နှံမှုဘဏ်၊ စီးပွားရေးဘဏ် တွေကို စည်းမျဉ်းစည်းကမ်း အရ ခွဲခြားထားပါတယ်။ ခု Deregulation - ထိန်းသိမ်းကန့်သတ်မှု ချုပ်ငြိမ်းတဲ့ (Deregulation)ခေတ်မှာ ဒီဟာတွေက ရောကုန်ပါတယ်။

အရင်းရှင်စံနစ်မှာ ဈေးကွက်က အရာရာကို ဖန်တီးထိမ်းကြောင်းမယ် လို့ ယူဆကြပေမယ့် ကုမ္ပဏီကို “လူ” သားတွေကပင် ဦးစီးကြရတာမို့ လွန်ကျွံမှုမရှိစေရန် အစိုးရက အများအကျိုးအတွက် ဥပဒေများထုတ်ကာ ထိန်းကွပ်၊ ထိန်းကျောင်း Regulate လုပ်ပေးရတယ်။ အမေရိကန် အစိုးရဟာ Deregulation လို့ခေါ်တဲ့ ထိန်းကွပ်မှုကို လျှော့ပေးရုံမက ထိန်းကွပ်မှု စံနစ်ဟာလဲ ခေတ်နောက်ကျလျှက်ရှိပါတယ်။ ဥပမာ - ပြည်နယ်တိုင်းမှာ အာမခံကော်မရှင် ဆိုတာ ရှိပါတယ်။

ဒီပြည်နယ်အရာရှိတွေက ၎င်းပြည်နယ်သားတွေ မနစ်နာစေဖို့ ယင်းပြည်နယ်မှာရှိတဲ့ စီးပွားရေး လာလုပ်တဲ့ အာမခံကုမ္ပဏီတွေကို ထိန်းကွပ် ပေးရတယ်။ ၁၉၄၅ ဥပဒေအရ ဖက်ဒရယ်အဆင့်မှာ ထိန်းကွပ်မှု မရှိပါ။ ဒီပျော့ကွက်ကို အခွင့်ကောင်းယူပြီး အာမခံ ကုမ္ပဏီကြီးတွေက Housing Boom မှာ ၀င်ကစားကြရာက တချို့ ဒေ၀ါလီခံရလု ဖြစ်ကုန်ကြပါတယ်။
အာမခံကုမ္ပဏီဒေ၀ါလီခံရရင် လမ်းပေါ်က ပြည်သူတွေရဲ့ အာမခံကို ဘယ်သူတွေက လာလျှော်ပေးရမှာလဲ? ကားတိုက်ရင်၊ အိမ်မီးလောင်ရင်၊ ဘယ်သူက ငွေလာလျှော်မှာလဲ? အရင်းရှင်စနစ်ရဲ့ အခြေခံ အဆောက်အအုံတွေကိုပါ လာထိကုန်ပြီကော?

စက်တင်ဘာလ အကုန်မှာ အမေရိကန်အစိုးရက ၀င်ကယ်ခဲ့ရတဲ့ အကြီးဆုံးကုမ္ပဏီ AIG ရဲ့ အဖြစ်ကို ကြည့်ရအောင်။ AIG ဆိုတာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးအာမခံ ကုမ္ပဏီတခု။ နိုင်ငံပေါင်း (၁၃၀) မှာ အလုပ်သမား တသိန်းကျော်ကို အလုပ်ပေးထားပြီး အမေရိကန်ဒေါ်လာ ထရီလီယံ ပမာဏ– ငွေလည်ပတ်မှု Balance Sheet ရှိတဲ့ကုမ္ပဏီကြီးဖြစ်တယ်။ Balance Sheet ဆိုတာ ၀င်ငွေ၊ ထွက်ငွေ၊ ပိုင်ဆိုင်မှု၊ အကြွေးပေးစရာ ငွေသားလက်ကျန် တွေကို ပြတဲ့ ဇယားဖြစ်တယ်။ ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးကို ဒူးထောက်ကျသွားပြီး အမေရိကန်အစိုးရက ၈၅ ဘီလီယံ ထုတ်ချေးပြီး ၀င်ကူရတဲ့ အထိ ဖြစ်အောင် ဒုက္ခပေးခဲ့တာက လူ ၃၇၇ ယောက်သာရှိတဲ့ လန်ဒန်မြို့မှာ အခြေပြုတဲ့ AIGFP ဆိုတဲ့ လက်အောက်ခံကုမ္ပဏီလေးကြောင့် ဖြစ်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ကျော်လောက်က JP Morgan ဆိုတဲ့ ကုမ္ပဏီက လူငယ်လေးတွေ ဦးစီးပြီး Credit Default Swaps – CDS လို့ခေါ်တဲ့ Derivative အသစ်ကို တည်ထွင်ခဲ့တယ်။ CDS ရဲ့ အခြေခံက Risk ရှုံးနိုင်မှုကို လက်လွဲယူ (အာမခံ) ပြီး ငွေရှာတာပဲ။ ဥပမာ ကုမ္ပဏီတခုက Bonds (၁) သန်းဖိုး ၀ယ်ထားတယ်။ ရှုံးမှာစိုးလို့ ကျနော့်ကို (၉၀၀,၀၀၀) တန်ဖိုးနဲ့ ၁ နှစ်၊ ၂ နှစ်ဖြစ်စေ အချိန် အကန့်အသတ်နဲ့ ရောင်းတယ်။ ဒီ (၁) နှစ် (၂) နှစ် အတွင်းဘာမှ မဖြစ်ရင် ကျနော်က ဘာမှ မရင်းဘဲ ၁ သိန်းမြတ်ပြီပေါ့။ ဒါထက်အများကြီး ရှုပ်ထွေးပါသေးတယ်။ ဒါပေမယ့် အကြမ်းဖြင်းကတော့ စွန့်စား အာမခံပြီး ငွေရှာတာပါ။ တနည်းအားဖြင့် ကြောက်စရာကောင်းတဲ့ လောင်းကစားခြင်း တမျိုးပါပဲ။ J.P Morgan ရဲ့ တိုက်တွန်းချက်အရ AIGFP က CDO ဆိုတဲ့ Bonds တွေကို “အာမခံ” ဖို့ CDS စာချုပ်တွေ လက်ခံရောင်း/၀ယ် ပါတော့တယ်။

CDO ၀ယ်ထားတဲ့ ဘဏ်တွေ ငွေချေးဌာနတွေက မိမိတို့ ရင်းနှီမှုတွေအတွက် “အာမခံ” ရှိပြီ။ နောက် အစိုးရတွေရဲ့ ထိန်းကွပ်မှု Regulation အရ ၁၀ သန်း ရင်းနှီးမြုပ်နှံမှု ပြထားရင် ရာခိုင်နှုန်းတခုကို အာမခံအနေနဲ့ ဖယ်ထားရပါတယ်။ ဒီအာမခံဝယ်လိုက်တဲ့ အတွက် ဖယ်ထားတဲ့ ငွေတွေ လွတ်လပ်ပြီး ထပ်ငွေရှာနိုင်ပါတယ်။ တဆင့်ပြီး တဆင့် leverage လုပ်ငွေရှာခြင်းပါ။ (၄), (၅) နှစ်အတွင်း ဒီ AIGFP ဌာနခွဲ ကုမ္ပဏီလေးဟာ AIG ၀င်ငွေရဲ့ ၄% ငွေရှာပေးရာကနေ ၁၇.၂ % အထိ ကြီးထွားလာပါတယ်။ ဒီ AIGFP ရဲ့ ၀င်ငွေရဲ့ ၄၅% ကို အလုပ်သမားတွေကို Bonus အနေနဲ့ ပြန်ဝေပေးရာ လူတိုင်း သန်းနဲ့ ချီပြီး အကျိုးအမြတ်ရရှိခဲ့ပါတယ်။

အိမ်ဈေးတွေ ပြုတ်ကျတော့ ဒီ Bonds တွေကလဲ ဈေးကျရော အာမခံကြေးတွေပေးရတာပဲ ၁၅ ဘီလီယံကုန်ကျတော့ AIG ရဲ့ စတော့တန်ဖိုးတွေ ပြုတ်ကျတော့ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေကို မထုခွဲနိုင်ခင် ငွေမလဲဘဲ ဒေ၀ါလီခံရစရာရှိပါတယ်။ နိုင်ငံပေါင်း (၁၃၀) မှာ လူတသိန်းကျော် အလုပ်ပြုတ်သွားပြီး ဆက်တိုက် ကုမ္ပဏီတွေ ဒေ၀ါလီခံရနိုင်စရာရှိတာကြောင့် အမေရိကန် အစိုးရက ၈၅ ဘီလီယံ ချေးပြီး AIG ကို ၀င်ကူခဲ့ရပါတယ်။ ဒါကြောင့် ဒီတခါ စီးပွားရေးလောကရဲ့ ဗရာမင်တွေရဲ့ ထိပ်သီး “အာမခံ” ကုမ္ပဏီတွေပါ ဒီတချီ ထိခိုက်လာပါတယ်။

Wall Street ချစ်တီးများ -

Wall Street မှာပဲ လူမုန်းအင်မတန် များတဲ့ ချစ်တီး လူဆိုးတွေရှိပါသေးတယ်။ သူတို့ကတော့ Hedge Funds နဲ့ ငွေကြေးဈေးကစားသူ Speculators လို့ခေါ်ပါတယ်။

Hedge လုပ်တယ်ဆိုတာ ဘာလဲ?
ဥပမာ လေယာဉ်ကုမ္ပဏီတခုဟာ ဓါတ်ဆီ မ၀ယ်ဘဲလေယာဉ်ပျံ၍ မရပါ။ ဓါတ်ဆီဈေးတွေကလည်း တောက်လျှောက်တက်နေရင် တက်မယ့် အရိပ်ရှိရင် ကြိုဝယ်ပြီး ကာကွယ်တာကို Hedge လုပ်တယ် ခေါ်ပါတယ်။
Hedge Funds နဲ့ Mutual Funds ဘာကွာသလဲ?
Hedge Funds ဆိုတာက လူတိုင်း ပါဝင်ခွင့်မရှိပါ။ လူချမ်းသာတွေကိုပဲ ပါဝင်ခွင့်ပြုပါတယ်။ ဒါကြောင့် အစိုးရက ထိန်းကွပ်မှုမရှိဘဲ Risk ပိုများတဲ့ ရင်းနှီးမှုတွေ လုပ်နိုင်ပါတယ်။

Mutual Fund ဆိုတာက အများလူထုက ပါဝင်ပြီး ဒီငွေစု ကရလာတဲ့ “အရင်း” ငွေနဲ့ Stocks & Bonds တွေဝယ်ပြီး တိုးပွားအောင် လုပ်တဲ့ Funds တွေပါ။ ဒီ Funds တွေမှာ အများလူထု public ရဲ့ ရေရှည်အတွက် စုထားတဲ့ 401 (k) ပိုက်ဆံတွေပါဝင်တာကြောင့် အစိုးရက ကန့်သတ်ချက်နဲ့ ထိန်းကွပ်မှု Regulation တွေရှိတယ်။ Speculators တွေဆိုတာကတော့ ရှေ့မှာ ဖြစ်နိုင်ခြေ အလားလာကို ချိန်ပြီး စွန့်စားပြီးငွေရှာတာပါ။

Hedge Funds တွေရော Speculators တွေပါ သုံးတဲ့ စီးပွားရေး လက်နက်တခုက Short လို့ ခေါ်ပါတယ်။
Short ဆိုတာက Stocks တွေ ဈေးအကျမှာ ငွေဖော်တာပါ။ ဥပမာ - ကျနော်က Cisco စတော့ ၁၀၀၀ ကို ၁၀၀ ဈေးနဲ့ ၀ယ်ထားတယ်။ ဒီ ၃ လပတ်ကြေငြာစာတမ်းမှာ Wall Street ကမှန်းထားသလို မအောင်မြင်လို့ Stock တွေ ဈေးကျတယ်။ ကျနော်က ၁၀၀ နဲ့ ၀ယ်ထားတာ တပ်မက်ပြီး ပြန်မရောင်းချင်ဘူး။ ကိုင်ထားမယ်ပေါ့။ ကျနော့်စတော့က ကျနော့်ဆီမှာ ရှိတာမဟုတ်။ ကျနော့် စတော့ပွဲစား Brokerage မှာ အပ်ထားရတာ။


Hedge Funds နဲ့ Speculators တွေက ကျနော့်လို ငတုံးတွေ အပ်ထားတဲ့ Brokerage ကိုသွားပြီး Cisco ဈေးကျတော့မယ်။ ငါ့အတွက် စတော့ “တသိန်း” ကို ၉၈ ဒေါ်လာ ဈေးနဲ့ရောင်းလိုက်ပါဆိုပြီး ရောင်းခိုင်းတယ်။ Brokerage ကလဲ ကျနော့်စတော့ ၁၀၀၀ အပါအ၀င် စတော့ တသိန်းကို ရောင်းလိုက်တယ်။ ဥပမာ Cisco စတော့က ဒေါ်လာ ၈၀ အထိကျသွားတော မှပြန် ၀ယ်ပြီး ပြန်ဖြည့်ပေးလိုက်တယ်။ ကျနော်ကတော့ မသိလိုက်ပါ။ ချစ်တီးတွေက ဒီ(အကျ)မှာ ငွေ ၁၈ သိန်းမြတ်သွားတယ်။ ကျနော့် စတော့ပွဲစားကလည်း ခဏလက်လွှဲခ မြတ်မြတ်လေးရလိုက်တယ်ပေါ့။ အဲ Cisco စတော့က ၀ုန်းဆို ဒေါ်လာ ၁၁၀ ဖြစ်ခဲ့ရင်တော့ ချစ်တီးတွေ အရှုံးနဲ့ ပြန်ဝယ်ပေးရတာပေါ့။ Stock ကို ခေတ္တငှားပြီး အကျကိုကြိုတွက်ပြီးအရောင်းဝယ်လုပ်တာကို Short လုပ်တယ်ခေါ်ပါတယ်။ Stock အတက်ရော၊ အကျပါ ငွေရှာနိုင်ပါတယ်။ သို့သော်လည်း အန္တရာယ် Risk ကတော့ များတာပေါ့။


အခုလို ကုမ္ပဏီတွေ ဒုတ္ခရောက်နေချိန်မှာ Short Order များရင် ရောင်းအားများတာကြောင့် ကုမ္ပဏီရဲ့ စတော့ တွေ ကျသင့်တာထက် ကျတတ်ပါတယ်။ စတော့တွေ ဈေးကျရင် Market Capitalization လို့ခေါ်တဲ့ ကုမ္ပဏီနဲ့ တန်ဖိုးကျသွားပါတယ်။ ထုတ်ထားတဲ့ စတော့အရေအတွက်နဲ့ စတော့ရဲ့ တန်ဖိုးကို မြောက်ရင် အဲ့ဒီကုမ္ပဏီရဲ့ တန်ဖိုးရပါတယ်။ လွယ်လွယ်ပြောရရင် ဒီတန်ဖိုးပေါ် မူတည်ပြီး ကုမ္ပဏီတွေ ငွေချေးရတာ။ ဒီချစ်တီးတွေကြောင့် ကုမ္ပဏီ စတော့ တွေ ဈေးကျရင် ကုမ္ပဏီတွေ ပို ဒုတ္ခရောက်ပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရက ဘဏ်နဲ့ ဆိုင်တဲ့ ကုမ္ပဏီ (၇၉၉) ရဲ့ စတော့တွေကို ခေတ္တခဏ short မလုပ်ရဆိုပြီး ပညတ်ခဲ့ရတယ်။

အစိုးရငွေကယ်မယ်ဆိုတာ ဘာလဲ။
အောက်တိုဘာလ ၃ ရက်နေ့က အမေရိကန် လွှတ်တော်က လောလောဆယ်စီးပွားရေးပြဿနာကို ဖြေရှင်းဖို့ဒေါ်လာ ဘီလီယံ ၇၀၀ ကို သုံးစွဲဖို့ သဘောတူဥပဒေ တရပ်ပြုခဲ့ပါတယ်။ လောလောဆယ် ပြဿနာက Credit Crunch လို့ခေါ်ပါတယ်။ တဖက်က အိမ်ဈေးတွေက ကျ၊ တဖက်ကလည် ARM အတိုးအရ၊ အတိုးကတက်တော့ အိမ်ပိုင်ရှင်တွေ လစဉ်ပေးရတဲ့ ပမာဏကတက် တော့ လစဉ်မှန်မှန် ငွေမသွင်းနိုင်ကြတော့ဘဲ ဘဏ်တွေက အိမ်တွေကို ပြန်သိမ်းခဲ့ရတယ်။ တခါဘဏ်တွေက လစဉ်ဝင်ငွေတွေအပေါ် မူတည်ပြီး leverage လုပ်ပြီး MBS Bonds တွေပြန်ရောင်းထား၊ ဒီ Bonds တွေက CDOs တွေထဲရောပါသွားတော့ မီးခိုးတောက်လျှောက် ဘဏ်တွေရဲ့ရင်းနှီးမှု investments တွေ ဒုတ္ခရောက်တော့ ဘဏ်တွေရဲ့စတော့ တွေ ထိုးကျတော့ ဘဏ်တွေက ကြောက်ပြီး ငွေမချေးတော့ပါ။ ရှိစုမဲ့စု ငွေကိုပဲ ကိုင်ထားကြပါတော့တယ်။
ဒီတော့ လုပ်ငန်းတွေ လည်ဖို့ ငွေလိုရင် ငွေမရှိတော့တဲ့ လုပ်ငန်းတွေလဲ တုံ့နှေးကုန်တာပေါ့။ တခါ ကားဝယ်ချင်ရင် အိမ်ဝယ်ချင်ရင် ဘဏ်တွေက မချေးတော့ မ၀ယ်နိုင်ကြ။ ကားကုမ္ပဏီတွေလည်း ဒုက္ခရောက်၊ လူတွေ အလုပ်ပြုတ်၊ လူတွေ အလုပ်ပြုတ်တော့ ငွေမသုံးနိုင်ကြ။ အကုန်ဒုက္ခရောက်ကုန်တာပေါ့။


ဒါကြောင့် အစိုးရက Toxic Bonds (အဆိပ်သင့်စာချုပ်တွေ) တွေလို့ခေါ်ရမယ့် ဒီ “ရင်းနှီးမြုပ်နှံမူ” တွေကို “အစိုးရ” က လက်လွှဲဝယ်ယူပေ:မယ်။ အစိုးရက အရှုံးခံပေးမယ်ပေါ့။ ဒီတော့ ဘဏ်တွေလဲ သက်သာရာရပြီး ငွေချေးလာရင် စီးပွားရေးပြန်လည်လာပြီး ပုံမှန်ရောက်သွားမယ်ပေါ့။ ဒီတော့ အိမ်ဈေးတွေလည်း ပြန်ပုံမှန်ဖြစ်တော့မှ ဒီ ငွေကြေးစာချုပ် တွေကို ပြန်ရောင်းပြီး ငွေပြန်ဖော်ရမယ်ပေါ့။ ၁၉၃၀ မှာ ဖြစ်ပွားခဲ့တဲ့ The Great Depression ကာလကလည်း အစိုးရက အိမ်တွေကို ၀ယ်ပြီး အိမ်တွေဈေးတက်မှ ပြန်ရောင်းတာ မြတ်ဖူးပါတယ်။


တဖက်ကလည်း ဗဟိုဘဏ် Federal Reserve က အောက်တိုဘာ ၆ ရက်နေ့က သန်း ဘီလီယံ ၉၀၀ ဖိုး ဘဏ်တွေကို ပံ့ပိုးခဲ့ပြီး လိုအပ်ရင် ၁.၅ ထရီလီယံ အထိ တိုးပေးမယ် ဆိုပါတယ်။ ဒီ့ပြင် ယနေ့ (အောက်တိုဘာလ(၈) ရက်)နေ့ မှာနိုင်ငံ(၇)နိုင်ငံက ဗဟိုဘဏ်တွေဟာမကြုံစဖူးပြိုင်တူညီညီညာညာအတိုးနှုန်းတွေကိုချပေးခဲ့ကြပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က သြစတြေးလျှ ဗဟိုဘဏ်က ၁% တိတိ လျှော့ပေးခဲ့ပါတယ်။ အတိုးနှုန်းလျှော့ရင် ချေးခပေါတော့ ငွေပိုချေး ငွေပိုလည်အောင်ပါ။

ဒီပြဿနာဟာ အချိန်ယူဖြေရှင်းရမှာပါ။ ဒီပြင် တကမ္ဘာလုံး ဆက်စပ်နေတော့ ပိုရှုပ်ထွေးစရာဖြစ်လာပါတယ်။ ဥပမာ အောက်တိုဘာ ၆ ရက်နေ့က ဥရောပမှာ စတော့ ဈေးတွေ ထိုးကျပါတယ်။ အိုက်စလံ (Iceland)ဆိုတဲ့ နိုင်ငံမှာ တိုင်းပြည်ပါ ဒေ၀ါလီခံရမလိုဖြစ်နေတယ်။ အိုက်စလံရဲ့ငွေ ခရိုနာဟာ တန်ဖိုးမဲ့သလောက်ဖြစ်သွားတယ်။ ရုရှားမှာစတော့အရောင်းအ၀ယ်အကြိမ်ကြိမ်ရပ်ခဲ့ရတယ်။ဂျာမဏီက Hypo Real Estate ခေါ်တဲ့ Mortgage Company ကို ဂျာမာန်အစိုးရက ဒေါ်လာ ၆၉ ဘီလီယံဖိုးကူခဲ့ရတယ်။ ဘယ်လ်ဂျီယံက Fortis ဆိုတဲ့ ဘဏ်ကို အီတလီ BNP Paribas ဘဏ်က ၀ယ်ခဲ့ရတယ်။ Fortis မှာ ရှန်ဟိုင်းက တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံးအာမခံ ကုမ္ပဏီ Ping Au က ၄.၉၉% ဖိုးရင်းနှီးထားတာကြောင့် ၂၀၀၈ ခုမှာ Ping Au က ၂.၅ ဘီလီယံဒေါ်လာအရှုံးပေါ်မယ်လို့ ကြေငြာခဲ့ပါတယ်။ Globalization ခေတ်မှာ အားလုံးဟာ အားလုံးနဲ့ ဆက်နွယ်နေပြီး သပွတ်အူလို ရှုပ်ထွေးနေပါတယ်။ ဒီတချီ အာရှက အခံသာဆုံးပါပဲ။

၁၉၉၇ ခုနှစ်က အာရှငွေကြေးပြဿနာ Asian Financial Crisis ဆိုတာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက အာရှနိုင်ငံတွေဟာ အချမ်းသာဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလို ကိုယ့်ငွေနဲ့ ကိုယ်ကူနိုင်လောက်တဲ့ အခြေအနေမရှိတာကြောင့် IMF က ၀င်ကူခဲ့ရပါတယ်။ အဲဒီတုန်းက ဒီ အမေရိကန် Investment Banks တွေကပဲ ၀င်ဆရာလုပ်ဗိုလ်ကျခဲ့ကြပါတယ်။ ခုတော့ တပတ်လည်ပြီး ဒင်းတို့ ဒုတ္ခတွေ့လိုက်တာ ကြီး(၅)ကြီးကနေ ခု (၂) ခုပဲ မားမားမတ်မတ် ကိုယ်ပိုင်ရပ်တည်နိုင်ကြတော့ပါတယ်။ ၁၉၉၇ ခုနှစ် အတွေ့အကြုံများအရ အာရှဘဏ်တွေဟာ ငွေပိုဖယ်ထားကြပြီး အရမ်း အန္တရာယ် (Risk) များတဲ့ စာချုပ်တွေကို အရမ်းမ၀ယ်ထားဖူးလို့ ယူဆရတဲ့ အတွက် ခံသာတယ်လို့ ခုချိန်ထိ ပြောရပါမယ်။
တချို့ကလည်း ရေရှည်ကို ကြည့်ပြီး အာရှဘဏ်တွေကြီးစိုးတဲ့ ခေတ်ရောက်သင့်ပြီလို့ ဆိုကြပါတယ်။

တောဟာ သိပ်ထူထပ်လာရင် သဘာဝအရ တောမီးလောင်ပြီး ပြာပုံထဲက သစ်ပင်အသစ်တွေ ပြန်ပေါက်၊ အချိန်ကြာတော့ တောသစ်အဖြစ် ရှင်သန်ကြပြန်တယ်။ တချို့က အာရှဘဏ်တွေဟာ ဒီတချီအပြီး ကမ္ဘာ့ငွေကြေးစနစ်မှာ တွင်ကျယ်သက်ရောက်ပါလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ကျနော်ကတော့ ကိုလိုနီစနစ်ကို ခါးခါးသီးသီးမုန်းတဲ့ စိတ်ဓာတ်ရှိတာကြောင့် အာရှခေတ်ရောက်စေချင်တယ်။ လောလောဆယ် ကျနော်တို့ မြန်မာပြည်က နအဖ စစ်ဗိုလ်တွေကြောင့် နောက်ကျကန်ခဲ့ရတာကို ရင်နာမိပေမယ့် အာရှသားတွေ အောင်မြင်တာကိုတော့ ဂုဏ်ယူမိပါတယ်။


ကျနော် အလွန်အားကျမိသည်မှာ ကျနော် ၁၉၈၂ ခုနှစ်မှာ အမေရိကန်ကို ရောက်ခဲ့ရတယ်။ အင်ဂျင်နီယာဘွဲ့ရခဲ့တာမို့ Unisys, New Bridge, HP, Cisco စတဲ့ Multinational လို့ခေါ်တဲ့ High Tech ကုမ္ပဏီကြီးတွေမှာ ဓါးသွေးဥါဏ်သွေးခဲ့ရတယ်။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်စဉ်နဲ့စနစ် Process and System ကို သိခွင့်ရခဲ့တယ်။ ကိုယ်ရခဲ့တဲ့ အနှစ် (၂၀) ကျော်အတွေ့အကြုံနဲ့ ကိုယ့်မြန်မာပြည်ကြီးကို အလုပ်အကျွေးပြုချင်တယ်။ ကိုယ့်အမိမြေကို မွေးကျေးဇူးပြန်ဆပ်ချင်တယ်။ ကျနော်လို လူတွေအများကြီးပဲ။ ဒါပေမယ့် ငမိုက်သား စစ်ဗိုလ်တွေက တိုင်းပြည်ကို မုဒိန်းကျင့်ပြီး မိုက်မိုက်ရိုင်းရိုင်း တိုင်းပြည်ကို ရောင်းစားပြီး ဓါးမိုးအုပ်ချုပ်နေတာကြောင့် ခုထိ အိမ်မပြန်နိုင်ခဲ့ဘူး။ ကျနော်တို့ မြန်မာပြည်သားတွေကလည်း တကမ္ဘာလုံး ပြန့်လွင့်၊ ပြည်သူ(၅၅) သန်းလုံးလဲမွဲတေ၊ အနှိပ်စက်ခံ၊ အနိုင်ခံနေရတာ မြင်ရတော့ ရင်နာမိတယ်။


ကျနော်တို့လိုပဲ တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့ဟာလည်း ကျနော်လူဖြစ်စ ကလေးငယ်ဘ၀က ဆိုရှယ်လစ်စံနစ်ကြောင့် မွဲတေခဲ့ကြရတယ်။ ပညာတတ်တွေလဲ တိုးတက်ရာ အနောက်နိုင်ငံတွေမှာ တိုးတက်မှုရှာရင်း လူကြီးဖြစ်လာ။ အတွေ့အကြုံရခဲ့ကြတယ်။ ကံကောင်းချင်တော့ မော်စီတုံးသေပြီး ဦးနှောက်နဲကြတဲ့ မော်ရဲ့မယား ချန်ချင်းခေါင်းဆောင်တဲ့ (၄) ယောက်ဂိုဏ်းပြိုကွဲပြီး တိန့်လျှောက်ဖိန်တက်လာတော့ တရုတ်ပြည်ကြီးလမ်းကြောင်း ပြောင်းပြီးတိုးတက်လာတယ်။ အိန္ဒိယပြည်မှာလဲ BJP အာဏာရလာပြီး ဈေးကွက်စီးပွားရေး လမ်းကြောင်းပေါ်ရောက်ခဲ့တာ အခုဆို တရုတ်ပြည်ကြီးနဲ့ အိန္ဒိယပြည်ကြီးဟာ ကမ္ဘာ့စီးပွားရေးအင်အားဖြစ်ဖို့ တာစူနေကြပြီ။ တချိန်ထဲမှာ နိုင်ငံခြားမှာကြီး၊ နိုင်ငံခြားမှာ ပညာသင်၊ နိုင်ငံခြားမှာ အတွေ့အကြုံရလာတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ သိပ္ပံပညာရှင်တွေဟာ မိမိတို့နိုင်ငံကို ပြန်အလုပ်အကျွေးပြုဖို့ ပြန်လာကြတော့ အလွန်ပဲ အားကျမိတယ်။

ဒီ ပညာရှင်တွေကြောင့် ဒီတိုင်းပြည်တွေလဲ ပိုအားရှိ ပိုဖွံ့ဖြိုးလာတာပေါ့။ တချိန်က Wall Street မှာ ထိပ်က နေရာယူခဲ့တဲ့ လူတော် တရုတ်ပညာရှင်တွေဟာ တရုတ်ပြည်ကို ပြန်လာပြီး ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ ယှဉ်ပြီး ပေါင်းပြီး တရုတ်ပြည်ကြီး အစွမ်းမရောက်အောင် ကူညီကြသလို တရုတ်ပြည်တိုးတက်ရေးမှာ ပံ့ပိုးကူညီလျှက်ရှိကြတယ်။ ယနေ့ တရုတ်ပြည်ကြီးမှာ အသက် (၃၀) ကျော်ရင်ကြီးသွားပြီလို့ ယူဆတယ်။ လူငယ်တွေက အင်နဲ့ အားနဲ့ ကြိုးစားကြတယ်။ ၄၀/၅၀ ကျော်တွေက အတွေ့အကြုံရင့်လို့ အုပ်ချုပ်ကြတယ်။ ၆၀ ကျော်တွေက လမ်းပြပေးတယ်။ လူတိုင်း လိုလိုအခွင့်အရေးရတယ်။ လူတိုင်းကို (ပေး)စားတော့ လူလတ်တန်းစား တွေ တိုးလာတာပေါ့။ တချိန်ထဲမှာ လူတန်းစားကွာဟမှုကြီးလာတာ၊ Internal Migration ဆိုတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်ပေါ့။ ဒါတွေက ကြီးပွားမှုရဲ့ ဒုက္ခတွေပေါ့။ ခုခေတ်မှာ လူအများတိုးတက်တယ်။ လူအနည်းစု ဒုက္ခရောက်နေတုန်းပဲပေါ့။ မော်စီတုံးခေတ်က လူတိုင်းမွဲတေနေပြီး သန်းပေါင်းများစွား ငတ်ပြတ်သေကြေခဲ့ရတယ်။


ကျနော် တရုတ်နဲ့ ကုလားတွေကို ပိုအားကျမိတယ်။ ကျနော်တို့ မြန်မာပြည်ကြီးကတော့ မော်စီတုံးခေတ်က မကျော်နိုင်သေးဘူး။ တကိုယ်ကောင်းဆန်တဲ့ စစ်သားတွေ ဖိနပ်အောက်မှာ တိုင်းပြည်ကြီးဟာ ၀ဋ်ခံနေတုန်းပဲ။ တချိန်မှာ လွတ်လပ်မှာပါ။ ကျနော် တိုင်းပြည်ကို ကိုယ်တိုင်အလုပ်အကျွေး မပြုနိုင်ခဲ့ရင်တောင် နောင်တိုင်းပြည်ကို ခေါင်းဆောင်ရမယ့် ဦးဆောင်တည်ထောင်ရမယ့် လူငယ်တွေကို အတွေ့အကြုံ မျှခဲ့ချင်တာ ကျနော့် စေတနာပါ။


တိုင်းပြည်တခုဖြစ်စေ၊ လူတဦးချင်းဖြစ်စေ၊ အများအားဖြင့် တိုးတက်အောင်မြင်လာရင် နောက်ဆုံး စီးပွားရေးကို နားလည်လာရတော့တာပါပဲ။ Astronomy – Anthropology ကဲ့သို့ ဘာသာရပ်များက လွယ်လို့ အင်ဂျင်နီယာဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ မြင့်လာရင် အုပ်ချုပ်မှု၊ အုပ်ချုပ်မှုက တဆင့်မြင့်လာရင် စီးပွားရေးပညာနဲ့ ရင်ဆိုင်ရတော့တာပါပဲ။ နောက်ဆုံးတော့ လုပ်ငန်းဆိုတာ အရှုံး/အမြတ် profit & loss (P/L)ကိုရင်ဆိုင်ရတာပဲ မဟုတ်လား။ ဘာလုပ်ငန်းမဆို နောက်ဆုံး အမြတ်မရှိဘဲ ၀င်ငွေမရှိဘဲ ကြာကြာမရပ်တည်နိုင်ပါဘူး။ ဒါကြောင့် အင်ဂျင်နီယာပညာရပ်ကိုမှီတည်တဲ့ လုပ်ငန်းဖြစ်စေ၊ ဆေးပညာကို မှီတဲ့ ဆေးရုံလုပ်ငန်းဖြစ်စေ၊ သိပ္ပံပညာရပ်ကို မှီတဲ့ လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းကို ဦးစီးရတာနဲ့ အရှုံး/အမြတ် စီးပွားရေးကို နားလည့်ရပါတယ်။

ထိုနည်းတူစွာပဲ နိုင်ငံရေးမှာ အာဏာရလာပြီးရင် တိုင်းပြည်ကို ချစ်စိတ်ရှိရင် တိုင်းပြည်ကို ထူထောင်ရပါမယ်။ တိုင်းပြည်ထူထောင်ချင်ရင် စီးပွားရေးကို နားလည်ရပါတော့မယ်။ ဒါကြောင့် နိုင်ငံရေးကို စိတ်ဝင်စားရင် စီးပွားရေးကိုလည်း အသင့်အတင့် နားလည်ရပါမယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုနု၊ ကိုရာရှစ်တို့ဟာ ကျောင်းသား ဘ၀မှာ နိုင်ငံရေးကို စိတ်ဝင်စားလို့ နိုင်ငံရေးနယ်ပယ်ထဲ ၀င်ကြတော့ စာဖတ်ကြရတယ်။ တိုင်းပြည်ထူထောင်ဖို့ အတွက် စီးပွားရေးကို လေ့လာခဲ့ကြရတယ်။ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်မလာခင်ကတည်းကို တိုင်းပြည်ကို ဘယ်လိုထူထောင်မယ်ဆိုတာ စဉ်းစားခဲ့ကြရပြီး တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာတော့ ဘယ်လမ်းကြောင်းကို ရွေးရမယ်ဆိုတာ နားလည်ကြတယ်။ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့ကြတယ်။ ဒီခေါင်းဆောင်တွေကို ၀ါဒရေးကြောင့် ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် လွတ်လပ်ပြီးစ (၁၀) နှစ် ပါလီမာန် ဒီမိုကရေစီခေတ်မှာ မြန်မာပြည်ဟာ အတိုးတက်ဆုံးဆိုတာကို ဘယ်သူမှ ငြင်းမရပါ။ အဲ့ဒီခေတ်က မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဆန်အတင်ပို့ဆုံးနိုင်ငံ။

မင်္ဂလာဒုံလေဆိပ်ဟာ ဂျပန်က နာရီတာပြီးရင် ဒုတိယအကြီးဆုံး၊ ယိုးဒယားတွေက ရန်ကုန်ကို ဈေးလာဝယ်ကြရတယ်။ မြန်မာတယောက်ရဲ့ ၀င်ငွေ ဟာ စင်္ကာပူနဲ့ တန်းတူ၊ အရှေ့တောင်အာရှမှာ အလားအလား အရှိဆုံးလို့ သတ်မှတ်ခံရတယ်။ ရွှေနှစ်များ Golden Years လို့ခေါ်ခဲ့ရတယ်။

အဲဒီခေတ်က ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ် ဘီပွန်စွန်ကရမ်းဟာ မြန်မာပြည်တိုးတက်နေတာကို မြင်တွေ့ရပြီး ဒုတိယ၀န်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) တာဝန်ယူခဲ့ရတဲ့ ကျနော့် အဖေရှေ့မှာ သူ့ဝန်ကြီးကို ကြိမ်းလိုက်တာ။ ခုတော့ စစ်ဗိုလ်တွေရဲ့ ဖျက်ဆီးမှုကြောင့် ကျနော်တို့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကို လိုက်မမှီတော့လောက်အောင် နောက်ကျကျန်ခဲ့ပြီ။ ဒီမိုကရေစီပြန်ရအောင် တိုက်ရမှာက ပထမ၊ ဒီမိုကရေစီရပြီးရင် တိုင်းပြည်ပြန်လည်ထူထောင်ရမယ်။ ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ တိုင်းပြည်ထူထောင်ရင် စီးပွားရေး နားမလည်၍ မရပါ။ ဒါကြောင့် အထူးသဖြင့် သူငယ်လေးတွေကို လက်ဆင့်ကမ်းခဲ့ချင်တယ်။ မြန်မာဖြစ်ရတာ မြန်မာပြည်ကဟေ့ဆိုတာကို ရဲရဲကြီး ပြောပြီး ဂုဏ်ယူနိုင်တဲ့ခေတ်ကို ပြန်ရောက်ချင်တယ်။ ရောက်ရမှာပါ။ ရောက်ကို ရောက်ရမယ်။
ဘိုဘိုကျော်ငြိမ်း
အောက်တိုဘာလ(၈)ရက်၂၀၀၈ခု။
bnyein@gmail.com


အမေရိကန် ဆပ်ပရိုင်း (Sub-prime) ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေး ပြဿနာ( အပိုင်း ၁)


အမေရိကန် စီးပွားရေးစနစ် ရေတိမ်နစ်ရခြင်း ဆပ်ပရိုင်း အပိုင်း (၂)


No comments:

Post a Comment