၂၀၀၉ နိုင်ငံရေး စစ်တမ်း အပိုင်း (၄)

ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 01 ရက် 2009 ခုနှစ် 15 နာရီ 14 မိနစ်



ကမ္ဘာ့အင်အားကြီးများနှင့် သံတမန်နည်းလမ်း
တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ပေါ်လစီချပုံ၊ ပေါ်လစီကို အကောင်အထည် ဖော်ပုံတွေကို နားလည်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အခြေအနေမှာ နအဖ အပေါ် သြဇာ အရှိဆုံးက တရုတ်။ ဒါတောင် တရုတ်ကြီးပြောသမျှကို နအဖ ဗိုလ်ချုပ်တွေက နားထောင်တာ မဟုတ်။ ဒါပေမဲ့ တရုတ်မပါရင် မဖြစ်။ ဒါကြောင့် တရုတ်နဲ့ အမေရိကန်ဟာ အရေးကြီးဆုံး။ ဒီ ၂ နိုင်ငံ ပူးပေါင်းအဖြေရှာမှ အဖြေရဖို့၊ တိုးတက်ဖို့ ဖြစ်နိုင်တာကိုး။ ဒါက အပြင်က ဖိအား၊ အတွင်းက ဖိအားမပါဘဲလည်း အဖြေမရနိုင်ပါ။ အတွင်းဖိအားကို တည်ဆောက်နိုင်မှ အတွင်းအပြင် ဖိအားနှစ်ဖက် ညှပ်ကိုင်မှ နအဖ ကို (ကိုင်) နိုင်စရာ ရှိပါတယ်။

တရုတ်တို့ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဗဟိုဦးစီးစနစ်ဆိုပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်ပေးပြီး အုပ်ချုပ်စေတယ်။ ပေါ်လစီကို ဗဟိုက ချတယ်။ ဒီပေါ်လစီချပြီးရင် ပေါ်လစီအရ ဘာလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို ဘောင်ခတ်ပေးလိုက်တယ်။ ဒီ ဘောင်ထဲမှာရှိရင် ပြည်နယ် အစိုးရတွေက အကောင်အထည်ပေါ်တာပဲ။ မြန်မာအရေးဆိုရင် ဘေကျင်းက ပေါ်လစီ ကိုင်တယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ မြန်မာနိုင်ငံက ယူနန်နဲ့ ဆက်စပ်နေတာကြောင့် ယူနန်က ကိုင်တွယ်တယ်လို့ ဆိုရမယ်။ အထူးသဖြင့် တိုင်းရင်းသားတွေရော၊ အတိုက်အခံတွေရောပေါ့။

ကိုင်တွယ်တဲ့ ယူနန်က အရာရှိတွေက လုံခြုံရေးအေဂျင်စီတွေမှာ လုပ်တယ်။ အားလုံးလိုလို ဗမာစကား ပြောတတ်တယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်းသိတယ်။ မြန်မာပြည်ကိုလည်း ခဏခဏသွားတယ်။ နအဖ ဘက်က လူတွေကိုလည်း ကောင်းကောင်းသိသလို အတိုက်အခံဘက်က လူတွေအကြောင်းလည်း ကောင်းကောင်းသိတယ်။ ပေကျင်းမှာ ပေါ်လစီချတဲ့ ‘လူ’ က မဆလ ခေတ်က သံအမတ်ဟောင်း၊ ဗမာလို တတ်တယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်းကျွမ်းတယ်။ ဒီလူကိုမှ တရုတ် တတ်သိပညာရှင် Think Tank ပါမောက္ခတွေကမှ ဘေးက ဝိုင်းရံပေးထားတယ်။ တရုတ်စနစ်က ဒေါင်လိုက် Vertical ဖြစ်တယ်။ မြန်မာပြည် ကျွမ်းကျင်သူဖြစ်လာရင် ဒီအပေါ်မှာပဲ အဆင့်ဆင့် ရာထူးတက်သွားတာပေါ့။ ဒါကြောင့် တရုတ် ပေါ်လစီကို ပြောင်းချင်ရင် အချိန်ယူရမယ်။ တရုတ်က ချက်ချင်း ပြောင်းလေ့မရှိဘူး။ တရုတ်က တရုတ်အကျိုးကိုပဲ ကြည့်တယ်။

အမေရိကန်ဘက်ကတာ့ ပါဝင်သူတွေများတာကြောင့် ပိုရှုပ်ထွေးတယ်။ အမေရိကားမှာ ပေါ်လစီကို အုပ်ချုပ်တဲ့ အစိုးရက ချရပေမယ့် ကွန်ကရက်က ပိုက်ဆံဘတ်ဂျက်ကို ချပေးရတာကြောင့် အစိုးရကို ငွေနဲ့ ညှစ်ထားတယ်ဆိုတဲ့ Power of the Purse နဲ့ ထိန်းကွပ်ထားပါတယ်။ ဒါကြောင့် ဆီးနိတ်နဲ့ လွှတ်တော်က အရေးပါတဲ့ အမတ်တွေဟာ နိုင်ငံခြားရေးပေါ်လစီအပေါ် သြဇာသက်ရောက်မှုရှိပါတယ်။ သမ္မတ ဘုရှ် သတ်တမ်းတလျှောက်မှာ ရီပတ်ဘလီကင်ပါတီက ဒုတိယ အာဏာအရှိဆုံး ဆီနိတ်အမတ်က ဒေါ်စုရဲ့ သတ္တိနဲ့ စွန့်လွှတ်မှုကို လေးစားပြီး မြန်မာ့နိုင်ငံအရေးကို မွေးစားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံအရေးဆိုရင် လက်ရှောင်တဲ့သဘော လက်လွှတ်ထားခဲ့တယ်ပေါ့။ ဆီးနိတ်ရဲ့ ဘတ်ဂျက်လျာထားရေး ကော်မတီ Senate Appropriations Committee မှာ ဒီ ဆီနိတ်တာက အရေးပါအရောက်ရောက်သူ လူကြီး။ နိုင်ငံခြားရေးရုံး အတွက် ဘတ်ဂျက်ကို အတည်ပြုပေးရတဲ့ Appropriation Sub Committee for Foreign Relation မှာ ဥက္ကဋ္ဌ။ ဒီအရှိန်ကြောင့် မြန်မာ့နိုင်ငံအရေးဟာ နိုင်ငံခြားရေးရုံးကနေ ကွန်ကရက်က သိမ်းပိုက်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Bi-partisan လို့ခေါ်တဲ့ ဒီမိုကရက်ရော ရီပတ်ဘလီကင် ပါတီက ကွန်ကရက် အမှုထမ်းတွေပါဝင်တဲ့ အစုအဖွဲ့တခုဖြစ်လာတယ်။ Burma Group ဆိုပြီး လူသိများတယ်။ ဒီအဖွဲ့မှာ မြန်မာတွေကို ငွေထောက်ပံ့နေတဲ့ National Endowment For Democracy - NED က လူရယ်၊ ကွန်ကရက်က အမှုထမ်းတွေရယ်၊ ရီပတ်ဘလီကင်ပါတီက လော်ဘီရစ် Lobbyist တယောက်ရယ်၊ ဒီမိုကရက်ဘက်က လော်ဘီရစ်တယောက်ရယ်နဲ့ ဖွဲ့ခဲ့ကြတယ်။ မြန်မာနိုင်ငံကအဖွဲ့တွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတခုက လူကြီးတဦးပဲ မြန်မာနိုင်ငံသားအနေနဲ့ ဒီအဖွဲ့မှာ ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်လာရင် ဒီအဖွဲ့ဟာ သြဇာရှိတယ်။ ကိုင်ထားတယ်။ ရီပတ်ဘလီကင် လော်ဘီရစ်ဟာ ဆီးနိတ်တာကြီးရဲ့ တပည့်ရင်းတယောက်၊ လူတော်တယောက်ပါပဲ။ ဒါပေမဲ့ ဒီအဖွဲ့ဟာ ပေါ်လစီပိုင်းထက်စာရင် လှုပ်ရှားတက်ကြွသူ Activist အပိုင်း ကိုပိုအလေးထားတယ်လို့ ထင်မိတယ်။

ခေါင်းအေးတဲ့ လူအေးတွေလည်း ပါကြပါတယ်။ ဒါပေမဲ့ တရုတ်တွေလို မြန်မာ့နိုင်ငံရေးကို မကျွမ်းကျင်ဘူး။ ဒါကြောင့် ကျနော် Understanding the SPDC Generals ဆိုတာနဲ့ ပေါ်လစီစာတမ်း ဆိုတာတွေကို ဒီအဖွဲ့က လူတချို့နဲ့ ဆွေးနွေးရင်း စဉ်းစားနိုင်အောင် ရေးပြခဲ့တာပါ။

မြန်မာ့နိုင်ငံအရေးကို ဆောင်ရွက်တယ်၊ (ငွေ)လိုတယ်ဆိုရင် ဒီအဖွဲ့နဲ့ မကင်းဘူး။ အဝေးရောက် အစိုးရဆိုတာရော၊ ဒီမိုကရေစီအတွက်ဆိုတဲ့ အဖွဲ့တိုင်း ဒီအဖွဲ့ကို ချဉ်းကပ်ကြရတယ်။ ဆီနိတ်တာအမတ်မင်းက မြန်မာနိုင်ငံမှာ ဒီပဲယင်း ဖြစ်တယ်၊ ရွှေဝါရောင် ဖြစ်တယ်ဆိုရင် စိတ်ဝင်စားပြီး မြန်မာပြည်အတွက် ငွေ သတ်မှတ်ပေးပေါ့။ ဒီငွေကို NED က ဝေပေးပေါ့။ ဆီနိတ်တာအမတ်မင်းက Burma-Group ကို အားကိုးတယ်။ တခါ ဒီအဖွဲ့က ဘယ်အဖွဲ့ကို ဘယ်လောက်ကူသင့်တယ် ဆိုတာကို စဉ်းစားကြပြီး NED ကတဆင့် ငွေပေးတာပေါ့။ NED က တိုက်ရိုက်ပေးတာရှိသလို IRI (International Republican Institute) နဲ့ DRI (Direct Relief International) က ပရောဂျက် အလိုက်ပေးတယ်။ DRI က ဖွံ့ဖြိုးရေးနဲ့ သင်တန်းကို အရေးပေးတယ်။ IRI ကတော့ တီးမယ်၊ ဆော်မယ်ဆိုရင် ပိုကြိုက်တယ်။ ရီပတ်ဘလီကင်ဘက်က လော်ဘီရစ်က IRI က လာတာ။ နောက် NED မှာ အလုပ်သမား အစည်းအရုံး Labor Unions တွေနဲ့ ပတ်သက်တာရယ် အထူးပရောဂျက်များဆိုပြီး ရှိတယ်။ ဒါကြောင့် FTUB က ပြိုင်ဘက်မရှိတာပေါ့။ အလုပ်သမား ကိုတာ Quota ကရတာကိုး။

Burma Group က လူတွေက စိတ်ရင်းမှန်ကြပါတယ်။ စေတနာ ရှိကြတယ်။ ဒါပေမဲ့ မြန်မာအုပ်စုတွေက အရာဝင်လောက်အောင်၊ အထင်ကြီးလောက်အောင် မလုပ်နိုင်ကြဘူး။ အထူးသဖြင့် အဝေးရောက် အစိုးရလို မြန်မာတွေကို ကိုယ်စားပြုရမယ့်အဖွဲ့က ပိုက်ဆံတောင်းတာက လွဲလို့ ဘာမှ Input မပေးနိုင်ဘူး။ ဥပမာတခုက အထည်စက်ရုံတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တားမြစ်ပိတ်ဆို့မှု Sanction ဥပဒေကို ရေးခဲ့တယ်။ မြန်မာတွေကို အထင်မကြီးလို့ မမေးတာလား။ ဘာမှ အကူအညီမပေးနိုင်မှန်းသိလို့ မမေးတာလားတော့ အတတ်မသိပါ။ ကျနော်နဲ့အတူ ထမင်းစားကြရင်း ရီပတ်ဘလီကင်က လော်ဘီရစ်က ဒါ ငါရေးတာပဲ။ နအဖက ရနေတဲ့ သန်း ၃ဝဝ-၃၅ဝ ကို ပိတ်ချင်တာ အဓိကပဲလို့ ဆိုလာတာကြောင့် ခင်ဗျား ဒီဂဏန်းကို ဘယ်ကရသလဲ? လို့ မေးမိတယ်။ အမေရိကန် ပညာရှင် တယောက်ရေးတဲ့ ဆောင်းပါးက ရတာလို့ ဆိုလာတယ်။

ဒါနဲ့ ကျနော်က သူညွှန်းတဲ့ ပညာရှင် နဲ့ တွေ့တော့ ခင်ဗျား ဒီဂဏန်းဘယ်ကရသလဲလို့ မေးမိတယ်။ သူက ငါ မြန်မာပြည်ရောက်တော့ အထည်စက်ရုံတွေကိုကြည့်ပြီး စက်ရုံတခုမှာ အထည် ဘယ်လောက်ထွက်သလဲ? စသည်ဖြင့် အကြမ်းဖျင်း မှတ်ခဲ့တယ်။ ပြီးတော့ ကမ္ဘောဒီးယားက ကိန်းဂဏန်းတွေနဲ့ ယှဉ်ထိုးပြီး အဲဒီ ကိန်းဂဏန်းတွေကတဆင့် တွက်ယူကြည့်တာ Extrapolate လုပ်တာလို့ ပြောတယ်။ ဒီသန်း ၃ဝဝ ကို မြင်တော့ နအဖတော့ သန်း ၃ဝဝ ရနေပြီလို့ ထင်စရာရှိတာပေါ့။ နအဖကို ခပ်ချဉ်ချဉ်နဲ့ အထည်စက်ရုံတွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူတဲ့ Sanction ဥပဒေထုတ်လိုက်တော့ စက်ရုံတွေ အပိတ်ခံရပြီး အလုပ်သမားတွေ အလုပ်မရှိ၊ ဖြစ်ကုန်တော့တာပေါ့။ နအဖ က ပုံကြီးချဲ့ပြီး အပြစ်တင် တိုက်ခိုက်လာတော့ အတိုက်အခံတွေ အပြစ်တင်ခံရပြီး အမေရိကန်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြရတယ်။

ဖြစ်သင့်တာက အဝေးရောက် အစိုးရအဖွဲ့ဖြစ်စေ၊ အဖွဲ့အစည်းတခုခုကဖြစ်စေ လေ့လာသုံးသပ် သုတေသန Research လုပ်ထားရင် နအဖကို ဆက်ကြေးပေးရတာ ဘယ်လောက်ရာခိုင်နှုန်း၊ အရင်းအနှီးလုပ်ရတာ ဘယ်လောက် ရာခိုင်နှုန်း၊ လည်ပတ်ငွေ Operation ကုန်ကျငွေက ဘယ်လောက်၊ Consequence လို့ခေါ်တဲ့
နောက်ဆက်တွဲ အဖြစ်တွေက ဘာဆိုတာ စဉ်းစားပြီးမှ စဉ်းစဉ်းစားစား ရေးခဲ့ရင် ခြေလှမ်းမမှားဘူးပေါ့။ အမေရိကန်အစိုးရက နအဖအတွက် အဓိက ဝင်ငွေများတဲ့ စွမ်းအင်ကိုတော့ မပိတ်ရဲကြဘူး။

ကျနော့်အမြင်အရ Burma Group က ရေရှည်အကျိုး၊ ရေတိုအကျိုး၊ ဒီမိုကရေစီရဖို့ ဗျူဟာချပြီး သွားသင့်တယ်။ ဒါတွေက မြန်မာတွေဘက်က လုပ်ထားသင့်တယ်၊ ဒါတွေဟာ ငါတို့ အမေရိကန်ဘက်က လုပ်သင့်တယ်ဆိုတဲ့ Burma Policy ရှိသင့်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Policy-Review လို့ခေါ်တဲ့ အစည်းအဝေးပွဲတွေ ခဏခဏ လုပ်ပေမယ့် ကျနော်သိရသလောက် တိကျတဲ့ Burma Policy ဆိုတာ မရှိဘူး။ တိုတိုပြောရရင် Burma Policy ဆိုတာက ဒေါ်စုနဲ့ NLD ကို ထောက်ခံ၊ ပြည်တွင်းမှာ ပြဿနာပေါ်ရင် UN မှာ ဆွေးနွေးဖို့ပြော၊ UN ကိုယ်စားလှယ်လွှတ်ဖို့ ကြိုးစား၊ တရုတ်ကြီးက UN မှာ ဗီတိုနဲ့ ပယ်လိုက်ရင် တခါ နောက်ပြန်လန်သွား။ ဒီလိုနဲ့ပဲ အချိန်တွေကုန်၊ ဒေါ်စုလည်း အသက်တွေကြီး၊ နောက်လိုက်တွေလည်း အော်ကြဆဲကြနဲ့ နောက်ဆုံး မောပြီး စိတ်ဓာတ်တွေကျပြီး ဘာဆက်လုပ်ကြရမယ်မှန်း သိပုံမပေါ်ဘူး။

အမှန်အတိုင်း မြင်တတ်ရင် အမေရိကန်တွေလည်း မြန်မာတွေနဲ့အတူတူ ဒေါ်စုကို လေးစားတာ ကြည်ညိုတာမှန်တယ်။ ဒါပေမဲ့ မိမိတို့ရဲ့ နအဖ အပေါ် မုန်းတီးစိတ်နဲ့ စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှု နောက်ကို လိုက်ကုန်ကြတယ်လို့ မြင်မိတယ်။ အမေရိကန်တွေရဲ့ အဓိကအားနည်းချက်က သူဋ္ဌေးသား တွေးသလို (ငွေ)ရှိရင် အားလုံးရမယ်လို့ ထင်ကြတယ်။ အမေရိကန်က ထောက်ပံ့တယ်ဆိုတာ အမှန်တကယ် အစိုးရ ပြောင်းဖို့၊ တော်လှန်ရေးလုပ်ဖို့ မလုံလောက်ပါဘူး။

အမေရိကန်တွေကို ကျနော် အပြစ်မတင်ပါဘူး။ အမေရိကန် နိုင်ငံအကျိုးအတွက် နအဖကို အတိုက်အခံ လုပ်နေကြတာမှ မဟုတ်တာ။ Principle (မူ) သက်သက်နဲ့ ဒေါ်စုရဲ့သတ္တိကို လေးစားလို့သာ ကူညီနေကြတာကိုး။ ကျနော်တို့ မြန်မာတွေက နိုင်ငံရေးအတွက် နိုင်ငံရေးလိုအပ်ချက်ကို နားမည်ဘဲ နအဖကို ဆန့်ကျင်ဖို့သက်သက်သာ ဆန့်ကျင်နေကြတာကိုး။ အင်္ဂလိပ်လို Opposing for the sake of opposing လို့ ခေါ်ပါတယ်။ ငါတို့ လိုချင်တာ ငါတို့ရည်မှန်းချက်က ‘ဒါ’၊ ‘ဒီ’ ရောက်အောင် ‘ဘာ’ တွေလိုတယ်၊ ‘ဘယ်’ လို ပြင်ဆင်ထားရမယ်။ ‘ဘယ်သူ့’ ကို ‘ဘာ’ အတွက် အကူအညီတောင်းမယ်ဆိုတဲ့ ပလန် (plan) ၊ Logistic (လိုအပ်ချက်)နဲ့ ဗျူဟာ (Strategy) တွေမှ မရှိကြတာ။

မျက်စိမှိတ်ပြီး နအဖကို ဆဲနေကြပြီး ဆန့်ကျင်ဖို့သက်သက် ဆန့်ကျင်ကြတာကြောင့် မကောင်းတဲ့ ရလဒ်တွေ ရှိတယ်။ အတိုက်အခံတွေက နအဖဟေ့ ဆိုရင် မပေးနဲ့၊ မပြောနဲ့ မရဘူး ဆိုတာပဲ သိကြတယ်။ အင်္ဂလိပ်လို ပြောရင်တော့ Isolate လုပ်တယ်၊ ဝိုင်းကျဉ်တယ်ပေါ့။ တခါ နအဖကလည်း အတိုက်အခံကို နိုင်ငံရေးဖြတ် ၄ ဖြတ်နဲ့ တိုက်ခိုက်လာတော့ အချိန်ကြာတော့ Vacuum လို့ ခေါ်တဲ့ ‘လေဟာနယ်’ ဖြစ်လာတယ်။ အတိုက်အခံတွေဘက်မှာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေမရှိ၊ အုပ်ချုပ်ရေးနားလည်တဲ့ အုပ်ချုပ်ရေးမှူး (Administrator) တွေမရှိ၊ စီးပွားရေးနားလည်တဲ့ စီးပွားရေးပညာရှင်တွေမရှိနဲ့ ချို့ယွင်းလာလိုက်တာ မနက်ဖြန် စစ်အစိုးရ ပြုတ်ကျသွားရင် အစားထိုးမဲ့သူတွေ မရှိတော့ လေဟာနယ် Vacuum ဖြစ်လာကြတာပေါ့။

ကျနော်တို့က ပညာလေးနည်းနည်းတတ်၊ အတွေ့အကြုံ နည်းနည်းရလာကြတော့ ကိုယ့်ဟာကိုယ် ပေ ၃ သောင်းအထက်က ကြည့်တတ်ပြီလို့ ဘဝင်မြင့်ခဲ့ကြတယ်။ ကျန်တဲ့ လူတွေတော့ မသိပါ။ သမ္မတ ဘုရှ် (Bush) နဲ့ မြန်မာအတိုက်အခံတွေတွေ့တဲ့ ထမင်းစားပွဲမှာ ကျနော် မျက်စိပွင့် အမြင်မှန်ရခဲ့တယ်။ ကျနော်တို့က အစိုးရ အပြောင်းအလဲပဲ ကြည့်ကြတာ။ စူပါ ပါဝါလို့ ခေါ်တဲ့ နိုင်ငံကြီးတွေက အပြောင်းအလဲကျော်ပြီး ဘယ်သူ၊ ဘယ်လို အုပ်ချုပ်မှာလဲဆိုတာကိုပါ ကြည့်ကြရတာ။ အီရတ်မှာ ဆဒမ်ဟူစိန်ပြုတ်ကျပြီး အခုထိ ဖရိုဖရဲ ဖြစ်တာကို သင်ခန်းစာယူပြီး အမေရိကန်က ဒီ Vacuum ကို ဘယ်လိုကျော်မလဲဆိုတာ တွေးပူပုံရတယ်။ ဒါ ပေ ၆ သောင်း အထက်က အမြင်နဲ့ ကြည့်ကြတာပါ။ အမေရိကန်က Vacuum လို့ သုံးတယ်။ တရုတ်က တည်ငြိမ်မှု Stability လို့ သုံးတယ်။ ဒါကိုမမြင်တဲ့ ကျနော်တို့က ကိုယ့်အရည်အချင်းကို ကိုယ်မြှင့်ဖို့ အချင်းချင်း ဝိုင်းကူဝိုင်းမြှင့်တင်ဖို့ မစဉ်းစားကြဘူး။ မင်းက ဒါ ရတယ်၊ ငါက ဒါ မရဘူး၊ မင်းက ဘာကောင်လဲဆိုပြီး အတ္တစိတ်တွေ မွှန်နေကြတာနဲ့ ကွဲပြဲနေကြတာ ’လူ’ ရှိပြီး ‘အင်အားမရှိဘူး’၊ လူတော်လူကောင်းကို မမွေးနိုင်ကြဘူး။ နေရာဆက်ခံရမယ့် နောက် လူငယ်စု Next Generation ကို မမွေးနိုင်ကြဘူး။ နေရာ ဖယ်မပေးချင်ကြဘူး။ ကိုယ့်အကျိုးထက် ကျော်ပြီး ပိုအရေးကြီးတဲ့ တိုင်းပြည်အကျိုး၊ အများအကျိုးကို မကြည့်နိုင်ကြဘူး။

တချို့က ဖိလစ်ပိုင်အဖြစ်ကို ကြည့်ကြပြီး မြန်မာရာမို့ Burmese Ramos ကို ရှာကြတယ်။ အချင်းချင်း မညီဘဲ အင်အား မတည်ဆောက်နိုင်ကြရင် ဘယ်စစ်ဗိုလ်က အတိုက်အခံဘက်ကို အထင်ကြီး လေးစားပြီး၊ နအဖ ကို ဆန့်ကျင်ရဲမှာလဲ?

ဒါကြောင့် တိုင်းပြည်ကြီးတွေ ဘယ်လိုတွေးသလဲ။ သူတို့အကျိုးက ဘာလဲ။ ငါတို့ ရည်မှန်းချက်က ဘာလဲ။ ငါတို့ဘက်က ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘယ်လို ညီညွတ်မှု တည်ဆောက်ကြမလဲ။ ဦးတည်ချက် ပန်းတိုင်ကို ဆွတ်ခူးဖို့ ဗျူဟာချနိုင်ရမယ်။ ဗျူဟာရှိမှ မျှော်လင့်ချက်ရှိမယ်။ မျှော်လင့်ချက်နဲ့ အောင်မြင်မှုရမှ လူပေါင်းစုံ ပါလာမယ်။ ဒီတော့မှ အင်အားရှိမယ်။ အင်အားရှိမှ လူတွေ ထပ်ပါလာမယ်။ ဒါမှ အင်အားကြီးလာမယ်။ အင်အားကြီးလာမှ နအဖက၎င်း၊ တရုတ်က၎င်း သူတို့အကျိုးကို ကြည့်ပြီး ဆွေးနွေးလာမှာပေါ့။ ဒါဟာ လူတိုင်းပါဝင်တဲ့ အောက်ခြေလူထု Grass Root ကို စည်းရုံးပြီး ‘အင်အား’ ထူထောင်တဲ့ နည်းပဲ။ ဒါ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလကို ထူထောင်ပြီး လူထုနဲ့ ‘အင်အား’ တည်ဆောက်သွားတဲ့ နည်း၊ မော်စီတုံးနဲ့ တရုတ်ကွန်မြူနစ်တွေ ‘အင်အား’ ထူထောင်သွားတဲ့ နည်းပဲ။

လက်ရှိ အတိုက်အခံ (အင်အား) က ဘယ်မှာလဲ။

လက်ရှိ မြန်မာနိုင်ငံရဲ့ အင်အားက ‘လူထုအင်အား’ မဟုတ်ဘူး။ လူထုကြီးက ဒေါ်စုနဲ့ NLD ကို ထောက်ခံတယ်။ ဒါပေမဲ့ NLD ဆိုတာ ဖဆပလလို အဖွဲ့အစည်းမဟုတ်ဘူး။ ထုထောင်းခံရလို့ ကြေမွနေတယ်။ အင်အားက ခေါင်းဆောင် (ဒေါ်စု) ဆီမှာပဲ ရှိတယ်။ နိုင်ငံတကာ ထောက်ခံတာ ဒေါ်စုရဲ့ သတ္တိနဲ့ ယုံကြည်ချက် ပြင်းထန်မှုအပေါ် လေးစားထောက်ခံတာ။ မြန်မာ့အရေးကို ထောက်ခံတာထက် ပုဂ္ဂိုလ်အရေးအရ ထောက်ခံတာ။ ဒေါ်စုကလည်း တခါ နိုင်ငံတကာရဲ့ အင်အားကိုသုံးပြီး နအဖက ဆွေးနွေးလာအောင် တောင်းဆိုရတာ။ ဒါကြောင့် တကယ့် အင်အားက အနောက်နိုင်ငံတွေရဲ့ ကုလသမဂ္ဂကတဆင့် ဖိအားပေးမှုအပေါ် ရောက်သွားတယ်။

တနည်းအားဖြင့် တကယ့် အင်အားမဟုတ်၊ အငှားအင်အားသာဖြစ်တယ်။ အနောက်နိုင်ငံတွေအဖို့ အင်အားတော့ ရှိပါရဲ့။ ကိုယ့်အကျိုးမပါတော့ ဟန်လုပ်ပြီး ခြိမ်းခြောက်နေရတာ၊ တကယ့် လက်တွေ့ မပါဘူး။ နအဖက တရုတ်ကြီးကို အဖေခေါ်ပြီး၊ ပါပါကြီးဆိုပြီး တရုတ်အရိပ်အောက် ခိုလိုက်တော့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် သက်သက် စစ်အင်အားကို မသုံးနိုင်တော့ဘူးပေါ့။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလက လူထုထောက်ခံမှုကို ရအောင်ယူ၊ အောက်ခြေလူထု ‘Grass Root’ ကို စည်းရုံးပြီး ဖဆပလကို ‘အား’ ဖြည့်ပြီးမှ Elite Politics လို့ ခေါ်တဲ့ ထိပ်ပိုင်းမှာ ဆင် ဆင်ချင်း စီးချင်းထိုးတာ။ ဒေါ်စုရဲ့ အရည်အချင်း၊ ဒေါ်စုရဲ့ သတ္တိ၊ ဒေါ်စုရဲ့ ခံယူချက်ကြောင့် ဒေါ်စုက ဝုန်းဆို ဆင်ပေါ် ရောက်သွားပြီး လူထု ထောက်ခံမှုရရှိပေမယ့် နောက်မှာ အဖွဲ့အစည်းအင်အားမရှိဘဲ Elite Politics လို့ ခေါ်တဲ့ ဆင်ပေါ်မှာ စီးချင်းထိုးကြရတာ။ စီးချင်းထိုးတော့လည်း Idealism ကို ဆွဲကိုင်ထားမိတော့ လက်တဖက်နဲ့ စီးချင်းထိုးရသလို ကိုယ့်ဘက်က တပန်းရှုံးတာပေါ့။ ဒီအခြေအနေမှာ ဒေါ်စုနောက်က လူတွေ - ပြည်တွင်းမှာ NLD CEC ၊ ပြည်ပမှာ NCGUB - က အောက်ခြေလူထုကို စည်းရုံးပြီး အင်အားထောင်ရမယ့်အစား သူတို့ကလည်း ဆင်ပေါ်မရောက်နိုင်တော့ ကျွဲစီးပြီး Elite Politics ကိုပဲကစားဖို့ပဲ ကြိုးစားနေကြတော့ ဒေါ်စုနောက်မှာ လူထုကြီးရှိလျက်နဲ့ ‘အင်အား’ မတည်ဆောက်နိုင်ခဲ့ကြဘူး။ ရင်နာစရာပါ။

ဒါကြောင့် ဒေါ်စုကို တကယ်လေးစားရင်၊ ဒေါ်စုကို တကယ်ချစ်ရင်၊ တိုင်းပြည်ကို တကယ်ချစ်ရင် ကျနော်တို့ အားလုံး ‘အင်အား’ တည်ဆောက်ကြရမယ်။ ဒေါ်စု ကော်ဇောပျံကြီး စီးပြီး ကောင်းကင်ပေါ်က ဆင်းလာ၊ ဒီမိုကရေစီလက်ဆောင် ယူလာတဲ့နေ့ကို စောင့်မျှော်ရင်း စိတ်ကူးယဉ်နေလို့ မရဘူး။ နအဖ က မပေးချင်လို့ မပေးတာ မပေးရအောင် တရုတ်ကြီးကို အားယူထားတာ။ NLD နဲ့ မပြောချင်လို့ မပြောတာ။ မပြောရအောင် NLD နဲ့ အတိုက်အခံဟူသမျှကို ဖြတ် ၄ ဖြတ် နဲ့ ဖိနှိပ်ထားတာ။

ကောင်းပြီ၊ လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင် ..

ရွှေဝါရောင်မှာ ဘုရားသားတော်တွေကို ရက်ရက်စက်စက် သတ်ပြလိုက်တယ်။ အခု ဒေါ်စုကို ဖမ်းပြလိုက်တယ်။ တကမ္ဘာလုံးက မကျေနပ်ကြဘူး။ ပါးစပ်နဲ့ ဝိုင်းကန့်ကွက်ကြတယ်။ Sanctions ကို ထပ်တင်းကျပ်ကြတယ်။ နအဖ ကို ဘယ်လောက်အထိ ထိခိုက်မလဲဆိုတာ တွက်ကြည့်ရအောင်။ မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုပ်၊ ရေထွက်နဲ့ လယ်ယာထွက်ကုန် (၆ ဘီလျံ) ၊ စွမ်းအင် ရေနံနဲ့ သဘာဝဓာတ်ငွေ့က အကြမ်းအားဖြင့် ၂ ဘီလျံရတယ်။ အကြမ်းအားဖြင့် လယ်ယာထွက်ကုန်ပစ္စည်းကို လူသန်း ၅၅ သန်းက စားပြီး ကျန်တာကို ရောင်းပြီး ဝေစားကြရတယ်။ စွမ်းအင်ဝင်ငွေကို စစ်တပ်ကောင်းဖို့နဲ့ စစ်ဗိုလ်တွေ စည်းစိမ်ရစ်ဖို့သာ သုံးစားကြတယ်။ ကျန်တာက ဟိုနည်းနည်း ဒီနည်းနည်း ဝင်ငွေတွေပါ။ ဘယ်အနောက်နိုင်ငံကမှ စွမ်းအင် ပိတ်ဆို့မှု Sanctions မလုပ်ဘူး။ လုပ်လည်း ဝယ်မယ့်သူတွေ တပုံကြီး။ ကမ္ဘာမှာ စွမ်းအင်မလောက်ဘူး။ နအဖ ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ စီးပွားရေးငယ်ကျွန်တွေကို ဘဏ်တွေကတဆင့် ကိုင်တယ်။ ကသိကအောက် ဖြစ်တာ အမှန်ပဲ။ ဒါပေမဲ့ ကြားပွဲစား နာမည်တွေသုံးပြီး စင်္ကာပူက ကြားခံပေးထားတယ်။ နအဖ ဗိုလ်ချုပ်တွေ အသုံးမပျက်ဘူး။ ဒါကို ပိတ်လိုက်ရင် အာရပ်တွေ ရှိသေးတယ်။ Dubai မှာ ရွှေ့ပြီး ကြားပွဲစား သုံးမယ်။

(မှတ်ချက်။ စာရေးသူသည် Targeted Sanction ကို နိုင်ငံရေးအရ ထောက်ခံသူဖြစ်သည်။ သို့သော် Sanctions ကြောင့် နအဖ ကို ဆွေးနွေးပွဲသို့ တရွတ်တိုက် ဆွဲခေါ်လာနိုင်မည်ဟု မယုံကြည်၊ စိတ်ကူးမယဉ်စေလို၊ လက်ရှိအခြေအနေကို အရှိကိုအရှိအတိုင်း မြင်စေလိုသည်။)

အနောက်နိုင်ငံတွေရဲ့ Sanctions တခုထဲနဲ့ မရနိုင်လို့ အားလုံးပါဝင်ဖို့ UN လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေး တောင်းဆိုပြီဆိုပါစို့။ တရုတ်ဗီတိုအာဏာကို မကျော်နိုင်။ နအဖ က ရုရှားကို ကိုင်ထားပြီး နောက်ထပ် ဗီတိုတခုတောင် ဆောင်ထားသေးတယ်။ ရှေ့ဆက်မတိုးနိုင်တော့။ UN အထွေအထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ဂမ်ဘာရီကို လွှတ်မယ်။ ဗိုလ်သန်းရွှေက အတွေ့တောင်မခံ။ ဗိုလ်ကျော်ဆန်းက တရားဟောပြီး ပြန်လွှတ်လိုက်တယ်။ လောလောဆယ် နအဖ ထက် ဆိုးတဲ့ နိုင်ငံတွေ ရှိသေးတယ်။ ဇင်ဘာဘွေ၊ ဆူဒန်နဲ့ မြောက်ကိုရီးယားက အနုမြူဗုံး ဖောက်ပြလိုက်သေး။ အနောက်နိုင်ငံတွေ ဘာလုပ်နိုင်သလဲ။ ကန့်ကွက်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ကြ။ ဗိုလ်ချုပ် သန်းရွှေတို့ အားတက်စရာပေါ့။

ဒါကြောင့် Diplomacy has Limit သံတမန်နည်းဆိုတာ ကန့်သတ်ချက် ရှိပါတယ်လို့ ဆိုခဲ့တာပါ။ သံတမန် နည်းတခုထဲ (အားမကိုးဖို့) တင်ပြရခြင်းပါ။ သံတမန်နည်း တခုထဲနဲ့ အစိုးရ မပြောင်းနိုင်ပါ။

No comments:

Post a Comment