ဦးကျော်ငြိမ်း နှင့် ဗိုလ်ချုပ်နေ၀င်း
ဘိုဘိုကျော်ငြိမ်း
လူတွေအသိများတာက ဗမာ့ တပ်မတော်ဆိုရင် ရဲဘော် သုံးကျိပ်ကိုပဲ အစပြု ခဲ့ကြပါတယ်။ ရဲဘော်သုံးကျိပ်ကို စေလွှတ်တဲ့ မြောက်အောက် (UG) အဖွဲ့ကို ကောင်းကောင်း မသိကြဘူး။ မြေအောက် (UG) အဖွဲ့ကို ယူနစ် (Unit) (ယခုခေတ် အခေါ် ဆဲလ် cell) ပုံစံနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ အထက် ဗမာပြည်နဲ့ အောက် ဗမာပြည် အနှံ့ ယူနစ် အဖွဲ့တွေနဲ့ တိကျတဲ့ ခေါင်းဆောင်ပိုင်းကို ထူထောင် နိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို တက္ကသိုလ်က လူငယ်သမဂ္ဂ ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွသူတွေ၊ ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ရန်ကုန် ဌာနချုပ်မှာ သမဂ္ဂ ခေါင်းဆောင် ကိုကျော်ငြိမ်းနဲ့ ဆရာချစ် (သခင်ချစ်) တို့က ဦးဆောင် နေပါတယ်။ ရဲဘော်သုံးကျိပ် ဗမာပြည်ထဲ ပြန်မ၀င်ခင် ပြည်တွင်း လှုပ်ရှားမှုတွေ ကြိုတင် ပြင်ဆင်နိုင်ဖို့ ဗိုလ်နေ၀င်းနဲ့ ၅ ဦးအဖွဲ့ဟာ ဗမာပြည်ထဲကို တိတ်တဆိတ် ၀င်ရောက် ခဲ့ကြပါတယ်။
တခြားသူများကို ပျဉ်းမနား၊ ပဲခူးနဲ့ ပြည်ကို စေလွှတ်ပြီး ဗိုလ်နေ၀င်းဟာ ယူဂျီ ခေါင်းဆောင်တွေ ရှိရာ ရန်ကုန်ကို လျှို့ ၀ှက်စွာ ရောက်ရှိ လာပါတယ်။ ယူဂျီအဖွဲ့ကို ပြည်သူ့ အရေးတော်ပုံ ပါတီ People Revolution Party – PRP (PRP) လို့ နားလည် ကြပါတယ်။ ဗိုလ်နေ၀င်းက ယူဂျီ (UG) ခေါင်းဆောင် ကိုကျော်ငြိမ်းဆီ ရောက်လာတာကြောင့် ကိုကျော်ငြိမ်းက ဗိုလ်နေ၀င်းကို စက်ဘီးပေါ် တင်ပြီး မနိုင့်တနိုင်နဲ့ နင်းရင်း ယူဂျီ ဌာနချုပ်ဆီ ခေါ်ကာ ယူဂျီ ခေါင်းဆောင်တွေနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။ ဆေးကျောင်းသား ကိုမောင်မောင်ကတော့ ခိုးယူလာတဲ့ စစ်သင်တန်း စာသင်စာစောင် Training Manual ကို ဖတ်ပြီး လက်နက်ငယ်နဲ့ ပြောက်ကျား စစ်နည်းနာတွေကို သင်ကြား ပေးနေပါတယ်။ ကိုအောင်ကြီးက အင်္ဂလိပ် စစ်တပ်ရဲ့ စစ်ဌာနချူပ်မှာ စာရေး အဖြစ် ဆောင်ရွက် နေရာကနေ ယူဂျီ ခေါင်းဆောင်တွေ အတွက် စစ်သတင်းတွေကို လျှို့ဝှက် ထောက်လှမ်းနေသူ ဖြစ်ပါတယ်။ ဂျပန်ပြန် ဗိုလ်နေ၀င်းဟာ BIA တပ်တွေ စစ်ချီလာတဲ့ အထိ ယူဂျီ အဖွဲ့ဝင်တွေကို လက်နက်ငယ် သင်တန်းပေးရင်း လျှို့ဝှက် လှုပ်ရှား ခဲ့ပါတယ်။
BIA တပ်မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ စစ်သေနာပတိချုပ် အဖြစ် ဆောင်ရွက်ပြီး တပ်မ (Division) နှစ်ခု ဖွဲ့စည်းခဲ့ရာ ဗိုလ်ဇေယျက ကာဂါကော (Kaga Corps) ကို ဦးစီးပြီး၊ ဗိုလ်နေ၀င်းက တာဂါစုဂီ ကော (Takasugi Corps) ကို ဦးစီး ခဲ့ပါတယ်။ BDA ဟာ ၇ လသာ ခံပြီး လူ ၂၃၀၀၀ အင်အားကနေ BDA ကို ဖွဲ့စည်းတဲ့အခါ လူ ၃၀၀၀ အထိပဲ ကျန်အောင် လျှော့ချ ခဲ့ရပါတယ်။ ပျဉ်းမနားမှာ အခြေပြုတဲ့ BDA ကို ပြန်လည် ဖွဲ့စည်းတဲ့ အခါ ရဲဘော်သုံးကျိပ် ၀င်တွေမှာ သေသူ သေနဲ့ သုံးကျိပ် မဟုတ်တော့ပါ။ BDA ကို ဖွဲ့စည်းစဉ်က တပ်ရင်း ၃ ရင်းနဲ့ စဖွဲ့ခဲ့ပါတယ်။ ပျဉ်းမနားမှာ သင်တန်း ပေးပြီးတဲ့အခါ ရွှေတောင် တိုက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ ဗိုလ်ရန်နိုင်က တပ်ရင်း (၂) ကို ဦးစီးပြီး ရန်ကုန်မှာ တပ်စွဲ ပါတယ်။ ဗိုလ်နေ၀င်းက တပ်ရင်း (၁) ကို ဦးစီးပြီး ရခိုင်မှာ တပ်စွဲ ခဲ့ပါတယ်။ တပ်ရင်း (၃) ကို ပျဉ်းမနားမှာ တပ်စွဲ ခဲ့ပါတယ်။ အပတ်စဉ် ဗိုလ်သင်တန်းကျောင်း (Shikan Gakko) ကို မင်္ဂလာဒုံမှာ ဖွင့်ခဲ့ပါတယ်။ မင်္ဂလာဒုံ ကျောင်းကနေ အရွေးခံရသူ ဗိုလ်(၃၀) ကို ဂျပန် အင်ပါယာ စစ်သင်တန်းကျောင်း (တိုကျို) ဆီ ပို့ခဲ့ပါတယ်။
ဗမာနိုင်ငံအတွက် ဂျပန်က လွတ်လပ်ရေး ကြေညာတဲ့အခါ ဒေါက်တာဘမော်က အဓိပတိ (၀န်ကြီးချုပ်) ဖြစ်ပြီး၊ သခင်မြက ဒုဝန်ကြီးချုပ်၊ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဝန်ကြီး၊ သခင် သန်းထွန်းက စိုက်ပျိုးရေး ၀န်ကြီး၊ ဦးကျော်ငြိမ်းက ကက်ဘိနက် အတွင်းဝန် (နိုင်ငံရေး) (Cabinet Secretary - Political) ဖြစ်လာပါတယ်။ စစ်တပ်မှာ ဗိုလ်မှူးကြီး စင်္ကြာက ဒုစစ်ဝန်ကြီး၊ ဗိုလ်မှူးကြီး လက်ျာက စစ်ဖက်ဆိုင်ရာ ဗျူရို အကြီးအကဲ (Chief of Military Bureau)၊ ဗိုလ်မှူးရန်နိုင်က အဓိပတိရဲ့ တောင်းဆိုချက် အရ အဓိပတိရဲ့ စစ်ရေး လက်ထောက်၊ ဒုဗိုလ်မှူးကြီး ဇေယျက ဗိုလ်သင်တန်း ကျောင်းအုပ်၊ ဗိုလ်မှူးကြီး နေ၀င်းက စစ်ဦးစီးချုပ် ဖြစ်လာပါတယ်။
ဒီအခြေအနေမှာ အင်္ဂလိပ်ခေတ် ယူဂျီအဖွဲ့က ယူဂျီ ခေါင်းဆောင်တွေဟာ BIA/BDA ကို ၀င်ရောက်လာပြီး စစ်တပ် အတွင်း ယူဂျီ ဖွဲ့စည်းမှုကို ရည်ညွှန်းပြီး Unit အဖွဲ့လို့ သိကြပါတယ်။ သူတို့အဖွဲ့မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းမောင်တို့ဟာ ရှေ့တန်းက ပါဝင်သူတွေ ဖြစ်ပါတယ်။ ယူဂျီဘ၀က ရင်းနှီးခဲ့ကြတဲ့ ဗိုလ်နေ၀င်းကို အားထား ခဲ့ကြပါတယ်။ ရဲဘော် သုံးကျိပ်ကို လွှတ်တဲ့အခါ သင်္ဘောရောက်တဲ့ အချိန်မှာ လူရှာတင်ရတာနဲ့ ဌာနချုပ်ကို သူ့နေရာမှာ ဖွင့်ခဲ့ရတာကို အကြောင်းပြုပြီး ယူဂျီ ခေါင်းဆောင် ဆရာချစ် (သခင်ချစ်) ဟာ သူနဲ့ နီးစပ်သူတွေကို ဆွဲထည့်ခဲ့ရာ ရဲဘော် သုံးကျိပ်ဝင်တွေထဲမှာ ပညာတတ် လူငယ်တွေ ပါသင့် သလောက် မပါခဲ့ပါ။
ဂျပန်ကနေ လွတ်လပ်ရေး ကြေငြာပြီး မကြာခင်မှာ ဂျပန်ပြန် ရဲဘော် သုံးကျိပ်ဝင် တွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ တွေ့ဆုံ ကြပါတယ်။ တချို့က ဗိုလ်ကြီးဘ၀နဲ့ ရာထူး မတိုးသေးတာကြောင့် တိုင်တန်း ကြပါတယ်။ ဒီအထဲမှာ ဗိုလ်နေ၀င်းက ဂျပန်ပြန်တွေကို ပြန်လည် သင်တန်း ပေးသင့်တယ် (အထူးသဖြင့် ပညာရေး) ဆိုတဲ့ အဆိုကို တင်သွင်းခဲ့ရာမှာ အောင်မြင် ခဲ့ပါတယ်။ (မှတ်ချက် ဗိုလ်ချုပ် မောင်မောင်ရဲ့ Burma Nationalists Movements စာမျက်နှာ ၈၅)။ ဒီ့အတွက် ဂျပန်ပြန်တွေက စစ်တပ် ကွပ်ကဲမှုကို စွန့်လွှတ်ပြီး တပ်မှူးတွေဟာ ယူဂျီကလာတဲ့ BIA ခေတ်၊ BDA ပျဉ်းမနားမှာ သင်တန်း အောင်မြင်ခဲ့တဲ့ တပ်မှူးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဗိုလ်ရဲထွဋ်ကလွဲပြီး တပ်တွင်းမှာ ကျန်နေတဲ့ ဂျပန်ပြန် စစ်ဗိုလ်တွေဟာ ဗိုလ်မှူး ကျော်ဇော အုပ်ချုပ်တဲ့ စံပြ တပ်ရင်းမှာ စုရုံး ရောက်ရှိ နေပါတယ်။ အခြေခံ စစ်သင်တန်း မပြီးရသေးတဲ့ ယူဂျီ က စစ်ဗိုလ် တချို့လည်း ပြန်လည် သင်တန်းပေးဖို့ ရောက်နေပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းက နှစ်ခုစလုံးကို ကွပ်ကဲနိုင်ဖို့ ပဲခူး စံပြ ကျောင်းဘေးကို ပြောင်းရွှေ့ ခဲ့တာကြောင့် အခွင့်အလမ်း သာခဲ့ပါတယ်။
တပ်ရင်း အုပ်ချုပ်မှုကို လက်လွှတ်ခဲ့ရတဲ့ ဂျပန်ပြန်တွေက ဗိုလ်လက်ျာက တဆင့် ဗိုလ်ချုပ် အောင်ဆန်းကို စစ်တပ် တခုလုံးကို ဗိုလ်နေ၀င်းနဲ့ သူ့အရွေးချယ်ခံ စစ်ဗိုလ်တွေ လက်ထဲမှာ ထားရှိခြင်းဟာ အန္တရာယ် ရှိတာကို သတိပေးခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဆင်ရေး (Operation) အတွက် စစ်သေနာပတိချုပ် (Commander in Chief) မထားတော့ဘဲ စစ်ဦးစီးချုပ် (Chief of Staff) ကိုပဲ စစ်ဝန်ကြီးအောက်မှာ တိုက်ရိုက် ခန့်ထားခဲ့ပါတယ်။ ဗိုလ်မှူးကြီး နေ၀င်းဟာ ဌာနချုပ် စစ်ဦးစီးချုပ် အဖြစ် ရန်ကုန်ကို ရွှေ့ခဲ့ရပါတယ်။
နိုင်ငံရေး နယ်ပယ်မှာ ကွန်မြူနစ်တွေက အားကောင်း နေပါတယ်။ အဲဒီအချိန်က ကွန်မြူနစ်တို့ရဲ့ အရှင်သခင်၊ ဆရာကြီး တဆူဖြစ်တဲ့ သခင်စိုးက ပြောက်ကျား စနစ်ကို အားသန်လျက် ရှိရာ ယူဂျီမှ ယူနစ်တွေကို စည်းရုံး လိုတာကြောင့် လက်ဝဲ ညီညွတ်ရေး စကား ပြောလာပါတယ်။ “တဦးချင်း စိစစ်ပြီး ၀င်ခွင့်ပြုမယ်။ ကိုကျော်ငြိမ်း ခင်ဗျားကတော့ နိုင်ငံရေးက အနားယူတော့” လို့ ကွန်မြူနစ်တွေက ဆိုလာပါတယ်။ အဲဒီ အခါကျမှ ဦးကျော်ငြိမ်းဟာ ဦးဘဆွေနဲ့ အတူတွဲပြီး UG ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ် ပါတီကို ထောင်ခဲ့ရပါတယ်။ ဒါကြောင့် PRP/BRP ပြည်သူ့ အရေးတော်ပုံ ပါတီဟာ နောင်မှာ ဆိုရှယ်လစ် ပါတီ ဖြစ်လာတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ဆိုရှယ်လစ်ပါတီ ထောင်ရာမှာ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ပါဝင်ကြတာ အပြင် သခင်မြက ဥက္ကဋ္ဌ၊ ဦးဘဆွေက အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ ဆိုရှယ်လစ် ပါတီဟာ ၁၉၄၆ ခုနှစ်ကျမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဖဆပလ ရဲ့ ရှေ့ ဦး ဖတပလ (Anti Fascist Organization - AFO) ဖွဲ့ကြတော့ စစ်တပ်၊ ကွန်မြူနစ်နဲ့ ပြည်သူ့ အရေးတော်ပုံ ခေါင်းဆောင်တွေနဲ့ ဖွဲ့ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဂျပန် တော်လှန်ရေး (တိုင်း) တွေ ခွဲတော့လည်း ဒီ ခေါင်းဆောင်တွေပဲ ဦးစီးခဲ့ကြခြင်း ဖြစ်ပါတယ်။ တိုင်း (၆) မှာ ဦးကျော်ငြိမ်း (ဆိုရှယ်လစ်) က နိုင်ငံရေး တာဝန်ခံ၊ ဗိုလ်ရဲထွဋ် (ကွန်မြူနစ်) က စစ်ရေး တာဝန်ခံ အဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။
နိုင်ငံရေးနယ်ပယ်မှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အားပြိုင်မှုဟာ စစ်တပ် အတွင်းကိုလည်း သက်ရောက်လာတဲ့ အတွက် ဗိုလ်ချုပ် အောင်ဆန်းက ဦးကျော်ငြိမ်းနဲ့ ဗိုလ်နေ၀င်းကို ခေါ်ပြီး၊ သခင်စိုးနဲ့ စေ့စပ်ဖြေရှင်းဖို့ စေလွှတ်ခဲ့ပါတယ်။ “ခင်ဗျားတို့ ဖြေရှင်းနိုင်ရင် ကျန်သူတွေ ကျုပ် တာဝန်ယူမယ်” လို့ ဆိုခဲ့ပါတယ်။ သခင်စိုးက စစ်တပ် ကိုင်ထားတဲ့ ဗိုလ်နေ၀င်းကို အရေးပေး စည်းရုံးခဲ့ပါတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ပိုင်မှတ်တမ်း)
ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ခေတ် ပြန်အ၀င် ဖဆပလကြီး ကြီးထွားချိန်၊ ဖဆပလ မှာ ကွန်မြူနစ်တွေက အားသာ နေပါတယ်။ သခင် သန်းထွန်းက အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် နေပါတယ်။ သခင် သိန်းဖေမြင့်၊ သခင် ဗဟိန်း၊ သခင် ချစ်တို့က အားဖြည့် ကျားကန် ပေးထားပါတယ်။ နိုင်ငံရေး အကွက် ချောင်းနေတဲ့ ကွန်မြူနစ်တွေက ဗိုလ်ချုပ် အောင်ဆန်းကို တပ်ထဲမှာ နေစေချင် ပါတယ်။ (Mary P Callahan &JŒ Making Enemies) ဂန္ဒီ အစည်းအဝေး အပြီးမှာ မောင့်ဘက်တန်က ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေး ခေါင်းဆောင် လုပ်မှာလား။ စစ် နိုင်ငံရေး ခေါင်းဆောင် လုပ်မှာလား။ စဉ်းစားပါလို့ မေးလာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေး ခေါင်းဆောင် အဖြစ် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး စစ်တပ်ကို ဗိုလ်လက်ျာနဲ့ လွှဲခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကတော့ ပြောင်းပြန်။ စစ်တပ်ကို အားယူဖို့ ဖဆပလ ကရော၊ ဆိုရှယ်လစ် ပါတီကပါ နှုတ်ထွက် ခဲ့ပါတယ်။ ဗိုလ်စင်္ကြာဟာ ဂျပန်ခေတ်က အင်္ဂလိပ်တပ် Force136 မှ ဗိုလ်ကြီး စီဂရမ်နဲ့ ဆက်သွယ်မှုကြောင့် ဂျပန် ကင်ပေတိုင်က ဖမ်းမလို့ လုပ်ရာ စစ်အတွင်းက ဂျပန် နိုင်ငံကို စစ်သံမှူး အဖြစ် ပို့ခဲ့ရပြီး စစ်တပ်ထဲမှာ ဗိုလ်ဇေယျ (ကွန်မြူနစ်) နဲ့ ဗိုလ်နေ၀င်း (ဆိုရှယ်လစ်) တို့ အပြိုင် ဖြစ်လာပါတယ်။
ရဲဘော်သုံးကျိပ် ဂျပန် ပြန်ဝင်လာပြီး စတင် ထူထောင်ခဲ့တဲ့ ဗမာ့ တပ်မတော်ဟာ ဘီအိုင်အေ (BIA)၊ ဘီဒီအေ (BDA) နဲ့ နောက်ဆုံး ဂျပန် တော်လှန်ရေးမှာ ဘီအန်အေ (BNA) အဖြစ် ရပ်တည် နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ စစ် ခေါင်းဆောင်တွေ အတွက် စစ်တပ် မပြိုမကွဲ တည်ရှိရေးဟာ အရေးကြီး နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ အဖွဲ့နဲ့ အင်္ဂလိပ် ရေတပ် ဗိုလ်ချုပ် မောင့်ဘက်တန် (Admiral Mountbatten) ဦးဆောင်တဲ့ အဖွဲ့၊ သီရိလင်္ကာ နိုင်ငံ (ဂန္ဒီ) မြို့မှာ တွေ့ဆုံ ဆွေးနွေး သဘောတူ လက်မှတ်ထိုး ခဲ့ရာမှာ (ဂန္ဒီစာချုပ်) Kandy Agreement လို့ အမည်တွင် ခဲ့ပါတယ်။ ဂန္ဒီ စာချုပ်အရ ဗမာ တပ်မတော်ကို နှစ်ပိုင်းခွဲ ဖွဲ့စည်းဖို့ သဘောတူ ခဲ့ကြပါတယ်။ ဗမာ ဦးစီးတဲ့ စစ်တပ်နဲ့ ဗမာ မဟုတ်သူတွေ ဦးစီးတဲ့ စစ်တပ် Two-wing Solution လို့ တချို့က နားလည် ကြပါတယ်။ BNA ဟာ PBF (Patriotic Burmese Forces) ဖြစ်လာပြီး AFO ဟာ ဖဆပလ (AFPFL) ဖြစ်လာပါတယ်။
ဂန္ဒီစာချုပ် အရ အင်္ဂလိပ် ဖွဲ့စည်းပေးတဲ့ စစ်တပ်မှာ လူအင်အား ၁၂၀၀၀ အနက် ၅၂၀၀ ဟာ PBF က ဖြစ်ရမယ်။ ဒီတပ်ဖွဲ့ အတွင်း ဗမာတပ်ရင်း ၃ ရင်း (PBF မှ ရွေးချယ်ရမည်)၊ ဗမာတပ်ရင်း ၁ ရင်း (PBF မဟုတ်သူများမှ ရွေးချယ် ရမည်)၊ ကရင် တပ်ရင်း ၂ ရင်း၊ ကချင် တပ်ရင်း ၂ ရင်း၊ ချင်း တပ်ရင်း ၂ ရင်း၊ အမြောက်နဲ့ သံချပ်ကာ တပ်ရင်း၊ ထောက်ပံ့ရေး တပ်ရင်းတွေ ဖြစ်ပါတယ်။
ဗမာ့တပ်ရင်းတွေကို Burma Rifles (Burifs) လို့ ခေါ်ပြီး တပ်ရင်း (၃) (၄) (၅) တွေကို ဗိုလ်ကျော်ဇော၊ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျတို့ အတွက် လျာထားပါတယ်။
ဒါ့အပြင် BSM (British Service Mission) အဖွဲ့က ဗမာ တပ်မတော် အတွက် စစ်လက်နက် ပစ္စည်းတွေကို ရွေးချယ်ခွင့်နဲ့ သင်ကြားခွင့် (Training) ရပြီး ဗမာ့ စစ်ဗိုလ်တွေကို အင်္ဂလိပ် စစ်ဗိုလ်တွေနဲ့ တွဲထားပါတယ်။ PBF က စစ်ဗိုလ် ၆၀၀ လျှောက်ထားရာမှာ ၁၅၇ ယောက်ကိုသာ အရွေးခံ ရပါတယ်။
ဒီအခြေအနေမှာ စစ်တပ်ထဲမှာ တော်လှန်ရေး အုပ်စုနဲ့ အင်္ဂလိပ် လိုလားသူ အုပ်စု (Pro British) or (Rightist)၊ လက်ျာအုပ်စုဆိုပြီး ကွဲပြား အားပြိုင်လျက် ရှိပါတယ်။ အရင်က အင်္ဂလိပ် စစ်တပ်က လာသူတွေ၊ ကရင်နဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေကို (လက်ျာ) သမား များလို့ သံသယ ရှိကြပါတယ်။ သခင် လှဖေ (ဗိုလ်လက်ျာ) ဟာ ကျောင်းသား သမဂ္ဂကနေ လာပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဖြစ်ပြီး ကွန်မြူနစ်ဆဲလ် စထောင်ရာမှာ ပါဝင်ခဲ့သူ ဖြစ်သော်လည်း စစ်တပ် ထဲတွင်မူ လက်ျာသမား (Rightist) လို့ သတ်မှတ် ကြပါတယ်။ (မှတ်ချက် ။ Mary P Callahan making Enemies စာမျက်နှာ ၁၀၄)။ လွတ်လပ်ရေး ပေးရမှာကို သိတဲ့ အင်္ဂလိပ် စစ်ဗိုလ်ချုပ်တွေ ကလည်း ကရင် စစ်ဗိုလ်တွေကို ရာထူး တိုးပေးခဲ့ရာမှာ လွတ်လပ်ရေး မရမီ ဗမာ စစ်တပ်မှာ ကရင် စစ်ဗိုလ်တွေက ၈၀ ရာခိုင်နှုန်း အုပ်စီး မိထားပါတယ်။
လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေး ကြေညာပြီးစ အချိန်မှာ ဗမာ့ တပ်မတော်မှာ စစ်ဦးစီးချုပ် (Chief of Staff) ဗိုလ်ချုပ်စမစ်ဒွန်း (Smith Dun)၊ လေတပ် စစ်ဦးစီးချုပ် (Chief of Air Force) စောရှိရှို (Saw Shi Sho)၊ စစ်ဆင်ရေးမှူး (Chief of Operation) ဗိုလ်မှူးချုပ် စောကြာဒိုး (Saw Kyaw Doe)၊ စစ်ထောက်ချုပ် (Quarter Master General) ဗိုလ်မှူးချုပ် စောချစ်ခင် (Saw Chit Khin) တို့ ဖြစ်ကြပါတယ်။
ကျန်အထောက်အပံ့ တပ်တွေဖြစ်တဲ့ ဆက်သွယ်ရေး (Signal)၊ ပို့ဆောင်ရေး (Transport) စတဲ့ တပ်တွေမှာလည်း အင်္ဂလိပ်နဲ့ နီးတဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေက ဦးစီး နေပါတယ်။ အင်္ဂလိပ်တို့က (ခွဲပြီး အုပ်ချုပ်ခြင်း) Divide & Rule ပေါ်လစီကို ဗြောင် ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ (စာမျက်နှာ 119/ Mary P Callahan making Enemies)
လွတ်လပ်ရေးပြီးစ ဇန်န၀ါရီလ ၃၁ ရက်၊ ၁၉၄၉ ခုနှစ်က ကျင်းပတဲ့ တပ်မှူး ညီလာခံကို တက်ရောက်လာတဲ့ တပ်မှူး (၃၃) ယောက်အနက် PBF က (၄) ယောက်သာ ပါပါတယ်။
တဖက်မှာလည်း ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် တွေဟာ ဖဆပလ အဖွဲ့ကြီး အတွင်းမှာ အားပြိုင် နေကြပေမယ့်၊ စစ်တပ် အတွင်းမှာတော့ လက်ဝဲ-လက်ျာ အားပြိုင်ရာမှာ လက်ဝဲ ညီညွတ်ရေး အတွက် စည်းလုံး ခဲ့ကြပါတယ်။ စစ်တပ် အတွင်း လက်ျာ အုပ်စုတွေ အုပ်စီး ထားတာဟာ လက်ဝဲ အုပ်စုအတွက် အဓိက ပြဿနာ ဖြစ်ပါတယ်။ ဒီရန်ကို ကာကွယ်ဖို့ ၁၉၄၇ ခုနှစ် သြဂုတ်လထဲမှာ ဦးကျော်ငြိမ်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး (ဖဆပလ ပြည်ထဲရေး ၀န်ကြီးဟောင်း) တို့ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း အိမ်မှာ တွေ့ပြီး ပြည်စောင့်ရဲ (Union Military Police) ကို ပြည်ထဲရေး ဌာန အောက်မှာ ဖွဲ့စည်းဖို့ ဆုံးဖြတ် ကြပါတယ်။ (စာမျက်နှာ ၁၂၂၊ Mary P Callahan making Enemies)
ဒီလိုပါပဲ စစ်တပ် အထဲမှာလည်း လက်ဝဲ ညီညွတ်ရေး (Leftist Unity Group) ဆိုပြီး ဇွန်လ၊ ၁၉၄၈ ခုနှစ်မှာ ဖွဲ့စည်းပြီး လက်ျာ စစ်ဗိုလ်တွေ အသာရနေမှုကို ရင်ဆိုင် ခဲ့ကြပါတယ်။ သူတို့တွေကတော့ ဗိုလ်မှူးချုပ် နေ၀င်း (မြောက်ပိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးကြီး ဇေယျ (စစ်ဦးစီးမှူး - GSO -1)၊ ဒုဗိုလ်မှူးကြီး ရဲထွဋ် (တပ်ရင်း ၃ တပ်မှူး)၊ ဒုဗိုလ်မှူးကြီး တင်မောင် (တပ်ရင်း ၆၊ စာရေးဆရာ မြတ်ထန်)၊ ဗိုလ်မှူး ချစ်မြိုင် (တပ်ရင်း ၃၊ ဒုတပ်မှူး)၊ ဗိုလ်မှူး ထွန်းစိန် (တပ်ရင်း ၅)၊ ဗိုလ်မှူး တင်ဦး (တပ်ရင်း ၆) တို့ ဖြစ်ပါတယ်။ (စာမျက်နှာ ၁၂၄ ။ Mary P Callahan making Enemies)
ဗမာပြည် လွတ်လပ်ရေး ရပြီးခါစ ကွန်မြူနစ်တွေ တောခို ပြီးချိန်တွင် ဖဆပလ အဖွဲ့ကြီးထဲမှာ ဆိုရှယ်လစ်တွေနဲ့ ပြည်သူ့ ရဲဘော်တွေက အားကောင်း နေပါတယ်။ ကွန်မြူနစ်တွေက မတ်လမှာ တောခို ပါတယ်။ ဒီအချိန်မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်လက်ျာ၊ တပ်မတော် စစ်ဦးစီးချုပ် စမစ်ဒွန်း၊ ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်၊ ပြည်ထဲရေး အတွင်းဝန် ဦးကာစီ တို့ ပါဝင်တဲ့ နိုင်ငံတော် လုံခြုံရေး ကောင်စီ ၀င်တွေက ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တွေ မပါဝင်တဲ့ အိမ်စောင့် အစိုးရ ဖွဲ့ပေးဖို့ ၀န်ကြီးချုပ် ဦးနုကို တောင်းဆို လာကြပါတယ်။ မိတ္ထီလာမှာ တပ်မှူးကြီးတွေ ညီလာခံနဲ့ ပုလိပ် အရာရှိကြီးတွေ ညီလာခံ ကျင်းပပြီး သူတို့ရဲ့ သဘောထားကို တင်ပြ ဆွေးနွေး ကြပါတယ်။
နယ်ချဲ့အင်္ဂလိပ်က လက်ျာယိမ်းတဲ့ အရာရှိကြီးတွေကို မြှောက်ပေးနေတော့ အန္တရာယ် ရှိတယ် ဆိုပြီး (လက်ဝဲ ညီညွတ်ရေး ကောင်စီ) ကို ဖွဲ့ကြပြန် ပါတယ်။ ဒီကောင်စီမှာ ဗိုလ်နေ၀င်းက ဥက္ကဌ၊ သခင် သိန်းဖေက အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၁၇)
၁၉၄၈ ခုနှစ်၊ ဇူလိုင်-သြဂုတ် လထဲမှာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်ဇေယျက ဦးနုကို ဗိုလ်လက်ျာကို ကာကွယ်ရေး ၀န်ကြီးကနေ ဖယ်ရှားပေးဖို့ တောင်းဆို ကြပါတယ်။ သခင် သိန်းဖေမြင့်ရဲ့ အဆိုအရ (သိန်းဖေမြင့်၏ ကျော်ငြိမ်း - စာမျက်နှာ ၁၁၇) လက်ဝဲ ညီညွတ်ရေး အဖွဲ့က ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီး ခန့်ဖို့ သဘောတူ ကြပါတယ်။ လက်ဝဲ ညီညွတ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အရ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းက ထောင်ထဲမှာ ရှိတဲ့ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်း စတဲ့ ကွန်မြူနစ်တွေကို လွှတ်ပြီး သခင် သန်းထွန်းဆီ ဆွေးနွေးဖို့ လွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းနဲ့ ဒုဝန်ကြီးချုပ် ဗိုလ်လက်ျာက ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီးအဖြစ် လက်မခံနိုင်လို့ ဆိုလာပါတယ်။ ဒီကြားထဲမှာ ဗိုလ်ဇေယျဟာ လက်ဝဲ ညီညွတ်ရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ပြီး စစ်တပ်က ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီး အဖြစ် အလိုမရှိ၊ သူ့ကိုသာ အလိုရှိတယ်လို့ ၀န်ကြီးချုပ် သခင်နုကို (ဗိုလ်လက်ျာကတဆင့်) တိတ်တဆိတ် ချဉ်းကပ် ခဲ့ပြန်ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၁၉ နှင့် တာတေစနေသား- စာမျက်နှာ၁၃၈)
ဒီကိစ္စ မဖြစ်ခင်မှာ တပ်တွင်းကစပြီး လက်ဝဲ အင်အားစု တချို့က လက်နက်နဲ့ အာဏာ သိမ်းပြီး၊ လက်ယာ အန္တရာယ်ကို ဖျက်ဆီးကာ လက်ဝဲ အုပ်စုက အာဏာယူဖို့ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းက ဦးစီးမယ် ဆိုပြီး သူလည်း ပါခဲ့ရ ပါတယ်လို့ သခင် သိန်းဖေမြင့်က ငြင်းချက် ထုတ်ခဲ့ပါတယ်။ စိတ်ကူးယဉ် ခဲ့ကြတာကြောင့် လက်တွေ့မှာ ဗိုလ်နေ၀င်း မပါတော့တာ လို့လည်း ဆိုပြန်ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၂၀-၁၂၁)
ဗိုလ်ဇေယျက ဦးနုဆီကို တိတ်တဆိတ် သွားတွေ့ခဲ့တာကို ဗိုလ်ဇေယျနဲ့ ဗိုလ်နေ၀င်း မျက်နှာချင်းဆိုင် ရှင်းပြီး မကြာမီမှာ ဗိုလ်ဇေယျရဲ့လူ ဗိုလ်ရဲထွဋ်က တပ်ရင်း (၁) နဲ့ (၃) က တပ်တွေကို ရွှေ့ဖို့ ကြိုးစား ခဲ့ကြပါတယ်။ ရန်ကုန်မှာ ရှိတဲ့ တပ်ရင်း (၃) က တပ်တွေကို ချုပ်ကိုင် ထားတဲ့ ဒု တပ်ရင်းမှူး ဗိုလ်ချစ်မြိုင်က ဖြစ်ရပ် အသေးစိတ်ကို Burma Debate မှာ ဖော်ပြထားပါတယ်။ ရန်ကုန်ရဲ့မြို့စောင့်တပ်က တပ်ရင်း (၃) ပါ။ ဦးသိန်းဖေမြင့်က တညလုံး တရားဟောရာ မနက် မိုးလင်းတဲ့ အခါ လူတ၀က်သာ ရတဲ့အတွက် ဦးသိန်းဖေမြင့်က တောမခို တော့ပါ။ ဗိုလ်ရဲထွဋ် မျက်ရည် စက်လက်နဲ့ တောခို သွားခဲ့ရပါတယ်။ ဗိုလ်ဇေယျလည်း လုံးချင်းသာ လိုက်ပါ သွားရ ပါတယ်တဲ့။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၂၀ နှင့် Mary P Callahan making Enemies စာမျက်နှာ ၁၂၃)
တပ်ရင်း (၃) တောခိုပြီး နောက်တနေ့မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကြာဒိုး၊ တောင်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်သင်း (ABRO) တို့က ကျန်တပ်ရင်း (၃) က စစ်သားတွေကို လက်နက်သိမ်းဖို့ ကြံရွယ် ကြပါတယ်။ ဗိုလ်နေ၀င်းက တောခို ကုန်လိမ့်မယ် ဆိုပြီး တားဆီး ခဲ့ရပါတယ်။
တပတ်အကြာမှာ ဗိုလ်လက်ျာက ၀န်ကြီးချုပ် ဦးနု ကို တိုက်တွန်း၍- ဦးထွန်းလှအောင်နဲ့ ရဲစစ်ဆေးချုပ် ဦးတင်ထွဋ် တို့ကို (ပြည်ထောင်စု အရန်တပ်ဖွဲ့) (Union Auxiliary Forces) (လက်ျာဘက် ဖွဲ့စည်းထားသော တပ်ဖွဲ့တွေ) ရဲ့ဗိုလ်မှူးချုပ် တွေအဖြစ် ခန့်အပ် စေခဲ့ပါတယ်။
၁၉၄၈ ခုနှစ် မတ်လမှာ ကွန်မြူနစ်တွေ တောခို ပြီးပြီးချင်း ၁၉၄၅ ခုနှစ် ဗမာနိုင်ငံ ပုလိပ်ဥပဒေ (Burma Police Act of 1945) အရ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း အောက်မှာ (အထူးပုလိပ် အရန်တပ်ရင်း) Special police reserve ကို ဖွဲ့စည်း ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် သြဂုတ်လမှာ တပ်ရင်း (၁) နဲ့ (၃) တို့ တောခို ပြီးနောက်မှာ စစ်တပ်ထဲ ကရင် စစ်ဗိုလ်တွေ ပိုပြီး ကိုင်တွယ်လာနိုင်လို့ KNDO တွေ နယ်တွေမှာ (အထူးသဖြင့် ဧရာဝတီ တိုင်းမှာ) ကရင်တွေ ကြီးစိုးလာတော့ တပ်အတွင်းနဲ့ တပ်အပြင်က ဆိုရှယ်လစ်တွေက ဖွဲ့စည်းပြီး ပုလိပ် အရန်တပ်တွေကို တိုးချဲ့ဖို့ ဦးနုကို အကြံ ပေးကြတယ်။ ဦးနုရဲ့ ယုံကြည်မှုကို ရသူဖြစ်ပြီး ဆိုရှယ်လစ် တယောက် ဖြစ်တဲ့ ဗိုလ်အောင်ကြီးကို ဦးစီးခိုင်းပြီး (စစ်ဝန်ထမ်း) လို့ နာမည်ပြောင်း ခေါ်စေပြီး 1st, Oct 1948 မှာ စစ်ဝန်ထမ်းတွေကို စစ်ရုံးကို ပြောင်းခိုင်းပြီး ဗိုလ်အောင်ကြီးကို အိုင်ဂျီ (Inspector General) အဖြစ် ခန့်အပ် ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ စစ်ဝန်ထမ်း တပ်ရင်း ၂၆ ရင်းနဲ့ လူအင်အား ၁၃၀၀၀ အထိ ရှိခဲ့ပါတယ်။ (Mary P Callahan making Enemies စာမျက်နှာ ၁၂၇)
ကရင်နဲ့ ဗမာတွေ အကြားထဲ တင်းမာမှုတွေ များနေတဲ့ အချိန် KNU ခေါင်းဆောင် စောဘဦးကြီးက တပ်မတော်ထဲက သူ့ရဲ့မဟာမိတ် ဗိုလ်မှူးကြီး မင်းမောင်ကို အကူအညီ တောင်းတော့ တောင်ငူမှာ တပ်စွဲထားတဲ့ ကရင် တပ်ရင်း (၁) က ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ မြို့သိမ်းပြီး အင်းစိန်ဟာ ဖေဖော်ဝါရီလ ၂ ရက်၊ ၁၉၄၉ ခုနှစ်မှာ ကရင်လက်ထဲ ကျခဲ့ပါတယ်။ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာတော့ အစိုးရက (KNU) ကို မတရားအသင်း ကြေညာ ပြီးတော့ (၂) ရက် အကြာမှာ ကရင် စစ်ခေါင်းဆောင်တွေကို နားခွင့် (on leave) ပေးပြီး ဗိုလ်ချုပ် စမစ်ထွန်းကို ဗိုလ်နေ၀င်းနဲ့လဲပြီး စစ်ဦးစီးချုပ် အသစ် ခန့်အပ် ခဲ့ပါတယ်။ (Mary P Callahan making Enemies စာမျက်နှာ ၁၃၄)
ကွန်မြူနစ်တွေ တောခိုလို့ အာဏာသိမ်းပွဲ မအောင်မြင်ဘဲ ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ်တို့ တောခိုကြ၍ ကရင် သူပုန် တွေကြောင့် ကရင် ဗိုလ်ချုပ်တွေ အစားထိုး ခံရတဲ့နောက် ဗမာ့ စစ်တပ်မှာ ဆိုရှယ်လစ် တပ်မှူးကြီးတွေသာ ကျန်ခဲ့ပြီးတော့ ဗိုလ်ချုပ် နေ၀င်းရဲ့ တပ်ရင်း (၄) က အယုံကြည်ရဆုံး ဖြစ်လာပါတယ်။ ကျန်ခဲ့တဲ့ တပ်ရင်း (၃) ကို သင်္ဘောနဲ့ စေလွှတ်ခဲ့တာ သင်္ဘောစက် ချို့ယွင်းလို့ ပြန်လှည့် လာခဲ့ရာ “တပ်ရင်း ၃ က စိတ်ပြောင်းပြီး ရန်ကုန်ကို လှည့်ပြန် လာကြပါလား၊ ဗိုလ်နေ၀င်းကို ခေါ်ကြပါအုံး” ဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ဒါက ရန်ကုန်မြို့ရဲ့ပကတိ အခြေအနေ ဖြစ်ပြီးတော့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းမှာ ဗိုလ်နေ၀င်းကို အားကိုး လာကြပါတယ်။
ဗိုလ်ချုပ် နေ၀င်း ဖေဖော်ဝါရီ ၁၉၄၉ မှာ စစ်ဦးစီးချုပ် ဖြစ်လာတဲ့အခါ ဗမာ့ တပ်မတော်ရဲ့ အင်အားက (၂) ထောင်ကနေ (၃) ထောင်လောက်ပဲ ရှိပါတော့တယ်။ ဗမာ့ တပ်မတော်ကို UMP တပ် နှင့် စစ်ဝန်ထမ်းတွေက အားဖြည့် ကူတိုက် ပေးခဲ့ရပါတယ်။ ရန်ကုန်အစိုးရ ဘ၀မှာ ဗမာ့ တပ်မတော်ရဲ့ စစ်သား တယောက်မှာ ကျည် (၂၁) တောင့်ပဲ ကျန်ပါတော့တယ်။
ရန်သူတွေ ၀ိုင်းဝိုင်းလည် အကျဉ်းအကျပ်ထဲ ရောက်နေချိန်တုန်းက ဗိုလ်ချုပ် နေ၀င်းက “ကိုကျော်ငြိမ်း ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်” လို့ ပြောဖူးပါတယ်။ ကွန်မြူနစ်တွေ အာဏာ ရလာရင် အရင်ဆုံး သတ်ခံရမှာက ဦးကျော်ငြိမ်းပဲ ဆိုတာ ဦးကျော်ငြိမ်း သိပါတယ်။ ဒါ့ကြောင့် ရသမျှ အင်အား စုပြီးတော့ နိုင်အောင် တိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသား ဖြစ်ခဲ့တယ်။
နိုင်ငံတိုင်း စစ်ဖြစ်ချိန်မှာ ကိုယ့်စစ်တပ် ကိုယ်အားကိုးရလို့ စစ်တပ်ရဲ့ အရှိန်အ၀ါနဲ့ အာဏာဟာ တိုးစမြဲပဲ။ နိုင်ငံခြားသား တရုတ်ဖြူတွေရဲ့ရန်ကို ရင်ဆိုင်ရတဲ့ အခါ စစ်တပ်ရဲ့ အရှိန်အ၀ါက ပိုကြီးလာတယ်။ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် ကျော်ဇောလို ဗိုလ်ချုပ်တွေက သူရဲကောင်းတွေ ဖြစ်လာတယ်။ ဗိုလ်ချုပ် နေ၀င်းရဲ့အားသာချက် တခုက ဦးဆောင်မှု ပေးနိုင်ခြင်းနဲ့ လူမွေးတော်ခြင်းတွေ ဖြစ်တယ်။ ဦးကျော်ငြိမ်းဟာ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်နဲ့ ဒုဝန်ကြီးချုပ်ဘ၀မှာ ဆိုရှယ်လစ် ၀န်ကြီးတွေ၊ စစ်ဗိုလ်တွေနဲ့ ဆုံလေ့ ရှိကြတယ်။ ကျန်တဲ့ ၀န်ကြီးတွေက သက်တော်စောင့်တွေနဲ့ ရောက်လာပြီးတော့ အပေါ်ထပ်ကို တန်းတက်ကြတယ်။ ဗိုလ်ချုပ်နေ၀င်းက မီးဖိုချောင်ထဲ အရင် ၀င်လာပြီးတော့ အိမ်တာဝန်ကို ကြီးကြပ်ရတဲ့ ကျနော့် အမေရဲ့ အမ၀မ်းကွဲကို “မမဖွား ကျနော့် ရဲဘော်လေးတွေ အတွက် ဘာရှိသလဲ” လို့ မေးမေးပြီးတော့ ကျွေးမွေးစရာ ရှိတာ စီမံ ပြီးတော့မှပဲ အစည်းအဝေးကို သွားတက် တတ်တယ်။ ရဲဘော်တွေကို ဂရုစိုက် တတ်သလို စစ်ဗိုလ်ကြီးတွေကိုလည်း ဂရုစိုက် တတ်လို့ သူ့တပ်ရင်း (၄) က စစ်ဗိုလ်တွေကို အပိုင် မွေးနိုင်ခဲ့တယ်။
ရှုပ်ထွေးပွေလီလွန်းတဲ့ လွတ်လပ်ရေး ရခါစ ဗမာ့ နိုင်ငံရေး အခြေအနေကို မသိဘဲ၊ မလေ့လာ မဖတ်ရှုဘဲ ဦးကျော်ငြိမ်းကြောင့် ဗိုလ်ချုပ်နေ၀င်း စစ်ဦးစီးချုပ် ဖြစ်ရလေခြင်းလို့ တိမ်တိမ် တွေးပြီး လွယ်လွယ် ကောက်ချက် ချပြီး ဦးကျော်ငြိမ်းကို အပြစ်တင်ဖို့ နိုင်ငံရေး ခွက်စောင်းခုတ်ဖို့ ကြိုးစား လာကြတယ်။ ဖဆပလ အတွင်း ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အားပြိုင် ကြကာ ကွန်မြူနစ်တွေ တောခိုပြီး ဘယ်ဆိုရှယ်လစ် ခေါင်းဆောင်က ကွန်မြူနစ် စစ်ဗိုလ်တွေကို ထောက်ခံနိုင်ပါ့မလဲ။
တာတေ စနေသားမှာ ဗိုလ်ချုပ် နေ၀င်းအတွက် ဦးကျော်ငြိမ်းက ထောက်ခံ ပြောတာကို အမှူးပြုပြီး ဦးကျော်ငြိမ်းကြောင့် ဗိုလ်ချုပ် နေ၀င်း - စစ်ဦးစီးချုပ် ဖြစ်လာသယောင် ဦးကျော်ငြိမ်းကို တိုက်ခိုက် လာကြပြန်ပါတယ်။ ဖြစ်ရပ်မှန်က ဗိုလ်လက်ျာကို ကာကွယ်ရေး ၀န်ကြီးမှ ရွှေ့ခဲ့ရင် လက်ဝဲ ညီညွတ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီးခန့်ဖို့ ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်တယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ အတိုင်း ဗိုလ်ဇေယျနဲ့ ပြဿနာ တက်ကြပြီး ၀န်ကြီးချုပ် ဦးနုက ရှေ့ဆက် မဆောင်ရွက်တော့ ဗိုလ်ဇေယျတို့ တောခိုအပြီး ကရင်တပ်တွေ တောခိုမှ ဗိုလ်ချုပ် နေ၀င်းကို ကရင် ဗိုလ်ချုပ် စမစ်ဒွန်း နေရာမှာ အစားထိုးမှ ဗိုလ်ချုပ်နေ၀င်းဟာ စစ်ဦးစီးချုပ် ဖြစ်လာတာပါ။
၁၉၆၂ ခုနှစ် အာဏာသိမ်း အပြီး ဦးနေ၀င်းက ဦးကျော်ငြိမ်းကို ဆိုရှယ်လစ် အချင်းချင်း နိုင်ငံတော်ရဲ့စီးပွားရေးကို ဦးဆောင်ပေးဖို့ ကမ်းလှမ်း လာပါတယ်။ ဦးကျော်ငြိမ်းက သူသည် ဆိုရှယ်လစ် စနစ်ကိုသာ ယုံတာ မဟုတ်ဘူး၊ ဒီမိုကရေစီကိုလည်း ယုံသူ ဖြစ်လို့ (၂) နှစ် မဟုတ်ရင် (၅) နှစ် စစ်တပ်က အုပ်ချုပ်ပြီး တိကျတဲ့ အချိန်ပိုင်းမှာ ဒီမိုကရေစီကို ပြန်ပေးမယ်လို့ ကတိ ရမှ စဉ်းစား နိုင်မယ်လို့ ဖြေလိုက်တော့ ကတိ မရတာနဲ့ ထပြန်ခဲ့ရပါတယ်။ တံခါးဝ ရောက်တော့ ဗိုလ်နေ၀င်းက ‘ကိုကျော်ငြိမ်း ခင်ဗျား ဘာလုပ်စားမလဲ ဆိုပြီး’ မေးတော့ “ကျုပ်လမ်းပေါ်မှာ မုန့်ဟင်းခါး ထမ်းရောင်းစားမယ်ဗျာ” ဆိုပြီး ဖြေခဲ့တယ်။ ဦးကျော်ငြိမ်း မုန့်ဟင်းခါး ကြိုက်တာ အတွင်းလူတွေ သိကြပါတယ်။
တော်လှန်ရေး ကောင်စီ စစ်အစိုးရက နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းပြီးတော့ နိုင်ငံရေး မဏ္ဍိုင်တွေကို စနစ်တကျ ရိုက်ချိုး ပါတော့တယ်။ ၁၉၆၃-၆၄ ခုနှစ် ပတ်ဝန်းကျင် လောက်မှာ ဦးကျော်ငြိမ်းကို လေးစားတဲ့ UMP စစ်ဗိုလ် တချို့က ရေကြည်အိုင်ကို ၀င်ဆီးပြီးတော့ ကယ်တင်ဖို့ ကြံစည် ခဲ့ကြပါတယ်။ အဲဒီ အချိန်တုန်းက ဦးနု အစရှိတဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို ရေကြည်အိုင်မှာ သစ်သား အိမ်လေးတွေနဲ့ ထားပါတယ်။ ဦးကျော်ငြိမ်းကို လှောင်အိမ် (Cage) လို့ခေါ်တဲ့ ဒိုးယိုပေါက် လှောင်အိမ်မှာ ထားပြီးတော့ ထိပ်တန်း ခေါင်းဆောင်တွေ ထဲမှာ သူတယောက်ပဲ ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းတာ (Physical Torture) ခံခဲ့ရပါတယ်။ အာဏာသား ကတော့ ဗိုလ်မှူးကြီး သန်းညွှန့် (အရမ်း သန်းညွှန့်- သပြေ မဂ္ဂဇင်း) ပါပဲ။ သွေးစွန်းနေတဲ့ ရှပ်အင်္ကျီ အဖြူကို ရအောင် အိမ်ပြန် ယူခဲ့ပါတယ်။
ဗိုလ်ကြီး အုန်းကျော်မြင့်ကို စံပြ နမူနာအဖြစ် သတ်ပစ် သလိုပဲ ဦးကျော်ငြိမ်း ကိုလည်း ခုံရုံးတင်ပြီး သေဒဏ် စီရင်ဖို့ စီစဉ် ခဲ့ကြတယ်။ ဦးကျော်ငြိမ်းက ဘာမှ မပြောနိုင်တော့တဲ့ အဆုံး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဖို့ ကြိုးစားခဲ့တယ်။ ဗိုလ်ချုပ်နေ၀င်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ တုံးလုံး လဲပြီး မေ့မျော နေတဲ့ ဦးကျော်ငြိမ်းကို မြင်တော့ စိတ်ထိခိုက်ပြီး အစီအစဉ်တွေ အားလုံးကို ဖျက်သိမ်း လိုက်တော့တယ်။ ဦးကျော်ငြိမ်းကို ၀န်ကြီးတွေ ထားတဲ့ အိမ်တန်းကို ပို့ပြီး ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်)၊ ဆေးမှူး ဒုဗိုလ်ကြီး ကျော်မြင့်တို့နဲ့ အတူ နေခဲ့ရပါတယ်။
ဦးကျော်ငြိမ်းက သူနဲ့အတူ တိုက်ပွဲ ၀င်ခဲ့တဲ့ ရဲဘော် တယောက်ကို စာခိုးပစ်ပေးတာ၊ ထိုသူက မကောက်ရဲဘူး ဖြစ်နေတယ်။ အလယ်ကနေ ပစ်ပေးရသူက ၀န်ကြီး ဦးဝင်း (ဦးတင်မောင်ဝင်းရဲ့ အဖေ) ဖြစ်တယ်။ တချိန်တုန်း ကတော့ ဦးဝင်းနဲ့ ဦးကျော်ငြိမ်းတို့က မတည့်ခဲ့ကြဘူး။ ထောင်ထဲ ရောက်မှ ယုံကြည်ချက်၊ သတ္တိကို သိခွင့်ရကြ ပြီးတော့ ခင်မင် လေးစား လာခဲ့ကြတယ်။ ဦးဝင်းတို့ တောမခိုခင် ကတောင် ဦးကျော်ငြိမ်းဆီ ၀င်ပြီး အသိပေးခဲ့ ပါသေးတယ်။ နိုင်ငံရေး ပြိုင်ဘက်တွေ ဘ၀ကနေ ယုံကြည် လေးစားသူချင်း ဘ၀ကို ကူးပြောင်း လာခဲ့ရတယ်။ ထောင်တွင်း သင်ခန်းစာတွေပါ။
ဦးတင်မောင်ဝင်း ရေးခဲ့တဲ့ စာအုပ်မှာ ၁၉၆၂ ခုနှစ် အာဏာ သိမ်းတုန်းက ၀န်ကြီးချုပ် ဦးနုက ‘ ဗိုလ်နေ၀င်း သိရဲ့လား၊ ဗိုလ်နေ၀င်း သိရင် ကိစ္စ ပြီးသွားလိမ့်မယ်’ ဆိုပြီး စိတ်ချလက်ချ အိပ်ပြော သွားပါတယ်။ ဦးနုက ဗိုလ်နေ၀င်း အာဏာသိမ်းမယ်လို့ မထင်ခဲ့ဘူး။
တခါ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရပြီး ဗိုလ်နေ၀င်း သခင် သန်းထွန်းကို လာတွေ့တယ်လို့ သခင် သန်းထွန်းက သြဂုတ်လ ၁၉ ရက်၊ ၁၉၆၃ ခုနှစ် နေ့စွဲနဲ့ ဗိုလ်ချုပ် နေ၀င်းဆီ ရေးတဲ့စာမှာ ဖော်ပြ ထားပါတယ်။ ကျနော်တို့ အဲဒီ အခြေအနေမှာ လိုအပ်တဲ့ ခေါင်းဆောင်မှုမျိုး ပေးဖို့ ပြောခဲ့တာကို ကျနော် အစဉ် သတိရ နေပါသတဲ့၊ အရေးကြုံတဲ့ အခါမှာ ခင်ဗျား အနေနဲ့ ကျနော့် အပေါ် ဘယ်လောက် ယုံကြည် လေးစားမှု ရှိတယ် ဆိုတာကို အဲဒါက ပြပါတယ်တဲ့။ အဲဒါကို မျက်စိထဲ မြင်မြင် နေတာပဲတဲ့။ ခင်ဗျား ပြောလိုက်တယ် နယ်ချဲ့သမားက ခွဲဖို့လုပ်ရင် ကျုပ်တော့ မခံဘူး။ အဲဒါကို ကျနော်တို့ သဘောကျတယ်။ ဒီကိစ္စတွေမှာ ခင်ဗျားနဲ့ ကျနော် တို့ဟာ အတူတူပဲ။ ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့ကို ဖမ်းလိုက်တာ ရှိတယ်။ ကျနော်တို့ ကြားရတာ၊ သိရတာတွေ ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ နီးလာလို့ ဒီလူတွေ ဖျက်ဆီးဖို့ ကြိုးစား နေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ ဒီလူတွေဟာ နယ်ချဲ့သမားတွေနဲ့ ဆက်သွယ် နေတယ်လို့ သိရတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖျက်ဆီးဖို့ လုပ်ကြံနေတဲ့ ပြည်တွင်း ဖောက်ပြန်ရေး သမားတွေကို ခင်ဗျားတို့ ချတာကို ကျနော်တို့ အထူးပဲ သဘောကျပါတယ်။ (မှတ်ချက် - လွတ်လပ်ရေး ရွှေရတု - စာမျက်နှာ ၂၃၄၊ ၂၃၇)
တောတွင်း သင်တန်းဆင်းပွဲမှာ သခင် သန်းထွန်းက ရန်သူရဲ့မျက်နှာခုံး ပေါ်မှာ စင်္ကြန် လျှောက်နိုင်ရမယ်လို့ ဟောကြား ခဲ့ပါတယ်။ တကယ် လျှောက်သွားတာက ဗိုလ်နေ၀င်း ဖြစ်ပါတယ်။ တဘက်က သခင် သန်းထွန်းကို အယုံ သွင်းပြီး မျက်စပစ်ခဲ့သလို တဘက်က ကြုံတိတ် (ခ) လုံတိတ်(ခ) မောင်မြကို သခင် သန်းထွန်းကို သုတ်သင်ဖို့ ကွန်မြူနစ်တွေဆီ ရေရှည် စီမံကိန်းနဲ့ အယုံသွင်း လွှတ်ထား ခဲ့ပါတယ်။
ကွန်မြူနစ်တွေ အော်နေကြတဲ့ ရန်ငါစည်း ပြတ်ရမယ် ဆိုတာကို သခင် သန်းထွန်း မေ့သွားပုံ ရတယ်။ ‘နိုင်ငံရေး လျှင်တယ်’ ‘ချက်ကနဲဆို နားခွက်က မီးတောက် ပါတယ်’ ဆိုသူတွေကို အယုံသွင်း သွားနိုင်သူဟာ ဗိုလ်နေ၀င်း ပါပဲ။
အမေရိကန်နဲ့ ရုရှား စစ်အေး စစ်ပွဲကို အခွင့်အရေး ယူပြီး အမေရိကန်တွေ ဆီက အကူတွေကို ယူခဲ့ပြန်ပါတယ်။ ဦးနေ၀င်းရဲ့ လုံခြုံရေး တပ်ကို သင်တန်း ပေးခဲ့တာ ကတော့ အမေရိကန် ငပေါ (secretservice) တွေ ပါပဲ။ ၁၉၆၇ ခုနှစ် တရုတ်-ဗမာ ရိုက်ပွဲ အပြီး တရုတ်ကြီးက ဗကပ ကွန်မြူနစ်တွေကို လက်နက် သာမက လူပါ ကူခဲ့ပြန်ပါတယ်။ ဦးနေ၀င်း တရုတ်ပြည်ကို သွားပြီး ဗမာ- ပေါက်ဖေါ် ချစ်ကြည်ရေး လုပ်ခဲ့တာ အခု (နအဖ) ခေတ် အထိ ဗမာလူကြမ်း အဖွဲ့ကို မြှောက်ပင့် ကျားကန် ပေးနေတာကတော့ တရုတ်ကြီး ပါပဲ။ ဦးနေ၀င်းက အလိမ္မာနဲ့ တရုတ်ကြီးကို ကျောသတ် နေချိန်မှာ ဗမာ ကွန်မြူနစ် တွေက ဖက်လိုက်ပြီး တိန့်လျှောင်ဖိန် တို့ကို ဝေဖန်ရာက အကူ အဖြတ်ခံရ ပါတော့တယ်။ (မှတ်ချက် - Bertil Litner ရေးတဲ့ Burma in Revolt & The Rise and the Fall of the Communist Party of Burma တွင်ကြည့်ပါ။)
ဗိုလ်ချုပ် နေ၀င်းဟာ စစ်ဗိုလ်နိုင်ငံရေး သမား လူလယ်စစ်စစ် ဖြစ်တယ်။ အားလုံးကို ကတုံးပေါ် ထိပ်ကွက် သွားတာ ဗိုလ်ချုပ် နေ၀င်း ပါပဲ။
ဦးနေ၀င်းဆီမှာ လေ့လာ သင့်တဲ့ အရည်အချင်း ၂ ချက် ရှိပါတယ်။ ပထမ အချက်က သူ့ကို မယုံသင်္ကာ မဖြစ်အောင် နေတတ်တာ ဖြစ်ပြီးတော့ ဒုတိယကတော့ ရည်မှန်းချက် အောင်မြင်အောင် ကြိုတင် ပြင်ဆင်ပြီး ပလဲင် (Plan) လုပ်ပြီး အချိန်ယူ အကောင်အထည် ဖော်နေခြင်း ဖြစ်တယ်။
ဦးနေ၀င်းကို ဘာကြောင့် လေ့လာ ရမှာလဲ။ ဒီကနေ့ စစ်တပ်ဟာ ဦးနေ၀င်းရဲ့ စစ်တပ် ဆိုရင် မမှားပါဘူး။ တပ်ထဲမှာ ဦးနေ၀င်းကို အဖေကြီး ဆိုပြီး ခေါ်ကြတယ်။ ဒီကနေ့ (နအဖ) ရဲ့ လုပ်ဆောင်ချက်တွေက ဦးနေ၀င်း ရေးခဲ့တဲ့ စာအုပ်ကြီး အတိုင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ် သန်းရွှေဟာ ဦးနေ၀င်း အာဏာ ပြင်းစဉ်က မခုတ်တတ်တဲ့ ကြောင်လို ပြားပြားဝပ်ပြီး အန္တရာယ်မရှိ ဟန်ဆောင်ခဲ့တယ်။ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ အာဏာ တည်ဆောက် ခဲ့ပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်တို့ ဖင်လိန်ကပြ နေတုန်းက စင်ပေါ်က ပြုံးပြုံးလေး ကြည့်နေ ပါတယ်။ အခွင့်သာမှ နှာနုကို ထုခဲ့ပါတယ်။ ဦးနေ၀င်း ရေးခဲ့တဲ့ ကျမ်းကို အရည်ကျို သောက်ခဲ့ပုံ ရပါတယ်။
အစိုးရ ယန္တရားနဲ့ အစိုးရ အာဏာဟာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် လစ်ဘရယ် ဒီမိုကရေစီ စနစ်မှာ Check & Balance လို့ ခေါ်ကြတဲ့ အထိန်းအကွပ်တွေ ရှိရပါတယ်။ ဗိုလ်ချုပ် နေ၀င်းက (အာဏာ) ကို လက်နက် အဖြစ်နဲ့ အသုံးချရာမှာ ကျွမ်းကျင် ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါ့ကြောင့် ဦးနေ၀င်းဆီက လက်ထပ် သင်ခဲ့ကြတဲ့ ဒီကနေ့ နအဖ ဗိုလ်ချုပ်တွေရဲ့ တွေးခေါ်ပုံနဲ့ လုပ်နည်း လုပ်ဟန်တွေကို နားလည်ချင်ရင် ဦးနေ၀င်းကို လေ့လာ ရပါမယ်။ ဦးနေ၀င်းကို လေ့လာချင်ရင် ဦးနေ၀င်းရဲ့ ရာဇ၀င်ကို သိရပါမယ်။
ဒီကနေ့ နိုင်ငံရေး ဇာတ်စင်မှာ (အဝေးရောက်) ကပြနေသူတွေ၊ ခေါင်းဆောင်ကြီးတွေလို့ ယူဆရသူတွေထဲမှာ စာဖတ်အား ကောင်းတာ၊ လေ့လာအား ကောင်းတာ ဘယ်နှစ်ယောက် ရှိပါသလဲ။ ဗမာ့ စစ်တပ်ကို လေ့လာထားသူ ဘယ်နှစ်ယောက် ရှိပါသလဲ။ ကိုယ်ရင်ဆိုင် နေရတဲ့ ပြိုင်ဘက် (ရန်သူ့) အင်အား၊ ဖွဲ့စည်းပုံ၊ လှုပ်ရှားပုံ တို့ကို မသိဘဲနဲ့ ကိုယ်က ဘယ်လို ရင်ဆိုင်မယ်၊ အနိုင်ယူမယ် ဆိုတာကို ပြင်ဆင် ဖော်ထုတ် နိုင်မှာလဲ။။
နိုင်ငံရေးမှာ အာဏာ မရှိဘဲ ဘာမှ လုပ်လို့ မရပါဘူး။ အာဏာရဖို့ အတွက် အင်အား လိုပါတယ်။ အင်အားရှိဖို့ စည်းရုံးရေးနဲ့ အဖွဲ့အစည်း တည်ဆောက် ရပါမယ်။ အဖွဲ့အစည်း တည်ဆောက်ဖို့ စည်းရုံးနိုင်ဖို့က ရည်မှန်းချက်နဲ့ တိုက်ကွက်၊ ဗျူဟာ လိုပါတယ်။ အင်အားမရှိဘဲ စေ့စပ်ရေးကို တကျော်ကျော် အော်နေရင် လေကုန်ရုံပဲ ရှိပါလိမ့်မယ်။ ရန်သူ့ အကြောင်းမသိဘဲ (လေ) သေနတ် ပစ်ရုံနဲ့ စစ်တပ်က အာဏာ ပြန်မပေးနိုင်ပါဘူး။
ဦးကျော်ငြိမ်းနဲ့ ဗိုလ်နေ၀င်း UG ဘ၀မှ တွေ့စကတည်းက ဆိုရှယ်လစ် အုပ်စုအဖြစ် ကျောချင်း ကပ်ခဲ့ရပါတယ်။ ကွန်မြူနစ် ခေါင်းဆောင် သခင် သန်းထွန်းဟာ ဗိုလ်ဇေယျနဲ့ နီးစပ်သလို ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းဟာ ဗိုလ်နေ၀င်းနဲ့ နီးစပ်ခဲ့ရတာ အမှန်ပဲ။ ဒါဟာ အုပ်စုချင်း ပြိုင်ကြတဲ့ အာဏာ နိုင်ငံရေး (Power Politics) ရဲ့ရလဒ်ပဲ။ ဗိုလ်နေ၀င်း အာဏာ သိမ်းအပြီး ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေ ထဲမှာ ဦးကျော်ငြိမ်းဟာ ရက်ရက်စက်စက် အနှိပ်စက် ခံခဲ့ရပြန်တယ်။ သို့သော် ၁၉၆၈ ခုနှစ် နောက်ပိုင်း တရုတ်ပြည်ရဲ့ အကူအညီနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီဟာ အနောက်မြောက်မှာ ပြင်းပြင်းထန်ထန် တိုက်လိုက်လာတော့ ‘သူတပါးကျွန်တော့ အဖြစ်မခံဘူးဟေ့’ ဆိုတဲ့ စိတ်ဓာတ်နဲ့ ဦးနုရဲ့နောက် မလိုက်ခဲ့တာပါ။ နိုင်ငံရေးမှာ ယုံကြည်ချက်နဲ့ ခံယူချက်ဟာ အရေးကြီးဆုံး ပါပဲ။ ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ် စနစ်ကိုသာ ယုံသည် မဟုတ်၊ ဒီမိုကရေစီကိုလည်း စွဲစွဲမြဲမြဲ ယုံတဲ့ အတွက် တပါတီ အာဏာရှင် စနစ်ဖြစ်တဲ့ မဆလ စနစ်ကြီးကို ရဲရဲကြီးကို ဆန့်ကျင်ခဲ့တာပါ။
ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com
(ဦးဘိုဘိုကျော်ငြိမ်း သည် ဖဆပလခေတ် ဆိုရှယ်လစ် ခေါင်းဆောင်၊ ဒုတိယ ၀န်ကြီးချုပ် ဦးကျော်ငြိမ်း၏ သားဖြစ်၍ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် နေထိုင်ပါသည်။)
အပိုင်း (၃) ဦးကျော်ငြိမ်းနှင့် ၀န်ကြီးချုပ်ဦးနုနှင့် ဇာတ်သိမ်း ကောက်ချက် (Conclusion)။
ကိုးကားသောစာအုပ်နှင့် စာတမ်းများ -
သိန်းဖေမြင့်၏ ကျော်ငြိမ်း
ဗိုလ်မှူးချုပ် မောင်မောင်၏ Burma Nationalists Movements 1940-1948
Mary P Callahan ရဲ့ Making Enemies- War and State Building in Burma
Dr Maung Maung – Burma & General Ne Win
ဦးနု၏ တာတေစနေသား
ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်း

No comments:
Post a Comment