ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ)

ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၄ မိနစ်

mizzima



နိုင်ငံရေးမှာ (အင်အား) မရှိဘဲ (လှုပ်ရှား) ရခက်ပါတယ်။ (ရလဒ်) ရအောင် လှုပ်ရှားမှုဖြစ်စေ၊ ကြိုးစားမှုဖြစ်စေ၊

ဖန်တီးရခက်ပါတယ်။ ယနေ့ မြန်မာ့နိုင်ရေး လောကမှာ လက်နက်အားကိုးနဲ့ (အင်အား) ယူထားတဲ့ နအဖ- မြန်မာစစ်တပ်နဲ့ လူထုထောက်ခံမှုကို (အင်အား) ယူထားတဲ့ NLD နိုင်ငံရေးပါတီ ဒီ ၂ အုပ်စုပဲ အဓိက ရပ်တည်လျက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုထောက်ခံအားပေးတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်တာ တနည်းအားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပို့ပေးနိုင်တာ စစ်တပ်နဲ့ ဒေါ်စုပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ငယ်လေးတွေ ဝင်ပြိုင်တယ်၊ ဝင်မပြိုင်ဘူးဆိုတာ ထိရောက်မှုဘက်က ကြည့်ရင် မပြောပြလောက်ပါဘူး။

ဥပမာ ဦးသုဝေတို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာထားပါတယ်။ ဒါ (ကွက်လပ်) ဝင်ဖြည့်ထားတာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပုံသဏ္ဍာန်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ လေဟာနယ် Vaccum မဖြစ်ရအောင် (ကွက်လပ်) ဝင်ဖြည့်ထားတာပဲ။ လေဟာနယ် မဖြစ်စေဖို့ ဖြစ်တာကြောင့် အရေးပါပေမယ့် အပြောင်းအလဲ ဖြစ်လောက်အောင် (အင်အား) မရှိဘူး။ NLD နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ကမှ အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်တာပါ။
ဘာကြောင့် (ကွက်လပ်) ဖြည့်တာဟာ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အရေးပါတယ်ဆိုတာကိုကျတော့ နောက်ပိုင်းမှာ ဆွေးနွေးတင်ပြပါ့မယ်။

ကျနော့်အမြင်အရ NLD နဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲကို ဝင်လည်း ရတယ်၊ မဝင်လည်း ရတယ်။ ဝင်မယ် မဝင်ဘူး ရွေးတဲ့နေရာမှာ ကိုယ်နေရာ အယူမှန်ဖို့ပဲ လိုတယ် ထင်မိတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ကျနော်က ဝင်စေချင်တယ်။ ဝင်ပြီး နိုင်ငံရေး နယ်ပယ်ကို ဝင်လုစေချင်တယ်။

ဒီနေရာမှာ အငြင်းပွားစရာလေးတွေ ရှိတယ်။ အဓိက ထိရောက်တဲ့ အငြင်းပွားချက်က လုပ်နိုင်တဲ့ (လူ) တွေ မရှိတော့ဘူး။ ဘယ်သူတွေနဲ့ လုပ်မှာလဲ? လို့ မေးလာနိုင်စရာ ရှိတယ်။

အမှန်ပဲ လက်ရှိ အခြေအနေကို ယေဘုယျအရ သုံးသပ်ရင် လူတွေ မရှိတော့ဘူး။ လူတွေကြောက်ကုန်ပြီလို့ ယူဆစရာ ရှိတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံး သင်ခန်းစာတခု ရှိတယ်။ ကိုယ့်လူမျိုးအကြောင်း ကိုယ်သိဖို့တဲ့။ ကျနော်တို့ မြန်မာတွေဟာ သွေးပူဖို့ လိုတယ်။ ကျနော်နားလည်သလောက် ပြောရရင် စစ်အစိုးရကို မုန်းတဲ့ မကျေနပ်တဲ့သူတွေက အများစုပါ။ ဒါပေမဲ့ ဒို့ကတော့ (စ) မလုပ်ဘူး။ (လုပ်) ရင်ဝင်ပါမယ့် (သူ) တွေက (အများစု) ဖြစ်နေတယ်။ ဒါသူတို့ အပြစ်မဟုတ် (ခံ)ရပါများတော့ လူရည်လည်သွားပြီ ဆိုရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ် တင်ဦးတို့လည်း အချုပ်အနှောင်က မလွတ်။ လှုပ်ရှားနိုင်တဲ့ ပြည်တွင်းက NLD CEC နဲ့ ပြည်ပခေါင်းဆောင် နေရာယူထားပြီး ဘာလုပ်ရမှန်းမသိတဲ့ NCGUB တို့ကြောင့်လို့ သုံးသပ်မိတယ်။

နောက်တချက် မြင်မိတာက Non Violence လို့ခေါ်တဲ့ အကြမ်းမဖက်ရေး Idealism အတွေးအခေါ်ကြီးက ခေတ်စားလာတော့၊ (လူ) တွေ Non Violence သမားတွေ ဖြစ်ကုန်ကြရော။ အဝိုင်းထဲ လေးထောင့်သွင်းလို့ မရသလို သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်ကြီး တခုကို ရိုက်သွင်းလိုက်တော့ ဟိုမကျ ဒီမကျ ဘဝ ရောက်ကုန်တယ်လို့ မြင်မိတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံရေးဆိုတာက စွန့်စားမှုလေး အရိပ်အယောင် ပြလာရင်တောင် လူတွေရဲ့ ထောက်ခံမှုကို ရလာပြီး (အရှိန်) ရလာကာ (အရှိန်) က တဆင့် (တွန်းအား) အင်အားကို ဖော်ထုတ်ပြီး အောင်မြင်မှုဆိုတာ (ထွက်ပေါ်) လာတာပဲ။

နိုင်ငံရေးရဲ့ ဗဟိုအချက်က (အင်အား) ဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ Risk လို့ခေါ်တဲ့ (စွန့်စား) မှု ရှိစမြဲပဲ။ စွန့်စားမှုရဲ့ နောက်ကွယ်မှာ (စွန့်လွှတ်မှု) Sacrifice ဆိုတာ အရိပ်ပမာ ဒွန်တွဲလျက်ရှိတယ်။ ဒီ ၂ ချက်ကို ပေါ်အောင်လို့ Conviction လို့ခေါ်တဲ့ (ယုံကြည်မှု) က တွန်းပို့ရတာပဲ။ ဒါကြောင့် နိုင်ငံရေးမှာ ယုံကြည်မှု Conviction ရှိရမယ်လို့ ကျနော် ရဲရဲဆိုရဲတာပါ။ ဒီမိုကရေစီ မရှင်သန်နိုင်တဲ့ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ဖို့ (ယုံကြည်ချက်) က ပိုအရေးကြီးလာတာပေါ့။ ယုံကြည်ချက်ဆိုရာမှာ ဝါဒရေးယုံကြည်ချက် Political Conviction သော်လည်းကောင်း၊ နိုင်ငံရေးဝါဒ Political Idealism ကိုပဲ မဆိုလိုပါ။ အမျိုးသားရေး Nationalism ၊ လွတ်လပ်ရေး Freedom စတဲ့ ငါ့လူမျိုး ငါ့တိုင်းပြည် လွတ်လပ်မှု ရှိရမယ်၊ တိုးတက်မှုရှိရမယ် ဆိုတာတွေဟာလည်း စွန့်လွှတ်မှုနဲ့ စွန့်စားမှုကို တွန်းပို့ပေးတဲ့ အင်အား Energy ယုံကြည်ချက်တွေပဲ ဖြစ်တယ်။ လက်ဝဲဝါဒတွေကို မှီပြီးပဲဖြစ်ဖြစ်၊ လကျာ်ဝါဒကို မှီပြီးပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို အရင်းပြုတဲ့ (ယုံကြည်မှု) ဟာလည်း ပြင်းထန်တဲ့၊ ဖြူစင်တဲ့ ယုံကြည်မှုပဲ။

ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒစွဲကို အားမကိုးဘဲ အမျိုးသားစိတ် Nationalism ကိုပဲ အခြေပြုပြီး အားလုံးကို ဆွဲခေါ်သွားတာပဲ မဟုတ်လား? ကျနော်တို့ ရာဇဝင်မှာ အလောင်းဘုရား၊ တရုတ်ပြည်က မော်စီတုန်း၊ ကျူးဘားက ကက်စ်ထရို၊ အမေရိကန်က ဂျော့ဝါရှင်တန်တို့ အားလုံးဟာ မျိုးချစ်စိတ်ကို အခြေခံပြီး (စွန့်စား) ခဲ့ကြတာပဲ မဟုတ်လား? နိုင်မယ်ဆိုတာ သေချာလို့ စွန့်စားခဲ့ကြသည်မဟုတ်။ တိုင်းပြည်ချစ်စိတ်နဲ့ ယုံကြည်ချက် အတူတူလူနည်းစု - စုပေါင်း၍ တော်လှန်တိုက်ခိုက်ရဲရာက - တိုက်ပွဲတွေမှာ အောင်မြင်မှု ရလာတာကြောင့် - လူနည်းစုက လူအများစု ဖြစ်လာပြီး လူထုရဲ့ ထောက်ခံမှုကိုရမှ - အောင်မြင်မှုကို ရခဲ့ကြတာပဲ မဟုတ်လား။

သိပ္ပံပညာမှာ F=ma ဆိုတဲ့ Equation (ညီမျှခြင်း) ရှိတာပဲ။ ရွေ့ရှားမှုမရှိရင် Mass (ဒြပ်ထု) ရှိတာတောင် Acceleration (အရှိန်) မရှိတာကြောင့် Force (အင်အား) ဟာ Zero (သုည) မှာပဲ ကျန်ခဲ့ရမှာပေါ့။
ဒါကြောင့် လက်ရှိအားဖြင့် လူတွေဟာ ကြောက်နေပြီလို့ ယူဆစရာရှိပေမယ့်၊ လှုပ်ရှားမှုရှိလာလို့ အရှိန်ရှိလာရင် Mass လူအုပ်ကြီးလည်း များလာပြီ။ တချိန်မှာ ကြောက်ရွံ့ခြင်း Fear ဆိုတာကို ကျော်နိုင်တာပေါ့။

လွယ်သလား?
လွယ်သလား? လို့မေးလာရင် မလွယ်ဘူးလို့ ဖြေရမှာပဲ။ မဆလ ခေတ်က (၈၈၈၈) ၈ လေးလုံး ဖြစ်နိုင်မယ်လို့ ဆိုကြရင် ဝိုင်းအရယ်ခံရမှာပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာတာကြောင့် ၈ လေးလုံး ဖြစ်ခဲ့ရတယ်။ မထင်မှတ်တဲ့ လက်ဖက်ရည်ဆိုင် ရိုက်ပွဲကလေးက (စ) ခဲ့တာပဲ မဟုတ်လား? ၂ဝ၁ဝ ရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံရေး (အခြေအနေ) ဖန်တီးယူနိုင်ရင် (အီရန် ရွေးကောက်ပွဲ) မှာလို အချိန်အခါ မှန်သွားရင် နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တာပေါ့။

N = m a
(Newton and Law of Motion)=(mass)(acceleration)

နောက်တနည်း ကျန်သေးတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခု ကျန်သေးတယ်။ အဲဒါ မြန်မာအများစုဟာ အဖွဲ့အစည်းထောင်ပြီး (အဖွဲ့အစည်း) နဲ့ တိုက်တာထက် (လူ)(ပုဂ္ဂိုလ်) ကို ကြည်ညိုပြီး (တိုက်) ချင်တဲ့ (အကျင့်) ရှိကြတယ်လို့ မြင်မိတယ်။ လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနု၊ အခုခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် တနည်းဖြင့် သူရဲကောင်းကို ကိုးကွယ်တဲ့အကျင့် ရှိကြတယ်။ ဒါကြောင့် အများဟာ Institutional Loyalty ဆိုတာကို နားမလည်ကြဘူး။ Institutional Power ကို နားလည်ဖို့ ပိုဝေးသေးတာပေါ့။

နိုင်ငံရေးအဆောက်အဦး Political Institutional နဲ့ Infrastructure ရှိမှ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ လုပ်နိုင်တာတွေ ပေါ်လာပြီး အားလုံး ကိုယ့်တာဝန် ကိုယ်ကျေမှ ကိုယ့်အဖွဲ့အစည်း ကြီးထွားပြီး (အင်အား) ရှိလာမှ စစ်တပ်က အလေးထား ဂရုပြုလာရမှာပေါ့။

အချိန်ကြာလာတော့ (လုပ်စား) နိုင်ငံရေးတွေကပဲ ရေပန်းစားလာကြပြီး ဒိုနာ အလှူရှင်တွေမှာ ပိုက်ဆံတောင်းကောင်းအောင် ဖွဲ့ထားတဲ့ Interest Group - အကျိုးရှင်အုပ်စုတွေပဲ ငွေရ ရှင်သန်လာခဲ့ကြတာပါ။ အားလုံးဟာ Grass-root အောက်ခြေ စည်းရုံးရေး နိုင်ငံရေးကို မေ့ကုန်ကြပြီး ပလို့ဂျိ ဆိုပြီး Elite Politicians - အခွင့်ထူးခံ ရေပေါ်စီ နိုင်ငံရေးပေါ်ပင် နိုင်ငံရေးဘက် ရောက်ကုန်ကြရော။

ပြည်တွင်းမှာတော့ ဒေါ်စုဟာ Institution - ဒေါ်စုဟာ တော်လှန်ရေးပဲ။ ဒါကြောင့် နအဖ က အကြောင်း အမျိုးမျိုးရှာပြီး ဒေါ်စုကို ထိန်းချုပ်ထားတာပေါ့။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ ဒေါ်စုက - ယက်တောရဲ့ ကောင်းကျိုးကြောင့် ပြောင်းလဲလာတဲ့ (အခွင့်အရေး) နဲ့ ပြောင်းလဲသွားတဲ့ အမေရိကန်ပေါ်လစီကို ကိုင်ပြီး နိုင်ငံရေး နယ်ပယ်ထွင်ပြီး လှုပ်ရှားလျက်ရှိတယ်။

ဒါ ဒေါ်စုတဦးထဲ ကစားနိုင်တဲ့ နိုင်ငံရေး ကျားကစားကွက်ပဲ။ သိမ်မွေ့တဲ့ အခြေအနေကြောင့် ဒါထက်ပိုပြီး ဆွေးနွေးခွင့် မရှိပါ။

ဆက်လက်ဖက်ရှုပါရန်......

တရုတ်ပြည် ဒုသမ္မတနှင့် တရုတ် ခေါင်းဆောင်မှုအကြောင်း

ဘိုဘိုကျော်ငြိမ်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၀ မိနစ် ဆောင်းပါး

mizzima


ကျနော်တို့ မြန်မာနိုင်ငံသည် လူ့သမိုင်းတွင် အရေးပါသော နိုင်ငံကြီး ၂ နိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယတို့နှင့် မိုင်ပေါင်းများစွာ

နယ်နိမိတ်ဆက်စပ်လျက်ရှိသည်။ ထိုကြောင့် ထို ၂ နိုင်ငံနှင့် ဆက်ဆံရေးသည် မြန်မာနိုင်ငံ အတွက် အရေးကြီးပါသည်။ ယနေ့ခေတ်တွင် တရုတ်ပြည်ကြီးသည် တရိုန်ထိုး တိုးတက်လျက် ရှိပါသည်။ ထို့ပြင် နအဖ စစ်အစိုးရကိုလည်း ကျားကန်ပေးထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ဦးဆောင်လျက် ရှိသော တရုတ်ခေါင်းဆောင်များအကြောင်း သိထားသင့်ပေသည်။ လေ့လာကျွမ်းကျင်သင့်သည်။ ခေတ်ပညာတတ် လူငယ်များ တရုတ်အရေး ကျွမ်းကျင်သူများ ဖြစ်စေရန်နှင့် တရုတ်အရေးကို စိတ်ဝင်စား စေချင်သည့် စေတနာနှင့် ဒီဆောင်းပါးကို ရေးရခြင်းပါ။
တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်ပါ။ ကွန်မြူနစ် ပါတီက အုပ်စိုးသော နိုင်ငံဖြစ်၍ သတင်း လွတ်လပ်ခွင့် မရှိပါ။ အုပ်ချုပ်သူများက သိခွင့်ပေးသလောက်သာ အပြင်ကမ္ဘာကြီးအနေနှင့် သိခွင့် ရကြပါသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များအတွင်း ပကတိဖြစ်ရပ်များကို အလုံးစုံ သိခွင့်မရှိကြပါ။ သို့သော် မော်စီတုန်းလက်ထက် ထက်စာလျှင် လွန်စွာပင် တိုးတက်ပြီဟု ပြောနိုင်ပါသည်။

ဂျပန်၊ ကိုးရီးယား၊ မြန်မာနှင့် ကမ္ဘားဒီယား စသည့် ၄ နိုင်ငံသို့ ခရီးထွက်လာသော တရုတ်ဒုသမ္မတ ရှီကျင်းဖျင်သည် တရုတ်ခေါင်းဆောင်များတွင် ဗဟို (Central) နေရာ တာဝန်ယူရန် ရာထားသည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ တရုတ်ပြည်ကြီး၏ ခေါင်းဆောင်ရွေးချယ်မှုစနစ်အရ (အပ)ပရောဂ များကင်းခဲ့သော် - ၂ဝ၁၂ တွင်ကျင်းပမည့် ပါတီညီလာတွင် ဗဟိုခေါင်းဆောင်-တနည်းအားဖြင့် သမ္မတဖြစ်လာ မည့်သူဖြစ်ပါသည်။ အောက်တိုဘာ၂ဝဝ၇ ခုနှစ်တွင်ကျင်းခဲ့သော (၁၇)ကြိမ်မြောက်ပါတီညီလာခံက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် (၂၁)ရာစုနှစ် ကွန်မြုနစ်စံနစ်၏ အိမ်ရှေ့မင်းသားဖြစ်ပေသည်။ ထိုကြောင့်လက်ရှိ သမ္မတ ဟူကျင်တောင် လက်အောက်တွင် အလုပ်သင်သဘော (၅)နှစ် သက်တမ်း ဒုသမ္မတရာထူးကို တာဝန်ယူထားရသည်။ ပြီးခဲ့သည့် ခရီးစဉ် မှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရမည့် အာရှနိုင်ငံများကိုကွင်းဆင်းလေ့လာ၍ ထိုနိုင်ငံ့ ခေါင်းဆောင်များနှင့် အကျွမ်းတဝင်ဖြစ်အောင်ဆက်ဆံခြင်းပင်ဖြစ်သည်။

ဤနေရာတွင် အမေရိကန်စနစ်နှင့် တရုတ်စနစ် ကွာခြားမှုကို ကြားဖြတ်တင်ပြပါရစေ။ ကျနော်တို့ နိုင်ငံအတွက် အတုယူစရာများ ရှိလို့ပါ။ အမေရိကန်စနစ်အောက်မှာ ခေါင်းဆောင်တဦးကို စနစ်တကျ ပိုးမွေးသလို (မွေး) ယူသည်ဆိုသည်မှာ မရှိပါ။ အမေရိကန်စနစ်မှာ အုပ်ချုပ်ရေး (Executive) ၊ တရားဥပဒေတည်ဆောက်ရေး (Legislative) ၊ တရားရေး (judicial) ဟူ၍ ခွဲခြားထားပြီး ဤမဏ္ဍိုင် ၃ ခုကို တခုနှင့်တခု ချိတ်ဆက်ကာ ထိန်းပေးထားပါသည်။ Check & Balance ဟု ခေါ်ကြပါသည်။ အမေရိကန် သမ္မတ လက်ထဲတွင် အုပ်ချုပ်ရေး အာဏာကို အပ်ထားပြီး၊ သမ္မတသည် စစ်တပ်၏ အကြီးအကဲ Commander in Chief လည်း ဖြစ်ပါသည်။

အမေရိကန်စနစ်သည် လူတဦးချင်းဝါဒ Individualism ကို အားပေးသည်။ အမေရိကန်စံနစ်၏ အားသာချက်မှာ လူထုက ခေါင်းဆောင်ကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ အတွက် campaign ဟုခေါ်သော သမ္မတလောင်းအဖြစ်ရွေးကောက်ခံရဖို့အတွက် တနှစ်ခန့် ကြိုးစားရပါသည်။ မိမိ၏ ပါတီခေါင်းဆောင် ကိုယ်စားလှယ်ဖြစ်မှ၊ တခါ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင် ပါတီခေါင်းဆောင်နှစ်ဦး ယှဉ်ပြိုင်ရသည်။ Third Party ဟုခေါ်သော တခြား တတိယကိုယ်စားလှယ်များရှိသော်လည်း ပါတီကြီး ၂ ခု၏ ကိုယ်စားလှယ်များသာ သမ္မတ ဖြစ်လာကြပါသည်။

တနှစ်ကျော် Campaign သည် သမ္မတဖြစ်ရန် အကြိုတိုက်ပွဲဖြစ်၍ လူတဦး၏ အရည်အချင်းကို (စစ်ထုတ်) ခြင်းဟု ယူဆနိုင်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲသည် အုပ်ချုပ်မှုနှင့်မဆိုင်။ ဥပမာ သမ္မတ George W Bush သည် အတွေ့အကြုံ မရှိရုံမက မိမိလိုချင်ရာကို ခေါင်းမာစွာ မစဉ်းစား၊ မဆင်ခြင်အီရတ်ကို မတရား စစ်ဝင် တိုက်ခဲ့ပါသည်။ စီးပွားရေးတွင်လည်း လောဘီရစ်(lobbyists) များကိုဆွဲခန့်ခဲ့သည့်အတွက် မထိန်းနိုင် မသိမ်းနိုင် စီးပွားရေးကပ်စိုက်ခဲ့ရသည်။ လူညံ့တဦး သမ္မတဖြစ်လာပါက စံနစ်က အတွေ့အကြုံ ရှိမှုကို ဦးစားမပေးသောကြောင့် တိုင်းပြည်နာ နိုင်ပါသည်။

အမေရိကန်စနစ်က (လူ) ကို (လူထု) က ရွေးသည်။ (လူ) ၏ အရည်အချင်းကို (ယုံ)သည်။ အလုပ်က (သင်) လိမ့်မည်ဟု လက်ခံသည်။

တရုတ်ကပြောင်းပြန်

တရုတ်စံနစ်တွင် အဓိကသည် တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။

ပါတီတည်မြဲရေးသည် ပထမဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို ပြည်သူက ရွေးခွင့်မရှိ၊ ပါတီက ရွေးသည်။ ပါတီအောက်တွင်မှ အစိုးရ (အုပ်ချုပ်ရေး) အမျိုးသားကွန်ကရက် (ဥပဒေပြုရေး) နှင့် စစ်တပ် ရှိသည်။ ထူးဆန်းသည်မှာ စစ်တပ်သည် အစိုးရအောက်တွင် မရှိပါ။ ကာကွယ်ရေးဝန်ကြီးသည် စာရေးကြီး သာသာပဲ ဖြစ်သည်။ တရုတ်ပြည် စစ်ကော်မရှင်က စစ်တပ်ကိစ္စအားလုံးအတွက် တာဝန်ရှိသည်။

ထို့ကြောင့် တရုတ်ပြည်တွင် အဓိက ၃ နေရာရှိသည်။

(၁) ပါတီခေါင်းဆောင်

(၂) အစိုးရခေါင်းဆောင်

(၃) စစ်ကော်မရှင်ခေါင်းဆောင်

မှတ်ချက်။ ။ ဤစံနစ်ကိုနောင်မှ အသေးစိတ်တင်ပြပါမည်။

ယနေ့သမ္မတ ဟူကျင်တောင်တို့ကို 4th Generation Leadership ဟု ခေါ်ပါသည်။ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးအတွက် တိန့်ရှောက်ဖိန်က အာဏာတည်ဆောက်ရေးနှင့် အာဏာလွှဲပြောင်းရေးကို စံနစ်တကျ တည်ဆောက်သွားပါသည်။

အဓိကကျသော တည်ဆောက်မှု (၂) ခုမှာ တဦးတယောက်ထဲ အာဏာတည်ဆောက်ရေးထက် Collective Leadership ဟုခေါ်သော စုပေါင်းခေါင်းဆောင် မှုကို တည်ဆောက်ရမည်။ ဤစုပေါင်းခေါင်းဆောင်မှု၏ အလယ်တွင် အဓိကကျသော central ဗဟိုပုဂ္ဂိုလ် ရှိရမည်။

ထို့ပြင် စုပေါင်းခေါင်းဆောင် တဆက်ပြီးလျှင် နောက်တဆက်ကို (အာဏာ) လွှဲပေးရမည်။ ဒါမှ တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းပြည်ထူထောင်ရေး တည်ငြိမ်၍ ဆက်တိုက်တိုးတက်မှု ရှိမည်။ stability ရှိ၍ Continuity ရှိမည်ဟု ဆိုလိုသည်ပါ။

ထို့ကြောင့် အဓိကပုဂ္ဂိုလ် Central အဖြစ် အရွေးခံရသူသည် …

(၁) ပါတီအထွေထွေ အတွင်းရေးမှူး (ပါတီရာထူး)

(၂) သမ္မတ (အုပ်ချုပ်ရေး)

(၃) စစ်ကော်မရှင် ဥက္ကဋ္ဌ (စစ်တပ်)

ဤ ၃ နေရာလုံးကို ဆက်ခံရန် ပါတီက ရွေးကောက်ပါလိမ့်မည်။ သို့သော် သက်တမ်း ၂ ကြိမ်သာ ခံစားခွင့်ရှိသည်။ သက်တမ်း ၂ ကြိမ်ပြီးလျှင် နောက်တဆက် Next Generation ခေါင်းဆောင်များကို လွှဲပေးရပါမည်။

Generation ခေတ်တဆက် တဆက်ခေါင်းဆောင်ဆိုတာ ဘာလဲ။

မော်စီတုန်းလက်ထက်က အာဏာလက်လွှဲရန် အစီအစဉ် process မရှိခဲ့ပါ။ မော်စီတုန်းသည် ဘုရားတဆူ တမျှ အာဏာရှိသည့် အာဏာရှင်ဖြစ်သည်။ ထို့ကြောင့် ပထမ လူလျောက်ချီ Li Shaoqi ၊ နောက် လင်ပြောင် Lin Biao ယဉ်ကျေးမှု တော်လှန်ရေး အထွတ်ထိဋ်ရောက်စဉ်က (၄)ဦးဂိုဏ်းမှ ဝန်ဟုန်ဝန် (Wang Hongwen) တို့ကို ရည်မှန်းခဲ့သည်။ နောက်ဆုံးသေခါနီးတွင်ဟွာဂူဖုံး (Hua Guofeng)။ သို့သော် တိန့်ရှောက်ဖိန်က (Deng Xiaoping) နောက်ဆုံး အာဏာယူနိုင်ခဲ့သည်။

ဤသည်မှာ အာဏာရှင်လက်အောက်တွင် အာဏာရှင်များသည် အာဏာကို လက်မလွှတ်ရဲဘဲ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေကြသည် ချည်းဖြစ်၍ ထို့ကြောင့် တိန့်ရှောက်ဖိန်က သူ မသေခင်မှာ ရာထူးများကို လက်လွှဲပေးပြီး အာဏာကူးပြောင်းမှုကို စံနစ်တကျဖြစ်စေရန် ဆောင်ရွက်ရာက ယခုလို Generation Leadership ဟု ခေါ်သည့် စုပေါင်းခေါင်းဆောင်မှု ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် …

1st Generation ပထမခေတ်/အဆက် - မော်စီတုန်း

2nd Generation ဒုတိယခေတ်/အဆက် - တိန့်ရှောက်ဖိန်

3rd Generation တတိယခေတ်/အဆက် - ကျန်ဇီမင်း

4th Generation စတ္ထုတခေတ်/အဆက် - ဟူကျင်တောင်

5th Generation ပဉ္စမခေတ်/အဆက်- ရှီကျင်းဖျင် (ရွေးချယ်ရန် ရာထားခံရသူ)

ပါတီလူကြီးများ (Party Elders)

တရုတ်ပြည်ကြီး၏ စုပေါင်းခေါင်းဆောင်မှုစံနစ်အောက်တွင် အာဏာရှိသည့်လက်တဆုပ်စာ လူတစုက ဗဟိုလူ central person ကို ဝန်းရံပေးကြသည်။ ထိုလူများသည် ၁ဝ နှစ် အုပ်ချုပ်၊ ၁ဝ နှစ်ပြည့်သည့်အခါ ရာထူးမှ နုတ်ထွက်ပေး၊ နောက်တအုပ်တက်ပေါ့။

လူတစုပြီး တစု ပြောင်းလဲ အုပ်ချုပ်သွားကြမည်။ သို့သော် ကွန်မြူနစ်ပါတီ က အာဏာတည်မြဲလျက်ရှိရန် တိန့်ရှောက်ဖိန် က စီစဉ်ခဲ့သည်ပါ။ သို့သော် ပါတီလူကြီးများ (Party Elders) က Reform ဟုခေါ်သော ပြန်လည်ပြင်စင်ရေး လမ်းစဉ်ကို လိုက်နာသူ သစ္စာရှိ သူများကိုသာရွေးရန် စီစဉ်ခဲ့ပြန်သည်။်

ဤနေရာတွင် အရေးကြီးသည့်ဖြစ်စဉ် process လုပ်ငန်းစဉ် တခု ရှိသည်။ အာဏာနှင့် ရာထူးကို လက်လွှတ်ပေးရသည့် လူကြီးများသည် ပျောက်မသွားကြပါ။ ကွန်မြူနစ်ပါတီ အတွင်း ဆက်လက် ရပ်တည်လျက် ရှိသည့်အပြင် Elders ဟုခေါ်သည့် ပါတီလူကြီးများ ဖြစ်လာကြပြီး ပါတီ၏ လမ်းစဉ်၊ ပါတီခေါင်းဆောင်သစ်၊ များကို ရွေးရာတွင် အရေးပါသည်။

တဖက်က (အကောင်းဘက်က) ကြည့်လျှင် တသက်လုံး နိုင်ငံရေးလုပ်လာကြသည့် ဝါရင့် နိုင်ငံရေး သမားကြီးများက ထိမ်းကျောင်းပေးနေသဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် တခြားတဖက်က ကြည့်လျှင် ထိုလူကြီးများသည် အရေအတွက်မည်မျှနှင့် မည်သူများဖြစ်သည်ကို တရုတ်ပြည်အကြောင်း လေ့လာ ကျွမ်းကျင်သူများပင် မသိကြပါ။ အကြောင်းအရင်းက တရုတ်ပြည်သည် အာဏာရှင် စနစ်ကို ကျင့်သုံးဆဲဖြစ်သောကြောင့် လူအသိမခံ၊ ဗြောင်မကြေညာရဲဘဲ အာဏာရှိသူများကသာ ကြိတ်လုပ်ကြခြင်းဖြစ်သည်။

ဤ လူကြီးစနစ်သည် တိန့်ရှောက်ဖိန်လက်ထက်တွင် ပေါ်လာသည်။ တိန့်ရှောက်ဖိန်သည် ကွန်မြူနစ်ပါတီ စကတည်းက ပါခဲ့သည့်အပြင် တော်လှန်ရေးတွင် တောက်လျှောက် တာဝန်ယူခဲ့ရပြီးသဘာရင့်ရာဇဝင် ရှိသည့် ခေါင်းဆောင်ဖြစ်ခဲ့သဖြင့် ကွန်မြူနစ်ပါတီအပြင် စစ်တပ်အတွင်းမှာပါ သြဇာရှိသည်။ တိန်ရှောက်ဖိန်နောက် ကျန်ဇီမင်း၊ ယခု ဟူကျင်တောင် လက်ထက်ကျတော့ ကျန်ဇီမင်းသည် တိန်လျှောင်ဖိန်ကဲ့သို့ ရာဇဝင်မရှိပါ။ ကျန်ဇီမင်းက တိန်ရှောက်ဖိန်လိုတခြားရာထူးများကို ဖယ်ပေး သော်လည်း၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ဆက်ကိုင်ရန် ကြိုးစားခဲ့သည်။ မရမှ နောက်ဆုံး လွှဲပေးခဲ့ရသည်။ ထို့ကြောင့် ကျန်ဇီမင်းနှင့် ဟူကျင်တောင်သည် မသင့်တင့် (သို့) အပြိုင်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

(မှတ်ချက်။ ကျန်ဇီမင်းနှင့် ဟူကျင်တောင်နှစ်ယောက်စလုံးကို တိန်ရှောက်ဖိန်ကရွေးခဲ့ခြင်းဖြစ်သည်)

၂ဝ၁၂ ခုနှစ်နောက်ပိုင်း ဟူကျင်တောင်က 5th Generation များကို အာဏာလွှဲပြီးရင် Elders များထဲတွင် ပြိုင်ဘက်များ ဖြစ်လာမည်။ မည်သူကမှ မည်သူလူကြီးEldersဖြစ်ရမည်၊ မည်သို့ရွေးချယ်မည်ကို မသိရသေးသည့် အတွက် ရှေ့မှာ ပြဿနာ ဖြစ်နိုင်သည်။

ကျန်ဇီမင်းကို Elders များက ရွေးသည်ကို ကျန်ဇီမင်းပင် မသိခဲ့ပါ။ တိန့်ရှောက်ဖိန်သည် ပထမ ဟူရောင်ဘန်း (Hua YaoBang) နှင့် ကျောက်ကျိယန် Zhao Ziyang တို့ကို သူ့နောက် ဆက်ခံရန် ရွေးခဲ့သည်။ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ကျောင်းသားများ အရေးတော်ပုံကြီးတွင် ကျောက်ကျိယန်သည် ကျောင်းသားများ ဘက်လိုက်သည်ဆိုပြီး အဖမ်းခံရသည်။ ထိုစဉ်က Li Peng လီပင်း က ဝန်ကြီးချုပ် (တရုတ် စိန်လွင်ပေါ့) ။ လီပင်း က တိန့်ရှောက်ဖိန်နှင့် လူကြီးများကို တင်ပြပြီး ဖမ်းမိန့်ရမှသာ ဖမ်းဆီး နိုင်ခဲ့သည်။ ထို့ကြောင့် ဆက်ခံရန် လူရွေးသည့်အခါ ၁၉၈၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လူကြီးအဖွဲ့ ဖြစ်သည့် တိန့်ရှောက်ဖိန် Deng Xiaoping ၊ Chen Yun ၊ Li Xiannian ၊ Peng Zhen ၊ Deng Yingchao ၊ Yan ShangKun ၊ Wang Zhen ၊ Bo Yibo တို့သည် တိန့်ရှောက်ဖိန် နေအိမ်တွင် ၅ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

ဤလူကြီးများကပဲ တရုတ်ကျောင်းသားများကို နှိမ်နင်းရန် အမိန့် (ပစ်မိန့်) ကို ပေးရာတွင်အရေးပါခဲ့သည်။ ကျနော်တို့ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ် စောမောင်ကို ဖယ်ရှားရန် ၎င်းတို့၏အဖေကြီး ဦးနေဝင်းက အမိန့် ပေးခဲ့ကြောင်း သတင်းရှိသလိုပေါ့။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပြီး စစ်ဦးစီးချုပ်သည် ဗိုလ်ချုပ်စောမောင်ဖြစ်သော်လည်း စစ်တပ်ကို အမှန်တကယ် ကိုင်ထားသည်မှာ ဦးနေဝင်းပင်။

(မှတ်ချက်) နဝတ ခေတ်တွင် ဦးနေဝင်းသည် မည်သည့်ရာထူးမှ မယူသည့်အပြင် နေ့တဓူဝ အုပ်ချုပ်မှုနှင့် ဝေးသွားသည်။ တိန့်ရှောက်ဖိန်၏ အဓိက ရည်စူးချက်မှာ ကွန်မြူနစ်ပါတီ တည်မြဲရေး ထို့ကြောင့် ပါတီဝင် ဖြစ်ရုံမက ချုပ်ကိုင်စရာ ပါတီရှိသည်။ မဆလက ၈၈၈၈ အရေးအခင်းနှင့် ပြည်သူများက လက်မခံ တော့သည့် အတွက် ဇတ်သိမ်းခဲ့ရပြီ။ ဦးနေဝင်း၏ ကျောရိုးကစစ်တပ်၊ တိန့်ရှောက်ဖိန်၏ ကျောရိုးသည် ကွန်မြူနစ်ပါတီဖြစ် သည်ကို သတိပြုစေချင်သည်။တီအန်မင် ကျောင်းသားအရေးတော်ကြီး ဖြိုးခွင်အပြီး ကျောက်ကျိယန်(Zhao Ziyang) ပြုတ်ကျပြီးသော်လည်း သူ့ကို ထောက်ခံသည့် ပါတီဝင်ဟောင်းများက ပါတီစည်းဝေးပွဲ မှတ်တမ်းများကို ဖြည်းဖြည်းချင်း ခိုးထုတ်ကြပြီး ၂ဝဝ၁ ခုနှစ်တွင် တီအန်မင် စာတမ်းများ Tiananmen Papers ဆိုသည့် စာမျက်နှာ ၅ဝဝ ကျော် စာအုပ်တအုပ်ကို အမေရိကားတွင် ထုတ်ဝေခဲ့သည်။ အင်မတန် ဖတ်၍ကောင်းသည့် စာအုပ်ပါ။ စာမျက်နှာက ၃ဝ၈ တွင် လူကြီးများက ကျန်ဇီမင်းကို ခန့်ခြင်း The Elders Appoint Jiang Zemin ဆိုသည့် အခန်းတွင် အစည်းအဝေး မှတ်တမ်းများက တဆင့် မည်သို့ စဉ်းစားရွေးချယ်ခဲ့ကြသည်ကို အသေးစိတ် ဖော်ပြထားပါသည်။

ထိုသို့သော စာအုပ်မျိုးများ ပေါ်လာသဖြင့် တရုတ်လူကြီးများအကြောင်း သိခဲ့ရသော်လည်း ယခု လူကြီးများသည် မည်သူများလဲ၊ မည်သို့ရွေးသလဲ၊ မည်ရွေ့မည်မျှ အာဏာရှိသလဲဆိုသည်ကို အတိအကျ သိသူ မရှိသလောက်ပါ။ ဘီဘီစီ သတင်းထောက် အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး မကြာသေးခင်ကမှ တရုတ်ပြည်ကြီးတွင်(၃)နှစ်ကျော်အယ်ဂျာဇီးယား Al Jazeera သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့သူ တိုနီချန်းဆိုသူက ဆွေးနွေးတင်ပြခဲ့သည်။

တရုတ်စံနစ်တွင် ခေါင်းဆောင်ကို ပြည်သူတွေက ရွေးချယ်ခွင့်ရှိသည်မဟုတ်။ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေ က ရွေးချယ်ကြခြင်းဖြစ်သည်။ သို့သော် ကွန်မြူနစ်ပါတီသည် တပါတီ အာဏာရှင် စံနစ်ဖြစ်ရုံမက အုပ်ချုပ်ရေး စီးပွားရေး အားလုံးကို ချုပ်ကိုင်ထားသည့်အတွက် ခေါင်းဆောင်များကို ပိုးမွေးသကဲ့သို့မွေးနိုင် ပေသည်။ မော်စီ တုံးနှင့် ယဉ်ကျေးမှုတော်လှန်ရေးခေတ်က တော်လှန်ရေးကို သစ္စာရှိမည့်သူများကို ရွေးသည်။ တိန့်ရှောက်ဖိန် နောက်ပိုင်းခေတ်ကြတော့ Reformဟုခေါ်သော စီးပွားရေး ပြန်လည်ပြင်ဆင်မှုကို သစ္စာရှိသူများကို ရွေးစေသည်။ မီးများမီးနိုင် ရေများရေနိုင် စံနစ်ပင် ဖြစ်သည်။ ကွန်မြူနစ် ပါတီအတွင်းတွင်လည်း ပြောင်းလဲလျက်ရှိပါသည်။

တရုတ်ခေါင်းဆောင်များအတွက် ခေါင်းအကြီးဆုံးပြဿနာများမှာ ဆင်းရဲချမ်းသာပြဿနာ မြို့နဲ့ နယ်များအကြား ကွာခြားမှု တိုးတက်သောအရှေ့ဖက်ခြမ်း နှင့် ပြည်တွင်းပိုင်း ကွာခြားမှု နှင့် Internal Migration ဟုခေါ်သော နယ်များမှအရှေ့ခြမ်းမြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတို့ဖြစ်ကြ၍ အကြီးဆုံးပြဿနာမှာ လဘ်စားမှုဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဆက်လက်၍ 5th generation ဖြစ်ရာထားခြင်းခံရသော ခေါင်းဆောင်များ 6th generation ခေါင်းဆောင်များ အဖြစ်ရွေးချယ်နိုင်ရန် တန်းစီထားပြီးသော ခေါင်းဆောင်များအကြောင်းနှင့် ပါတီတွင်း အင်အားအဖွဲ့စု Factions and groups များအကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါမည်။



ရည်ညွှန်း References

The Tiananmen Papers

Mao Last Revolution

China fifth generation leaders come of age by Cheng Li

China’s Leadership, fifth generation by Cheng Li and John L. Thorton.

ဆက်လက်ဖက်ရှုပါရန်......

ဗိုလ်မှူးချုပ် ကျော်ဇော

ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၂၆ မိနစ်

Mizzima


ဗိုလ်မှူးချုပ် ကျော်ဇောကို လူချင်းတွေ့ရတော့ ကွန်မြူနစ်ရယ်၊ ဆိုရှယ်လစ်ရယ် ခွဲမမြင်နိုင်တော့ဘူး။ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင် (အဖေ) တို့နဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တဦးအဖြစ်ပဲ မြင်မိတယ်။ အဖေကိုလည်း သတိရတာနဲ့ ကျနော် ရိုသေစွာ ထိုင်ကန်တော့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရိုးသားမှုကို တွေ့ရတော့လည်း ကျနော် လေးစားမိတာအမှန်ပါ။


ဒါပေမဲ့ ကျနော့်ဆီမှာ မပြီးသေးတဲ့ မိသားစုတာဝန်က ကျန်နေသေးတယ်။ အဲဒါကတော့ ဗိုလ်မှူးချုပ်ကျော်ဇော ရေးခဲ့တဲ့ သူရဲ့ ကိုယ်ရေး ရာဇဝင်မှာ ရေးသားထားတဲ့ ဦကျော်ငြိမ်း အကြောင်းပါ။ ကျနော်နဲ့ ခင်တဲ့ မိတ်ဆွေက ဘာကြောင့် ပြန်မရေးတာလဲလို့ အရေးဆိုကြတယ်။ တချို့ကလည်း ထားလိုက်ပါတော့ဗျာလို့ အကြံ ပေးကြတယ်။

အသက်ကြီးပြီဖြစ်တဲ့ တော်လှန်ရေးသမားကြီးကို လေးစားမိတာတကြောင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော မိသားစုနဲ့တွေ့ပြီး ခင်မင်မိတာတကြောင်းကြောင့် မရေးဖြစ်ခဲ့ဘူး။ ဗိုလ်မှူးချုပ်မောင်မောင်ဆုံးသွားတဲ့ သတင်းကြားမှ သင်္ခါရကို မကျော်နိုင်ကြတာ တွေးမိတယ်။ အချိန်က လူကို မစောင့်ပါလားဆိုပြီး သတိဝင်လာတယ်။ ဒီ့အပြင် ပြန်လည်ဖြေရှင်းမှုမရှိခဲ့ရင် ရာဇဝင်ကိုရေးရာမှာ အချက်အလက်မှန်ဖို့ အရေးကြီးတယ်ဆိုတာကို နားမလည်နိုင်တဲ့၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကိုသာ အခြေခံရင် အမှန်တရားဟာ ဖုံးကွယ်သွားနိုင်တယ် မဟုတ်လား?



ကြယ်တွေ၊ စကြာဝဋ္ဌာအကြောင်း လေ့လာတဲ့ (Astronomy) ဘာသာရပ်အရ ကျနော်တို့ စကြာဝဋ္ဌာ Universe ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.ရ ဘီလျံလောက်က (Big Bang) ဆိုတဲ့ ပေါက်ကွဲမှုကြီးက မွေးဖွားခဲ့တယ်။ ဒီ Big Bang ရဲ့ နောက်ခံ (Background Radiation) ကို မပျောက်မပျက်ရှာတွေ့မှ BigBang ဆိုတာကို လက်ခံခဲ့ကြတယ်။ ဒီလိုပဲ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းဆိုတာ ဖျောက်ဖျက်လို့မရပါဘူး။ ရာဇဝင်ဆိုတာ အရေးကြီးပါတယ်။

ဗိုလ်ချုပ်ကျော်ဇောရေးတဲ့ ကာလမှာ ကျနော့်အဖေဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ဖြေရှင်းခွင့် မရတော့ရှာပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇော အသက်ထင်ရှားရှိစဉ်မှာ ဒီဆောင်းပါးကို ရေးရတာပါ။
အဆိုတခုကို သက်သေနဲ့ နှစ်ဖက်ကြည့်တတ်ရပါမယ်။ နောင် - ရာဇဝင်ဆရာတွေ သုံးသပ်နိုင်အောင် တင်ပြရခြင်းပါ။ ကျနော် ပြန်ဖြေရှင်းရမယ် ဆိုတာကိုလည်း ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုကို ကူမင်းမှာ တွေ့စဉ်က အသိပေးခဲ့ပြီးဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစု ကျနော့် အမြင်ကို နားလည်နိုင်ပါစေ။

အရေးကြီးတဲ့ တချက်က ကျနော် ယုံကြည်တာက လစ်ဘရယ်ဒီမိုကရေစီပါ။ ကျနော့်အမြင်အရ ဘယ်နိုင်ငံရေး သဘောတရားမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လစ်ဘရယ်ဒီမိုကရေစီမှာလည်း ချို့ယွင်းချက်တွေ ရှိတာပဲ။ ဒါပေမဲ့ ချို့ယွင်းချက်တွေကြားက ဘာကြောင့် အခုထိ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာကြီးမှာ ရှင်သန်ကြီးထွားလျက်ရှိပြီး ကွန်မြူနစ်ဝါဒဟာ ကျဆုံးခဲ့ရသလဲ?





ကွန်မြူနစ်ဝါဒရဲ့ ဗဟိုဦးစီးစနစ်မှာ ငါ့ဝါဒသာ အမှန်၊ ဝါဒမတူသူဟာ ရန်သူ၊ တိုက်ထုတ်ထား - ဆိုတဲ့ (တဖက်သတ်) အမှန်တရားကို ဆုပ်ကိုင်ထားတတ်တယ်။ လစ်ဘရယ်ဒီမိုကရေစီမှာတော့ လွတ်လပ်မှုနဲ့အတူ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိတဲ့ Critical Thinking ဟာ အရေးပါလှပါတယ်။ Critical Thinking အရ အတွေးအခေါ်ဖြစ်စေ၊ အဆိုပြုချက်တခုကိုဖြစ်စေ ဘက်စုံက ငြင်းဆိုခွင့် ရှိတယ်၊ ထောင့်စုံက ကြည့်ပြီးမှ လက်ခံခွင့် ရှိတယ်။ အခု ဂရိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ လူငယ်လေးတွေဟာ တယူသန် မတွေးတော့ဘူး။ မေးခွန်းတွေ မေးမယ်၊ အဖြေရှိမှ လက်ခံကြမယ်။ ဒါကြောင့် ကျနော့်ရဲ့ အမြင်ကို ဘက်စုံကကြည့်ပြီး တင်ပြချင်တာလည်း ပါပါတယ်။ လူငယ်လေးတွေ စဉ်းစားနိုင်အောင်ပါ။

ဗိုလ်မှူးချုပ်ကျော်ဇော်ဟာ တနိုင်ငံလုံးကလေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အမျိုးသားအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လာရင် စိတ်(နု)၍မရ အပြောအဆိုဖြစ်စေ အရေးအသားဖြစ်စေ စိတ်(နု) ၍ မရပါ၊ ဒေါ်သပါ၍ မရပါ။ ၂ဝဝ၉ သြဂုတ်လဆန်း ကျော်ကျော်က အမေရိကန်သမ္မတလောင်းအဖြစ်အရွေးခံခဲ့တဲ့ ယ္ခုလက်ရှိ နိုင်ငံခြားရေးးဝန်ကြီး ဟင်လရီကလင်တန်ဟာ လူထုနဲ့တွေ့ဆုံပွဲ Town-Hall-Meeting တခုမှာ ကျောင်းသားတယောက်ရဲ့ မေးခွန်းကို စိတ်ဆိုးပြီး ဆတ်ကနဲ ပြန်ဖြေခဲ့တဲ့အတွက် အဲဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်ခဲ့ရတယ်။ ပြီးခဲ့တဲ့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲအကြို အခြေအတင် စကားပြောပွဲမှာ အမျက်ထွက်လွယ်သူ၊ စိတ်ဆတ်သူလို့ နာမည်ကြီးတဲ့ စာကိုးဇီး (Sarkozy) ကို ပြိုင်ဘက် လွိုင်ရွယ် (Royal) က စိတ်လိုက်မာန်ပါ ပြောဆိုလာပါတယ်။ စာကိုးဇီးက “အိုမဒန်လွိုင်ရွယ်ရယ်၊ သမ္မတပီသပါစေ” လို့ လေအေးအေးနဲ့ ခွန်းတုံ့ပြန်ခဲ့ရာ နိုင်ငံရေး လေ့လာသူတွေနဲ့ ဝေဖန်သူတွေရဲ့ အမြင်အရ ပရိသတ်နဲ့ ပြည်သူတွေက စာကိုးဇီးကို ပိုယုံခဲ့တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အခြေအတင်ပြောပွဲ (Debate) အပြီးမှာ စာကိုးဇီးကို ထောက်ခံသူတွေ ပိုများလာပြီး သမ္မတအဖြစ် အရွေးခံခဲ့ရတယ်။

အမျိုးသားအဆင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်လာခဲ့ရင် ကျနော်တို့ အညတရတွေလို စိတ်လိုက်မန်ပါ ဒေါသရှေ့မထားသင့်တော့ပါ။


ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်ရေးရာဇဝင်မှာ၎င်း၊ တွေ့ဆုံမေးမြန်းခန်းတွေမှာ၎င်း ဆိုရှယ်လစ်ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်စပ်လာရင် ကွန်မြူနစ်ဒေါသကို ဖုံးကွယ်နိုင်ပုံ၊ ကျော်လွှားနိုင်ပုံ မမြင်ရပါ။ ကွန်မြူနစ်ဆိုရင် အကောင်း၊ ဆိုရှယ်လစ်ဆိုရင် အဆိုး၊ တလမ်းသွား အတွေးအခေါ်က ထင်ပေါ်လွန်းတယ်။ လွပ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတယ်။ ရန်အငြိုး ကြီးထွားခဲ့ကြတာကိုး။




နောက်တချက် ကျနော်မြင်တာက လွတ်လပ်ရေး ရပြီးကာစ ကာလ တပ်တွင်းပြိုင်ဆိုင်မှုမှာ ဆိုရှယ်လစ် ဗိုလ်မှူးချုပ် ၂ ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ကြီးတို့နဲ့ ဗိုလ်မှူးချုပ် ကျော်ဇောတို့ရဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ကြတယ်။ ဗိုလ်မှူးချုပ် ကျော်ဇောတို့ မိသားစုနဲ့ စကားပြောကြည့်တဲ့အခါ ဗိုလ်မှူးချုပ် အောင်ကြီးဟာ မာနနဲ့ အင်္ဂလိပ်လို့ (arrogant) လူပါးဝတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးဟာ ဗိုလ်ချုပ် နေဝင်းနဲ့ ခင်ရုံမက ဝန်ကြီးချုပ် ဦးနုနဲ့လည်း နီးတာကြောင့် မာနထောင်ခဲ့တယ်။ Mary Callahan ရေးတဲ့ Making Enemies စာအုပ်မှာ ဦးကျော်ငြိမ်းကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုထားတယ်။ (မှတ်ချက်။ စာမျက်နှာ ၁၈ဝ - အခန်း (၇) ကို ကြည့်ပါ။)

ကျနော် မြန်မာနိုင်ငံက မထွက်ခင် ငယ်စဉ်ကျောင်းသားဘဝက ဗိုလ်ချုပ်မောင်မောင်ကို ကြည့်မရခဲ့ပါ။ “ဒီလူကြီး ငါ့အဖေကို အမြဲဆူပူအောင် အော်ပစ်နေတာပဲ” လို့ ကလေးပီပီ တွေးမိခဲ့တယ်။ ကျနော် လူကြီးဖြစ်တော့ ငယ်စဉ်က အတူခင်ခဲ့တဲ့ ကျနော့်အကိုရဲ့ ငယ်ပေါင်း (သွား) ဆရာဝန်တယောက်နဲ့ နယူးယောက်မြို့မှာ ပြန်လည်ဆုံဆည်းခဲ့မိတယ်။ တွေ့တိုင်း အမြဲဆူပူအော်ဟစ်နေတယ်။ ငယ်ပေါင်းလည်းဖြစ် အပေါက်ကလည်း ဆိုးတာကြောင့် အထင်မကြီးမိပါ။ တနေ့ (သွား)နာမှ မပြချင်ပြချင်နဲ့ ပြမိတယ်။ ဒီတော့မှ ကျနော့် မိတ်ဆွေဟာ လူတွေအထင်ကြီးကြတဲ့ အမေရိကန်ပေါက် အဖြူသွားဆရာဝန်တွေထက် များစွာ (သာ) ကြောင်း သိခဲ့ရတယ်။ ကျနော်တွေ့ဖူးတဲ့ သွားဆရာဝန်တွေအထဲမှာ အတော်ဆုံးတယောက်အဖြစ် အသိအမှတ်မပြုချင်ဘဲ အသိမှတ်ပြုခဲ့ရတယ်။ ဒီတော့မှ ကျနော့်ဖခင်ကြီးဟာ ဗိုလ်မှူးချုပ်မောင်မောင်ကို ဘာကြောင့် စိတ်မတိုရကြောင်း နားလည်ခဲ့ရတယ်။ အားကိုးရတဲ့ လူတော် သို့သော် အပေါက်ဆိုးတယ်။ “သြော် သူ့ဝသီ“ ပဲလို့ ပြုံးရင်း နားလည်ခဲ့ရတယ်။

ဒါပေမဲ့ ပဋိပက္ခပြင်းထန်နေတဲ့ အချိန်ကာလမှာ ဒီပြိုင်ဘက် ဗိုလ်မှူးချုပ် ၃ ယောက်ကြားမှာ ခံစားမှုတွေ ရှိခဲ့ရမယ်ဆိုတာကို နားလည်နိုင်ပါတယ်။ တယောက်က အပေါက်ဆိုးတယ်၊ နောက်တယောက်က မောက်မာတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဒီနှစ်ယောက်ကြားမှာ ညပ်နေမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဗိုလ်ချုပ်နေဝင်းက လူရည်လည်တယ်။ ဗိုလ်မှူးချုပ်ကျော်ဇောကို အသားလွတ် ရန်ရှာပုံ မပေါ်ဘူး။ ဗိုလ်မှူးချုပ် ကျော်ဇော ပင်စင်ယူပြီး ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်နေတဲ့ ကာလမှာ ရဲဘော် သုံးကျိပ်နဲ့ ပတ်သက်ခဲ့တဲ့ ဂျပန် တယောက် ရန်ကုန်ရောက်အလာမှာ ကျင်းပတဲ့ ညစာစားပွဲကိုတက်ဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗိုလ်ချုပ် နေဝင်းက ဖိတ်တယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက မတက်ခဲ့ဘူး။ လာဖိတ်တဲ့ ဗိုလ်မှူးကြီးက ဗိုလ်ချုပ်နေဝင်းက စိတ်မကောင်းကြောင်း လာသတင်းပေးရင်း ဗိုလ်မှူးချုပ်ကျော်ဇောကို သွားမလုပ်ကြနဲ့၊ ဗိုလ်မှူးချုပ်ကျော်ဇောက သူ့ကို ဒုက္ခမပေးရင် ဘာမှမလုပ်ဘူးဆိုပြီး ဗိုလ်ချုပ်နေဝင်းက မှာထားကြောင်း ပြောသွားသေးတယ်တဲ့။ ဒါ ဗိုလ်မှူးချုပ်ကျော်ဇောကိုယ်တိုင် ကျနော် ကူမင်းကိုရောက်တုန်းက ပြန်ပြောပြလို့ သိရတာပါ။

ကြားလိုက်ရတော့ ဗိုလ်မှူးချုပ်ကျော်ဇောကို သတင်းပါး၊ message လာထည့်သွားတယ်ဆိုတာကို ချက်ချင်း ရိပ်မိလိုက်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နိုင်ငံရေးအကွက်တွေကိုလည်း သွားသတိရမိတယ်။
ဗိုလ်မှူးချုပ်ကျော်ဇောမှာ ပြောစရာ အားနည်းချက်ဆိုလို့ တကွက်ပဲရှိတယ်လို့ ကျနော်တို့ အဖေတွေဘက်က လူကြီးတွေ ပြောခဲ့ဖူးတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ နိုင်ငံရေး သိပ်ရိုးလွန်းတယ်တဲ့။ Politically Naïve ဖြစ်တယ်လို့ ဆိုတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောပာာ ကွန်မြူနစ်ပါတီရဲ့ စစ်ဗိုလ်အားလုံး တောခိုရမယ်ဆိုတဲ့ အမိန့်ကို ဖီဆန်ပြီး စစ်တပ်ထဲမှာ ကျန်ခဲ့ကတည်းက ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်။ ၁၉၅၆ ခုလောက်မှာ ပုဒ်မ (၅) နဲ့ ထောင်ထဲရောက်ပြီး ကျန်းမာရေးချို့တဲ့ ဒုက္ခရောက်နေတဲ့ ဂျပန်ခေတ်က ရဲဘော်(ဦး)ကြီးမြင့်ကို ဗိုလ်ချုပ်နေဝင်း အကူအညီနဲ့ ထောင်ထဲက လွတ်အောင်လုပ်ပြီး အိမ်မှာတင်ထား၊ ဆေးကုသပေးခဲ့ပါတယ်တဲ့။ (မှတ်ချက် - သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ၊ စာမျက်နှာ ၂၄၉-၂၅၂ ကို ကြည့်ပါ။)




ဦးကြီးမြင့်ကို ထောင်က လွှတ်ပေးဖို့ ဗိုလ်ချုပ် နေဝင်းကို အကူအညီ တောင်းတော့ နိုင်ငံရေး မြေခွေး ဗိုလ်ချုပ် နေဝင်းက အသာလေး ကြိုးရှည်ရှည်နဲ့ လွှတ်ထား ပေးလိုက်တာပေါ့။ တပ်ထဲမှာ ယှဉ်နိုင်တာ ရဲဘော် သုံးကျိပ်ဝင်ဆိုလို့ ဗိုလ်ချုပ် ကျော်ဇော တယောက်သာ ကျန်တာပဲ။

ဦးကြီးမြင့်ဟာ ကွန်မြူနစ်ပါတီရဲ့ စီစီ (ဗဟိုကော်မတီဝင်) ဦးကြီးမြင့်ကပဲ ဗိုလ်မှူးချုပ် ကျော်ဇောကို ပြန်လည် စည်းရုံးသွားတာပဲ။ ကွန်မြူနစ်ပါတီရဲ့ စီစီ တယောက်ကို ကွန်မြူနစ် ပါတီဝင်ဟောင်း စစ်ဗိုလ်ချုပ် အိမ်မှာ တင်ထားတာ သတိမထားမိဘဲ နေကြပါ့မလား? စစ်တပ်နဲ့ ရင်ဆိုင်တိုက်နေရတာက ကွန်မြူနစ်ပါတီ။ နောက်ဆုံး စီစီ (ဦး)ကြီးမြင့်ကို ထောင်ထဲမှာ ပီဘီ (PB) ဖြစ်လာတဲ့ (ဦး)လှသောင်းက ညွှန်ကြားပြီး စစ်ဗိုလ်ချုပ်ကြီး အိမ်ကနေပြီး ပါတီလုပ်ငန်းကို လျှို့ဝှက်လုပ်နေကြပါတယ်တဲ့။

ဗိုလ်ချုပ်နေဝင်းက အသာလေးအဆင်းတွန်းပေးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်ခဲ့တာပါ။

ဒါ့အပြင် ကျနော်ရဲ့ ဖခင်ဟာ ကွန်မြူနစ်တွေနဲ့ အားပြိုင်နေရတာကြောင့် ဗိုလ်ချုပ်နေဝင်းနဲ့ ပေါင်းရပေမယ့် တယောက်နဲ့ တယောက် မျက်စိဒေါက်ထောက် ကြည့်နေရတာပဲ။ ကွန်မြူနစ်တွေ အားသာပြီး ရန်ကုန်အစိုးရဖြစ်တော့ ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်လို့ ဗိုလ်ချုပ်နေဝင်း ပြောခဲ့တာကိုလည်း ဦးကျော်ငြိမ်း မမေ့ဘူး။

လက်ဝဲညီညွတ်ရေး ဖွဲ့စဉ်က ဗိုလ်ချုပ်နေဝင်းက ဥက္ကဋ္ဌ၊ ဦးသိန်းဖေမြင့်က အတွင်းရေးမှူးအနေနဲ့ အာဏာသိမ်းဖို့ ကြံစဉ်က ဗိုလ်ချုပ်နေဝင်းက လေတပ်ကို သုံးရင်သုံးဖို့ ဗိုလ်သိန်းတန်ကို ကိုင်ထားတယ်။ သစ္စွာရှိတဲ့ တပ်ကြပ်တယောက်က သတင်းပေးတာကြောင့် ဗိုလ်ချုပ်နေဝင်းကို ဗြောင်မေးခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း မပါတော့ အာဏာသိမ်းဖို့ အစီအစဉ်ပျက်သွားတယ်။ ဗိုလ်ချုပ်နေဝင်းက တခါ ဦးကျော်ငြိမ်းရဲ့ ညီတဝမ်းကွဲ ဦးထွေးမြင့် ကွန်မြူနစ်ဖြစ်နေတာနဲ့ ပြန်ကိုင်တဲ့အတွက် မဖမ်းချင်ဘဲ ဦးထွေးမြင့်ကို ဖမ်းရတယ်။ ဒါတွေက လူမသိသူမသိ (အာဏာ) ရဲ့ အားပြိုင်မှုတွေပဲ။ ဒါကြောင့် ဦးကျော်ငြိမ်းက ဗိုလ်ချုပ်နေဝင်းကို Balance လုပ်ဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို နိုင်ငံခြားမစ်ရှင်မှာ ခေါ်ခဲ့တယ်။
ဗိုလ်ချုပ်ကျော်ဇောက နိုင်ငံရေးရိုးလွန်းတော့ မအောင်မြင်ခဲ့ဘူး။


ဗိုလ်ချုပ်ကျော်ဇော အမြင်က ရန်ရှာတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ရန်မရှာတဲ့ ဗိုလ်ချုပ်နေဝင်းထက် အန္တရာယ်ကြီးတယ်လို့ သတ်မှတ်ခဲ့ပုံရတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့အောက်မှာ ဆိုရှယ်လစ်ဗိုလ်မှူးချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေရှိတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး ကြည်ဝင်းက ဦးဗဆွေကြီးရဲ့ မယားညီအကို၊ ဒုဗိုလ်မှူးကြီးကြည်ဟန်က ဦးကျော်ငြိမ်းရဲ့ ယောက်ဖ။ ဗိုလ်မှူးကြီးခင်ညိုက ဗိုလ်ခင်မောင်လေးရဲ့ ညီ။ ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ မဟာမိတ်ဖွဲ့မိရင် ဗိုလ်ချုပ်နေဝင်းကို Check mate လုပ်ဖို့ ကစားကွက်လှနိုင်တာပေါ့။

ဒါပေမဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် အက်ကြောင်းနဲ့ သံသယတွေကြောင့် မရခဲ့ကြဘူး။ ဝါဒရေး လွှမ်းမိုးမှုက ကြီးမားတာကိုး။

အနေဝေးကြတော့ တယောက်အကြောင်း တယောက်မသိတာလည်း ပါနိုင်ပါတယ်။ ကျနော်တို့ ညီအကို ဦးသန့် အရေးအခင်းမှာ ပါဝင်မှုနဲ့ အဖမ်းခံရတော့ ကျနော့်အဖေက ဗိုလ်ချုပ်နေဝင်းကို သားတွေအတွက် စာရေးပြောလိမ့်မယ်လို့ ဗိုလ်ချုပ်ကျော်ဇော မိသားစုက ထင်ခဲ့ကြတယ်။ တချို့နိုင်ငံရးသမားတွေကလည်း ဗိုလ်ချုပ်နေဝင်းဆီ စာရေးကြတဲ့ သာဓကတွေကလည်း ရှိကြတာကိုး။

ကျနော်တို့ရဲ့ ဖခင်ကြီးက နိုင်ငံရေး ဒူးမထောက်ခဲ့သလို ကျနော်တို့ကလည်း ထောင်ထဲမှာ အလံမလှဲခဲ့ကြဘူး။ လွတ်ရက်စေ့မှ ရင်ကော့ပြီး ထွက်ခဲ့ကြတာပါ။
ကျနော်က ဗိုလ်မှူးချုပ် ကျော်ဇောကို ၃ ပိုင်းခွဲ မြင်မိတယ်။
- (၁) လူသားထဲက လူတယောက်
- (၂) စစ်ဗိုလ်ချုပ်
- (၃) ကွန်မြူနစ်

(၁) ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရိုးသားတဲ့ လူသားတယောက်၊ ဖြောင့်မတ်တဲ့ လူသားတယောက်၊ တိုင်းပြည်ချစ်တဲ့ မျိုးချစ်တယောက်။ လေးစားစရာပါ။
(၂) စစ်တိုက်တော်တဲ့၊ ရိုးသားတဲ့၊ ဖြောင့်မတ်တဲ့ စစ်သားတယောက်။ ချီးကျူးစရာပါ။
စစ်တိုက်တော်တဲ့ စစ်ဗိုလ်ချုပ်ကို ကျနော် သိချင်တာမို့ မေးမိတယ်။ အန်ကယ်က Strategy မဟာဗျုဟာမှာ တော်တာလား? logistic တောက်ပံ့ရေးမှာ တော်တာလား? Tactics နည်းဗျူဟာမှာ တော်တာလားလို့? ဗိုလ်မှူးချုပ်ကျော်ဇောက ရိုးရိုးကြီး ဖြေတယ်။ အားလုံးမှာ တော်တာတဲ့။ ဟန်ဆောင်တာ မရှိဘူး။ ကျနော် လက်ခံပြုံး ပြုံးမိတယ်။

(၃) ကွန်မြူနစ်တယောက်အနေနဲ့တော့ ကျနော် အရိုးသားဆုံး ဝန်ခံရရင် စိတ်မကောင်း ဖြစ်မိတယ်။
တကယ့်အတွင်းနက်နက် လေ့လာကြည့်ရင် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်ပါတီတို့ရဲ့ ဆက်ဆံရေးဟာ အပေါ်ယံ၊ မီဒီယာမှာ မြင်ရထာထက် ရှုပ်ထွေးပါတယ်။ ကျနော့်အမြင်အရ ပြောရရင် ဗိုလ်ချုပ်ကျော်ဇောဟာ အသုံးချခံလိုက်ရတယ်လို့ မြင်မိတယ်။

ကွန်မြူနစ်ပါတီ ဗဟိုက ဗိုလ်မှူးချုပ်ကျော်ဇောမိသားစုကို တော်ဖြောင့်မှန်ကန်စွာ မဆက်ဆံခဲ့ဘူးလို့ မြင်မိတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောဟာ သခင်းစိုးအပြောကောင်းတာနဲ့ ကွန်မြူနစ်ဖြစ်ခဲ့ပုံရတယ်။ ဒုတိယအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင် ဖြစ်နေပြီ။ သခင်စိုးက လက်နက်ကိုင် တော်လှန်ရေးသမား။ ဒါကြောင့် စစ်ဗိုလ်ဆိုရင် အလေးပေးဆက်ဆံတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ဘာကြောင့် တောမခိုသလဲ ?

ဗိုလ်မှူးချုပ်ကျော်ဇောက သူ တီဘီ (အဆုတ်) ရောဂါနဲ့ ဆေးကုနေရလို့ တောမခိုခဲ့ဘူးလို့ ရေးခဲ့တယ်။ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ စာမျက်နှာ ၂၅၁ မှာ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုက တောခိုဖို့ ညွှန်ကြားတော့ လက်နက်ကိုင် တောခိုတာ မှားတယ်လို့ မြင်ပြီး ငြင်းလိုက်တယ်။ ဒါနဲ့ သူ့ကို ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုတယ်။ မိသားစုတဦးရဲ့ အဆိုအရ သခင်သန်းထွန်းကို မယုံတာကြောင့်လို့ သိရတယ်။

ကျနော် ယူနန်ရောက်မှ သိရတာက ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုစိတ်ကြောင့် သခင်သန်းထွန်းတို့အုပ်စု ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကို အမြင်မကြည်တာလို့ သိရတယ်။

ဒါကြောင့် ဗိုလ်မှူးချုပ်ကျော်ဇောဟာ ပါတီနဲ့ အဆက်အသွယ်ပြတ်နေရုံမက စိတ်နာပြီး သခင်တင်မြ မြေအောက်လှုပ်ရှားစဉ်က အတွေ့မခံခဲ့ဘူး။ ဦးကြီးမြင့်ကို ကယ်ပြီးမှ ပြန်လည်စည်းရုံးခြင်း ခံခဲ့ရတာပါ။ ထောင်ထဲမှာပဲ ပီဘီ (PB) ပေါ်လစ်ဗျုရိုဝင် ဖြစ်လာတဲ့ ဦးလှသောင်းရဲ့ ညွှန်ကြားချက်နဲ့ ထောင်ထဲမှာ စီစီ (CC) ဖြစ်လာတဲ့ ဦးကြီးမြင့်က ဗိုလ်ချုပ်ကျော်ဇော အိမ်မှာနေပြီး၊ ရတဲ့ သတင်းတွေကို ပို့ခဲ့ပါတယ်တဲ့။ ဗိုလ်ချုပ်ကျော်ဇောနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဘယ်လိုမိသွားသလဲဆိုတာ သခင်တင်မြစာအုပ်မှာ ဖက်ကြည့်ကြပါ။ စိတ်ဝင်စားစရာ ကောင်းသလို၊ သင်္ခန်းစာယူစရာ ကောင်းတာတွေ တွေ့ရပါလိမ့်မယ်။

ဒီစာရွက်စာတမ်းတွေ မိတာသိလျက်နဲ့ သခင်သန်းထွန်းတို့က ဗိုလ်မှူးချုပ်ကျော်ဇောကို အသိမပေးခဲ့ဘူး။ ဗိုလ်မှူးကြီးကြည်ဝင်းက ဗိုလ်မှူးချုပ်ကျော်ဇော ရုံးခန်းအရှေ့ကဖြတ်ပြီး ဒီစာရွက်စာတမ်းတွေကို လာယူသွားခဲ့တာတဲ့။ ကြိုသိရင် IO (Intelligence-Officer) စစ်ဗိုလ်ကို ဗိုလ်မှူးချုပ်ကျော်ဇောအနေနဲ့ တားနိုင်ရင် တားနိုင်မှာပေါ့။ ဒါလည်း ကူမင်းရောက်မှ သိခဲ့ရတာပါ။
ဗိုလ်ချုပ်ကျော်ဇောဟာ သူရဲကောင်း (ဟီရိုး) မို့လို့ ကွန်မြူနစ် ဝါဒဖြန့်ချိရေးအရ Larger Than Life ပုဂ္ဂိုလ်ဖြစ်အောင် မြှင့်တင်ဖန်တီးခဲ့ပေမယ့် တကယ်တမ်း တောခိုလာတော့ ဗဟိုက အပြည့်အဝ မယုံကြည်ခဲ့ဘူးလို့ ထင်တယ်။

တောခိုကျောင်းသားဟောင်းတွေ ရေးတဲ့ ထို့ကြောင့်ဤသို့ (သံပတ်ပေးထားသော စက်ရုပ် သို့မဟုတ် ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ စာမျက်နှာ ၅၄၃ အဆိုအရ) ဗိုလ်ချုပ်ကျော်ဇောခမျာ စစ်မြေပြင်၊ ပကတိအခြေအနေတောင် ပေးသိမခံရလို့ ဆိုထားပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အခြေစိုက်ရာ ပန်ဆိုင်းကို စွန့်စွန့်စားစားသွားခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ အတူနေကာ (လ) နဲ့ချီပြီး ဆွေးနွေးခဲ့တဲ့ ဗာတဲလ်လစ်တနာ Bertil Litner ရေးတဲ့ Land of Jade, The Rise & the fall of CPB, Burma in Revolt တို့ကို ဖတ်ကြည့်ပါ။ ပါတီဗဟိုက ဗိုလ်ချုပ်ကျော်ဇောကို ထိုက်ထိုက်တန်တန် တပ်နီတော်ကြီးကို ဗိုလ်ချုပ်ကျော်ဇောလက်ထဲကို ယုံယုံကြည်ကြည် အပ်နှံပြီး ဦးစီးမှူးတာဝန် မပေးခဲ့တာကို သိရပါလိမ့်မယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ကွန်မြူနစ်နယ်မြေကို လွတ်မြောက်လာတာဟာ ဗိုလ်ချုပ်နေဝင်းက တမင်လွှတ်ပေးလိုက်တာလို့ Bertil Litner က သူ့အမြင်ကို စာရေးသူကို ဆွေးနွေးဖူးပါတယ်။
ကွန်မြူနစ် - ပီဖီရဲ့ အမိန့်ကို ဆန့်ကျင်ပြီး ဆိုရှယ်လစ် စစ်ဗိုလ်တွေ ဦးစီးတဲ့ စစ်တပ်မှာ တဦးထဲ ကျန်ခဲ့တဲ့ ကွန်မြူနစ် ဗိုလ်ချုပ်ဟာ ဆိုရှယ်လစ်စစ်တပ်မှာ တပ်ကို ကိုင်ပြီး တိုက်ခွင့်ရသေးတယ်။
ကွန်မြူနစ်တပ်နီတော်မှာ တိုက်ခွင့် မရတော့ပါ။

ရာဇဝင်ကြီးခဲ့တဲ့ နာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးကို ဘာကြောင့် ဦးစီးပြီး မတိုက်ခိုင်းတာလဲ?

တိုက်ပွဲအတွေ့အကြုံနုတဲ့ လူက စစ်ဦးစီးချုပ်နေရာယူပြီး စစ်ပွဲအတွေ့အကြုံ ဝါရင့်သဘာရင့် စစ်ဗိုလ်ချုပ်ကိုတော့ ဒုစစ်ဦးစီးချုပ်ဆိုပြီး သုတေသနလုပ်ခိုင်းထားပါတယ်တဲ့။

ကွန်မြူနစ်ဗဟိုကသာ အာဃာတစိတ်ကို ရှေ့တန်းမတင်ဘဲ ဗိုလ်ချုပ်ကျော်ဇောလို ပုဂ္ဂိုလ်မျိုးကို တပ်ကို ယုံယုံကြည်ကြည် ပုံအပ်ပြီး စိတ်တိုင်းကျ တိုက်ခွင့်ပေးခဲ့ရင် ဗမာပြည်ရာဇဝင် ပြောင်းနိုင်တဲ့ အခြေအနေ ရှိခဲ့တာပေါ့။


ကွန်မြူနစ်တွေရဲ့ အနောက်မြောက်က တပ်တွေနဲ့ ပဲခူးရိုးမက တပ်တွေ ချိပ်မိခဲ့ရင် …။

ကွန်မြူနစ်ပါတီအတွင်း သခင်သန်းထွန်းရဲ့ အာဃာတအမျက်ဟာ အတော်ပြင်းထန်တယ်။ အခုထိ အကျိုးသက်ရောက်လျက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

အမိန့်ဖီဆန်မှုနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ပါတီဝင်အဖြစ်က ထုတ်ပစ်ခဲ့တယ်။ အကျိုးဆက်က ပါတီကို အကျိုးပြုခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗဟိုက မယုံလို့ တပ်ကိုင်ခွင့် မရခဲ့ရှာဘူး။
xxxxxxxx

အခုထိ ဆိုရှယ်လစ်တွေကို အခဲမကြေနိုင်ကြသေးဘူး။ ဦးကျော်ငြိမ်းကြောင့် အာဏာလက်လွတ်ခဲ့ရတယ်လို့ ခေါင်းထဲ စွဲနေကြတုန်းပဲ။ ဦးကျော်ငြိမ်းကို ပြည်တွင်းစစ် တရားခံဖြစ်အောင် ဝိုင်းတိုက်ကြတုန်း။

ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေရဲ့ ပဋိပက္ခက နက်ရှိုင်းခဲ့တာကိုး။ အာဏာပြိင်ပွဲမှာ ရှုံးခဲ့သူတွေက ပိုနာကြည်းမယ်ဆိုတာကို သိပေမယ့်လည်း …။

ဗိုလ်ချုပ်နေဝင်း ၂၆ နှစ် အုပ်ချုပ်ပြီးတော့ နအဖနဲ့ ဗိုလ်ချုပ်သန်းရွှေခေတ်ပဲ အနှစ် ၂ဝ ရှိခဲ့ပြီ။ ကွန်မြူနစ် ဒေါသက မပြယ်နိုင်သေးပါလား။

ကျနော် စိတ်မကောင်း ဖြစ်မိတာက ကျနော်လေးစားတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောမှာပါ ဒေါသကျန်နေတာကို တွေ့ရလို့ပါ။

ဗိုလ်ချုပ်ကျော်ဇောက သူရဲ့ ကိုယ်တွေ့မှတ်တမ်းမှာ ---
ဦးကျော်ငြိမ်းဟာ ဂျပန်တော်လှန်ရေးတုန်းက တိုင်း ၆ မှာ တာဝန်ကျတာကို မသွားခဲ့ဘူး၊ သူရဲဘောနည်းတယ်လို့ စွပ်စွဲခဲ့တယ်။
ကျနော် ဘာကြောင့် ပြန်ဖြေရှင်းသင့်သလဲ ?
Critical Thinking ကို လက်ခံတဲ့ လူတယောက်အနေနဲ့ ဖခင်ဖြစ်လို့ မျက်စိမှိတ် ထောက်ခံခြင်း မဖြစ်သင့်ပါ။ အချက်အလက် Facts ပေါ်မှာ အခြေခံရင် ဝေဖန်ရုံမက တိုက်ခိုက်လာရင်တောင် လက်ခံရမှာပဲ။

ကူမင်းမှာ အခြေအတင် ဆွေးနွေးကြရင်း ဒေါက်တာလှကျော်ဇောက ဆိုရှယ်လစ်တွေ သတင်းစာတိုက်တွေကို ဝင်ရိုက်တာကို ဖော်ထုတ်လာတယ်။ ကျနော်က မကာကွယ်ခဲ့ပါ။ ဒီလုပ်ရပ်ဟာ မှားတယ်ဆိုတာကို လက်ခံတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းရေးတဲ့ ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ စာအုပ်မှာ ဦးကျော်ငြိမ်းကိုယ်တိုင် နောင်တရကြောင်း ဖော်ပြခဲ့တာပဲ။ ဒါက အာဏာရဲ့ ကြောက်စရာကောင်းတဲ့ သာဓက တခုပဲ။

ဒီမိုကရေစီအောက်မှာ အာဏာလွန်တော့ သတင်းစာတိုက်တွေ အရိုက်ခံရတယ်။ပစ္စည်းမဲ့ အာဏာရှင်စနစ်အောက်မှာ အာဏာလွန်တော့ ဖြုတ်-ထုတ်-သတ်တွေ ဖြစ်ကုန်ရော မဟုတ်ပါလား?



ကြုံလို့ပြောရရင် - သခင်တင်မြဟာ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာစာအုပ်မှာ ဦးကျော်ငြိမ်းဟာ ရက်စက်လိုက်တာလို့ ထောင်တွင်း အဖြစ်အပျက်ကို ရည်ညွှန်း - ဖော်ပြရင်းစွပ်စွဲခဲ့တယ်။
ဒါက သူ့ရဲ့ သဘောထား ထောင်တွင်းမှာ ကိုယ်တိုင် ခံစားမှုအရ ဖြစ်ပေါ်လာတဲ့ ခံစားမှု တင်ပြခံစားခွင့် ရှိတယ်လို့ မြင်မိတယ်။

တဖက်က ပြန်ကြည့်ရင် အစိုးရနဲ့ သူပုန် အပြန်အလှန် ချေမှုန်းရမယ်။ ဒါ ပကတိ (အာဏာ) ရဲ့ ဖြစ်ရပ်။ အစိုးရဖြစ်ပြီဆိုရင် ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးတာဝန် ရှိလာတယ်။ စပ်တပ်ရှိရမယ်။ ပုလိပ်ရှိရမယ်။ ပြည်ထဲရေးဝန်ကြီး တာဝန်ယူရရင် ဖမ်းမိန့်ပေးရမယ်။ ဒီမိုကရေစီပေါ်ထွန်းရုံမက ဒီမိုကရေစီ အခြေတွယ်မှ (ဥပဒေ) အရ ဆိုတာတွေနဲ့ ထိန်းကွပ်နိုင်မယ်။ သူပုန်တွေ ဝိုင်းနေတဲ့ ခေတ်ဦးကာလမှာ (ဥပဒေ) နဲ့ အာဏာရှိသူတို့ကို ထိန်းကွပ်ဖို့ အခြေအနေက မပေးလှ - အသက်ရှင်ရေးက အဓိက ပိုကျလာတယ်။

ဒီမိုကရေစီခေတ်က (ထောင်) အခြေအနေ၊ မဆလခေတ်နဲ့ ယနေ့ နအဖ ခေတ် ထောင်အခြေအနေကို ယှဉ်ကြည့်ပါ၊ သုံးသပ်ကြည့်ပါ၊ သခင်တင်မြရာလို့သာ တင်ပြချင်ပါတယ်။

နဝတ-နအဖ ထောင်တွင်း ငရဲခန်းတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြပြီး သတ္တိရှိရှိ ဗိုလ်ချုပ်သန်းရွှေ ရက်စက်တယ်ဗျာလို့ ကြွေးကြော်ပေးပါဦးလို့သာ တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်တင်မြကို တောင်းဆိုချင်ပါတယ်။



ဦးကျော်ငြိမ်းက ပြည်ထဲရေးဝန်ကြီးဖြစ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ရပါ။

ဆိုရှယ်လစ် ဥက္ကဋ္ဌကြီး သခင်မြကို ဦးစားပေးခဲ့ပါတယ်။ ကွန်မြူနစ်တွေ ဆူပူမှုကို ကိုင်တွယ်ဖို့ ပြတ်သားတဲ့ အုပ်ချုပ်မှု (နိုင်) တဲ့ လူ လိုတယ်။ ဥက္ကဋ္ဌကြီးသခင်မြက သဘောကောင်းလွန်း၊ (ပျော့) တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ယူဆတယ်။ ကျော်ငြိမ်း မင်းကိုင်လို့ ဗိုလ်ချုပ်က ဆိုလာတယ်။ ဦကျော်ငြိမ်းက သူ့ဥက္ကဋ္ဌကို မကျော်ချင်။ ဦကျော်ငြိမ်းရဲ့ Latin လို (Modus Operandi)၊ အင်္ဂလိပ်လို Mode of Operation လုပ်နည်းကိုင်နည်းက နောက်ကွယ်ကသာ ကြိုးဆွဲချင်တယ်။ ရှေ့ထွက်နေရာ မလိုချင်။ ဦကျော်ငြိမ်း ဇနီး ဒေါ်နွဲ့နွဲ့ရီက နိုင်ငံရေးနားလည်တယ်။ “ရှင် … ပြည်ထဲရေးဝန်ကြီးနဲ့ စထွက်ရင် နာမည်ပျက်မယ်” လို့ သတိပေးတယ်။ အစည်းအဝေးမှာ ဦးကျော်ငြိမ်းက ငြင်းလိုက်တယ်။

ဗိုလ်အောင်ကြီးက ဒေါ်နွဲ့နွဲ့ရီကို လာဆူပူအပြစ်တင်တယ်။ (မှတ်ချက် - ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်ရေးမှတ်တမ်းမှ)

ဒါ ပါတီက ဆုံးဖြတ်တာလို့ ဆိုတယ်။ နောက်ဆုံး ဖဆပလ အီးစီ (EC) ဆုံးဖြတ်ချက်ကို လက်ခံ လိုက်ရတယ်။ ကွန်မြူနစ်တွေ ဦးစီးတဲ့ ဆန္ဒပြပွဲ ဆန်လုပွဲမှာ အရှေ့က မိန်းမနဲ့ ကလေးတွေကို မပစ်နဲ့၊ နောက်က ကွန်မြူနစ်တွေကို ပစ်လို့ ဗြောင်ကြေညာမှ ရပ်သွားတယ်။

ထင်တဲ့အတိုင်း ပြည်ထဲရေးဝန်ကြီး အလုပ်က နာမည်ပျက်တယ်။ ဦးကျော်ငြိမ်း မသိလို့မဟုတ် တာဝန်ကို မရှောင်နိုင်။

ဗိုလ်ချုပ်အောင်ဆန်းက သတ္တိရှိတယ်။ ဦးကျော်ငြိမ်း ကိစ္စဆိုပြီး မိန့်ခွန်းပေးရင်း အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဦးကျော်ငြိမ်း လုပ်ရတာလို့ တာဝန်ခံတယ်။ မရတော့ (မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများစာအုပ် (မကျေနပ်ရင် ထွက်ပေးမယ်) မိန့်ခွန်း စာမျက်နှာ ၃၂၁ -၃၂၂ တွင် ကြည့်ပါ။)
ကွန်မြူနစ်တွေရဲ့ ပစ်မှတ် အဖြစ်ခံရပြီ။

အာဏာဆိုတာက ကြောက်စရာကောင်းတယ်။

တိုင်ပြည်အာဏာ မပြောနဲ့ တောထဲမှာပင် လူ လေးရာ ထောင်ဂဏန်းထဲမှာတောင် အာဏာကြောင့် အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ခဲ့ကြတယ် မဟုတ်ပါလော? ရဲဘော်ဋ္ဌေးခမျာ မိမိသားအရင်း လက်ချက်နဲ့ သေခဲ့ရတယ် မဟုတ်ပါလော?

ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ တိုက်ပွဲမှာ အတူရှိလို့ ကိုယ်တွေ့ အတွေ့အကြုံအရ - ဦးကျော်ငြိမ်းကို သတ္တိမရှိလို့ စွပ်စွဲလာရင် ငြင်းဆိုစရာ မရှိပါ။
အခု ဗိုလ်မှူးချုပ်ကျော်ဇောက တိုင်း ၄ ပဲခူး၊ ဦးကျော်ငြိမ်းက ရန်ကုန်မှာ။

ဦးကျော်ငြိမ်း ဘာကြောင့် တိုင်း ၆ ကို မသွားဘဲ ရန်ကုန်မှာ နေရတယ်ဆိုတဲ့ အကြောင်းတွေထဲမှာ အရေးပါတဲ့ အကြောင်းတခုက ရန်ကုန်မှာ လုပ်ဖော်ကိုင်ဖက် ဦးဘဆွေကြီး အဖမ်းခံရတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်က ရဲဘော်ထိရင်မရ။ ဆိုရှယ်လစ် ရဲဘော်အချင်းချင်း အသေမခံနိုင်။ အထူးသဖြင့် ဦးဗဆွေလို ရောင်းရင်းမျိုး၊ တဖက်မှာ ကွန်မြူနစ်တွေရန်က ရှိသေးတယ် မဟုတ်ပါလား? ဦးနုကို ကပ်ပြောကာ၊ ဒေါက်တာဘမော်ကို အကူအညီ တောင်းရတယ်။ ဝင်လုဖို့ ကြံစည်ရတယ်။ အဲဒီတုန်းက ဇနီးသည်က ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့။ ကိုကို သေခဲ့ရင် ကလေးတွေကို ချစ်ကြောင်း ပြောပေးပါလို့ မှာခဲ့ရှာတယ်။ သေမယ်၊ မသေမယ် မပြောနိုင်။ (မှတ်ချက်။ ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်တွေ့မှတ်တမ်းမှ)

ကင်ပေတိုင်ကလာအဖမ်း နောက်ပေါက်ကနေ ထွက်ပြေးခဲ့ရတယ်။ ဦးနုရဲ့ တာတေစနေသားမှာလည်း ဖော်ပြထားပါတယ်။


ထိုစဉ်က ဖြစ်ရပ်တွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ တဦးကိုတဦး မယုံကြည်မှုများလည်း ပါပါတယ်။ တပ်ကိုကိုင်ထားသူက ပြိုင်ဘက်အဖွဲ့က ဖြစ်နေရင် မိမိလုံခြုံရေးကို စိတ်မချနိုင်။


ဖက်ဆစ်တော်လှန်ရေး စစ်တိုင်းတွေခွဲကြတော့ ပထမ စစ်တိုင်းမှူးတွေကို ရွေးပြီးမှ နိုင်ငံရေးမှူးတွေကို ရွေးပါတယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့မှတ်တမ်းအရ ဗိုလ်မှူးချုပ်ကျော်ဇောက ဦးကျော်ငြိမ်းကို သူ့တိုင်းလာဖို့ ဖိတ်ခေါ်တယ်။ ဦကျော်ငြိမ်းအတွေးက ဗိုလ်ချုပ်ကျော်ဇောက ကွန်မြူနစ် ဗိုလ်ရဲထွဋ်က ကွန်မြူနစ် အပြည့်အဝ မဖြစ်သေး။ ဗိုလ်ရဲထွဋ်က ပိုစိတ်ချရနိုင်တယ်တွေးလို့ ဗိုလ်ရဲထွဋ်တိုင်း သွားမယ်ဆိုပြီး ပြောခဲ့တယ်။ သခင်ချစ်က ဒါဆို ကျုပ် ဗိုလ်ကျော်ဇောဆီ သွားမယ်ဆိုပြီး အဆင်ပြေသွားကြတယ်။ (မှတ်ချက်။ ဦးကျော်ငြိမ်း၏ ကိုယ်တွေ့မှတ်တမ်းမှ)

တိုင်းတွေအတွက် စစ်ရေးတာဝန်ခံ၊ နိုင်ငံရေးတာဝန်ခံတွေ ခွဲပြီးပြီ။ တကယ်တိုက်ကြတော့ အားလုံးစီစဉ်တဲ့အတိုင်း ဖြစ်မလာ။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်း ၁ စစ်ရေးတာဝန်ခံ၊ ကိုဗဟိန်းက တိုင်း ၁ နိုင်ငံရေး တာဝန်ခံ။

လက်တွေ့ကျတောာ့ ဗိုလ်ချုပ်ဟာ တော်လှန်ရေးတခုလုံးကို ခေါင်းဆောင်နေရလို့ ဗိုလ်မောင်မောင် (ဆိုရှယ်လစ်) ကို စစ်တိုင်းတာဝန်ယူစေတယ်။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွားတော။့ ဦးကျော်ငြိမ်းကိုယ်တိုင် ရေးသွားတဲ့အတွက် သိခဲ့ရတာပါ။ ဒီအဖြစ်က ရာဇဝင်မှာ သိပ်မထင်ပေါ်ခဲ့။

စာပေသမားအများစုက လက်ဝဲယိမ်းတာမို့ ဖုံးဖိခဲ့ကြသလားမသိ? ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တွေ့တော့ ဒီဖြစ်ရပ်ကို မေးကြည့်တယ်။
ဒါတော့ သူ နေမကောင်းလို့ သူ့နေရပ် သူပြန်သွားတာဖြစ်မှာပေါ့လို့ ချက်ချင်း ဖြေတယ်။

ကိုကျော်ငြိမ်းက ဦးဗဆွေကြီးကို ကယ်ဖို့ ရန်ကုန်မှာ ကျန်ခဲ့တယ်။ တာဝန်ကျရာ တိုင်း ၆ ကို မသွား။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွား။ တယောက်က သတ္တိနည်းသူတဲ့၊ တယောက်ကျတော့ ကျန်းမာရေးကြောင့်တဲ့။

ကျနော်အမြင်အရ ဗိုလ်ချုပ်ကျော်ဇောအနေဖြင့် တယောက်အကြောင်းမှ အတိအကျ မသိနိုင်ပါ။ ကိုယ့်တာဝန်နဲ့ ကိုယ် အလုပ်များနေကြသူတွေ ဖြစ်တယ်။ အန်ကယ် မသိဘူးဆိုရင် ပိုအဖြေမှန်ပါလိမ့်မယ်။

ကျနော့်အမြင်ကို ဖြည့်စွက်ရရင် ဦးကျော်ငြိမ်း ကွန်မြူနစ် စစ်ဗိုလ်တွေကို စိတ်မချသလို ကိုဗဟိန်းက ဆိုရှယ်လစ် စစ်ဗိုလ်ကို စိတ်မချ။ တဖက်နဲ့တဖက် မယုံနိုင်ကြ။ ရာဇဝင်ကို အမှန်အတိုင်း ဖြစ်စေချင်လို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ စောဒက တက်စရာရှိပါသေးသည်။ ဒီကနေ့ အပြင်မှာ အော်နေကြသူတွေနဲ့ အထဲမှာ လှုပ်ရှားနေကြသူတွေမှာ ဘယ်သူတွေက အန္တရာယ်ကြီးမားတယ်လို့ ထင်ပါသလဲ။ သတ္တိရှိသူလို့ ယူဆနိုင်ပါသလဲ။ ဖက်ဆစ် ဂျပန်ကြားမှာ လှုပ်ရှားရခြင်းက အန္တရာယ်မသေးပါ။

(သတ္တိ) ဆိုသည်မှာ ရင်ဆိုင်တိုက်ရတဲ့ စစ်ပွဲတွင်မှမဟုတ်၊ ထောင်ထဲမှာ ရန်သူရဲ့ အညှဉ်းဆဲခံရတော့ (သတ္တိ) ရှိမရှိ ပေါ်လာပြန်ပါတယ်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးစကာလ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်း၊ နိုင်ငံရေးပါတီတွေကို နှိမ်နင်းစဉ်၊ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဦးကျော်ငြိမ်းဟာ အညှဉ်းဆဲ အခံရဆုံး နိုင်ငံရေး ခေါင်းဆောင်တယောက်လို့ ဆိုနိုင်ပါတယ်။ cage လို့ ခေါ်တဲ့ လှောင်အိမ်ထဲမှာထားပြီး အညှဉ်းခံခဲ့ရပါတယ်။

အာဏာသားကတော့ ဗိုလ်မှူးကြီ်းသန်းညွန့်ပါ။ ထိုစဉ်က စစ်တပ်ထဲမှာ သန်းညွန့် ၂ ယောက် ရှိပါတယ်။ အရမ်းသန်းညွန့်နဲ့ ရှီကာဂို သန်းညွန့်။ ဦးကျော်ငြိမ်းကို နှိပ်စက်သူမှာ အရမ်းသန်းညွန့် ဖြစ်ကြောင်း မှတ်တမ်းတင်ပါရစေ။ ဦးတင်မောင်ဝင်းရဲ့ (နိုင်ငံရေးသမားနဲ့ နိုင်ငံရေး) စာအုပ်၊ စာမျက်နှာ ၃၃၁ မှ ၃၃ရ၊ ရေကြည်အိုင်မှ ဇာတ်လမ်းများတွင်လည်း တပိုင်းတစ ဖော်ပြထားပါသည်။)

ဦးကျော်ငြိမ်းရဲ့ သွေးစွန်းနေတဲ့ ကော်လာပြတ် အဖြူရောင် ရှပ်အင်္ကျီကို ယနေ့ထက်တိုင် အမှတ်တရ သိမ်းထားပါတယ်။ ဒါ ကျနော်တို့ မိသားစုအတွက် မမေ့ပျောက်နိုင်တဲ့ သက်သေတခုပါ။

ကျနော်သိသမျှ တင်ပြရပါရင် ဦးကျော်ငြိမ်းနဲ့အတူ ဗိုလ်လကျာ်၊ ဗိုလ်စင်္ကြာ၊ ဗိုလ်မှူးထွန်းတင်နဲ့ UMP တပ်မှူးဟောင်းတွေ၊ အောင်ပင်လယ်ဦးသိန်းဖေ အစရှိတဲ့ စစ်အာဏာရှင် ဆန့်ကျင်ကြသူတွေက စစ်အာဏာရှင် ပြုတ်ကျရေးကို စဉ်းစားခဲ့ကြပါတယ်။

စစ်တပ်က နောင်မလုပ်ရဲအောင် ကျနော့်အဖေကို ရှေ့တန်းတင်ကာ Show Trial လုပ်ပြီး အပြစ်ပေးဖို့ အစီအစဉ် လုပ်လာပါတယ်။ (မှတ်ချက်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို စတေးခဲ့သည့်အတွက် ယနေ့အထိ စစ်တပ်တွင် တန်ပြန်အာဏာသိမ်းမှု မပေါ်ပေါက်တော့ပါ။ ဦးနေဝင်း၏ တွေးနည်းနှင့် လုပ်ကွက်ကို ချင့်ချိန်အောင် တင်ပြခြင်းပါ။)

ဦးကျော်ငြိမ်းအမှုကြီးတာကတော့ တကယ် မှန်ပါတယ်။ ဦးဝင်းကို အပြည့်အစုံ ထုတ်မပြောခဲ့တာက လေးစားမှုကြောင့် အမှုမပတ်သက်စေချင်လို့ပါ။ ဗိုလ်စင်္ကြာ ဝင်တည်းသွားတဲ့အမှုနဲ့ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်) အဖမ်းခံရပါတယ်။

ကျနော်က အဲဒီတုန်းက ၈ တန်းကျောင်းသား။ အဖေက နောက်ဆုံးကောင်းမှု လုပ်ဖို့ စိတ်ဖြစ်လို့ ထင်ပါတယ်၊ သားတွေကို ရှင်ပြုလိုက်ပါတယ်။ အမေက သာသနာ့ရိပ်သာမှာ ကျနော်တို့ ညီအကိုတွေကို သင်္ကန်းစီးပေးခဲ့ပါတယ်။

ကျနော့်ဖခင်ကြီးခမျာ နောက်ဆုံး သတ်သေဖို့ ကြိုးစားခဲ့ရာ ဗိုလ်ချုပ်နေဝင်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ ခွေခွေလေး ပုံလျက်လဲနေတဲ့ ကျနော့်အဖေကို တွေ့သွားရာ စိတ်လည်ပြီး အစီအစဉ်အားလုံးကို ဖျက်မိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

တချိန်က ဖဆပလ အဖွဲ့ကြီးမှာ အပြိုင်ဖြစ်ခဲ့ကြလို့ ရန်ဆောင်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းရဲ့ ဖခင်ကြီး ဦးဝင်းနဲ့ ဦးကျာ်ငြိမ်းတို့ ထောင်ထဲမှာ ယုံကြည်မှုအပေါ် ရပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားအချင်းချင်း ပြန်လည်သင့်မြတ် အပြန်အလှန် လေးစားခဲ့ကြတယ်။

“ဒီကနေ့ နိုင်ငံရေးသမားတွေတွေထဲမှာ ဘယ်သူ့ကို မင်း အလေးစားဆုံးလဲ” လို့ မေးလာရင် “ဦးကျော်ငြိမ်းတယောက် ထိပ်ဆုံးက ပါသည်” လို့ ဖြေပါမယ်လို့ ဦးတင်မောင်ဝင်းက ရေးသွားခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ လောကမှာ အတိအကျ မသိကြပေမယ့်လည်း အနည်းနဲ့ အများ ဦးကျော်ငြိမ်း အနှိပ်စက်ခံခဲ့ရတာကို သိကြပါတယ်။ ကွန်မြူနစ်တွေအကြားတော့ မသိပါ? မသိတာလား? မသိချင်တာလား? ဆိုတာကို ခွဲခြားဖို့ ခက်ပါတယ်။


ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်တွေသာ သံသယနဲ့ အမြင်စောင်းကြတယ်လို့ မဆိုနိုင်ပါ။ ဆိုရှယ်လစ်တွေမှာလည်း အပြစ်မကင်းလို့ ဆိုနိုင်ပါတယ်။ ရန်ကုန်ဗဆွေနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ရဲ့ ရေးသားချက်တွေမှာလည်း ကွန်မြူနစ်တွေကို အထင်သေးတာတွေ ရှိပါတယ်။



ဂျပန်တော်လှန်ရေး မစခင်ပင် သခင်သန်းထွန်းနဲ့ ကွန်မြူနစ်တွေ ဂျပန်ရန်က ကင်းလွတ်ဖို့ ရန်ကုန်ကနေ ရှောင်ပြေးကြပြီလို့ ဦးကျော်ငြိမ်းကိုယ်တိုင် သံသယနဲ့ ရေးခဲ့ဖူးပါတယ်။

အမှန်က တော်လှန်ရေးကို ဘယ်ပါတီကမှ (မပိုင်) ပါ။

ပုဂ္ဂိုလ်တဦးတယောက်ထဲကလည်း (မပိုင်) ပါ။

တိုင်းပြည်နဲ့ လူမျိုးကို ချစ်စိတ်နဲ့ အရဲစွန့်၊ အသက်စွန့်ကာ တော်လှန်ရေးကြီးမှာ ကိုယ်နိုင်တဲ့ အခန်းကဏ္ဍ ကနေ ဝင်ပါခဲ့ကြတာပါ။

လွတ်လပ်ရေးကာလ ရာဇဝင်ကို ရေးကြရာမှာ စာရေးသူအများစုက ကိုယ်ပါခဲ့တဲ့ အခန်းကဏ္ဍနဲ့ သိဖူး ကြားဖူးတာလေးတွေပဲ ရေးကြတာပါ။ အပိုင်းအစတွေသာ ဖြစ်ကြပါတယ်။

ရာဇဝင် သုတေသီတွေကမှ စာအုပ်စာတမ်း မြောက်မြားစွာကို ဖတ်ရှုလေ့လာပြီး ဘက်လိုက်မှုမပါဘဲ (Professional ဖြစ်ခဲ့ရင်) မှတ်တမ်းအတွက် တင်ပြကြရပါတယ်။

ကျနော်ဟာ အဖေ့အကြောင်းကို ရေးနိုင်ဖို့ စာအုပ်စာတမ်း မြောက်မြားစွာကို ရှာဖွေဖတ်ရှုရုံမက အချိန်ပေး သုတေသန ပြုခဲ့ရပါတယ်။ အဖေတို့ခေတ်က လူကြီးတွေ ပြန်ပြောကြတာတွေ၊ ဆွေးနွေးကြတာတွေ ကတဆင့် သိခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အများကို မထုတ်ဖြစ်တဲ့ စာတမ်းတွေ (Unpublished documents) ကို ကျနော် စုဆောင်းထားပါတယ်။

လူငယ်တွေကိုလည်း ဘက်စုံအမြင်ကို ယူပြီးမှ Full-Context အနေနဲ့ ကြည့်စေချင်ပါတယ်။

အမှန်က ရဲဘော်သုံးကျိပ်ကို တာဝန်ယူ လွှတ်သူများမှာ ယူဂျီလို့ခေါ်တဲ့ မြေအောက် တော်လှန်ရေးသမား ဖြစ်ပါတယ်။ တကသ ကောလိပ်ကျောင်းသားတွေနဲ့ သခင်မြရဲ့ တို့ဗမာ အစည်းအရုံးဝင်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ ကိုဗဟိန်း၊ သခင်ချစ်တို့ ပါဝင်ခဲ့ကြတယ်၊ ပြည်သူ့ အရေးတော်ပုံ ပါတီလို့ ခေါ်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးတယ်။ ဂျပန်အတွက် လူလွှတ်တော့ အဖွဲ့စုံအောင်ပါဖို့ သတိပေးတယ်။ ဒေါက်တာဘမော် အဖွဲ့ကိုတောင် လျှို့ဝှက် အစည်းအဝေးကို ဖိတ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဦးကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ရန်ကုန်မှာ ခေါင်းဆောင်အဖြစ် ကျန်ခဲ့ကြတယ်။ သခင်ချစ်ဟာ ကွန်မြူနစ်ပါတီမှာ ယူဂျီ ဘိုးအေဖြစ်လာပါတယ်။ သတ္တိမရှိဘဲ၊ဲအသက်မစွန့်ရဲဘဲ ယူဂျီခေါင်းဆောင် မဖြစ်နိုင်ပါ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သားမက် - ၈၈၈၈ အပြီး အဖမ်းခံရတဲ့ ကွန်ုမြူနစ်ပါတီ် (အထက်ဗမာပြည်) ယူဂျီခေါင်းဆောင် ဦးသက်ခိုင် တယောက်ကိုသာ မေးကြည့်ကြပါ။

အသက်ပေး လုပ်ခဲ့ရတဲ့ ရောင်းရင်းတွေဖြစ်လို့ ဦးကျော်ငြိမ်းဟာ သခင်ချစ်ကို သံယောဇဉ်ကြီးရှာတယ်။ အမေကလည်း သခင်ချစ် မိန်းမကို ခင်ရှာတယ်။ မမေ့နိုင်ကြ။ သခင်စိုး၊ သခင်သန်းထွန်းတို့က ဂျပန်နဲ့ ပေါင်းရမှာကို လက်မခံခဲ့ကြ။ ဒါ့ပြင် သူတို့က သခင်နုနဲ့အတူ ထောင်ထဲမှာ ယူဂျီသမားတွေစွန့်ပြီး မြေအောက် တော်လှန်ရေး လုပ်ခဲ့ကြလို့ ရဲဘော်သုံးကျိပ် ဂျပန်ရောက်ခဲ့ကြပါတယ်။

ရဲဘော်သုံးကျိပ်ကြောင့် တော်လှန်ရေးကြီး အစရလို့ အရှိန်ကောင်းခဲ့တယ်။ သခင်သိန်းဖေ အိန္ဒိယပြည်ကို စွန့်သွားခဲ့လို့ Force 136 နဲ့ ချိပ်မိခဲ့တယ်။ ကွန်မြူနစ်၊ စစ်တပ်၊ ပြည်သူ့အရေးတော်ပုံပါတီ စုမိလို့ ဖဆပလ ပေါက်ဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လည်း အားလုံး စုမိကြပါတယ်။ အားလုံး …. အားလုံး ….. အချိပ်အဆက်တွေ ဖြစ်ကြပါတယ်။ လူမသိ သူမသိ ပေးစပ်ခဲ့သူုတွေက အနန္တ။ လူသိ သူတချို့သာ ကျော်ကြားခဲ့ကြပါတယ်။

အစက်တစက်ထဲကို ကွက်မကြည့်နိုင်ပါ၊ မကြည့်သင့်ပါ၊ အစက်အားလုံးကို ဆက်ကာ …. ဆက်ကာ …. ကြည့်ရပါမယ်။

ဒီလို ခြုံကြည့်တတ်ရင် သူတော်တယ်၊ ငါတော်တယ်၊ ငါ့ပါတီက ဦးဆောင်ခဲ့တယ်၊ သူ့ပါတီက ဦးဆောင်ခဲ့တယ်လို့ မဏ္ဌပ်တိုင် တက်ပြနေစရာ မလိုတော့ပါ။ တော်လှန်ရေးဆိုတာက တယောက် အားနဲ့ ယူလို့ မရပါ။ အများအားနဲ့ ယူမှ ရနိုင်ပါတယ်။

ရှစ်လေးလုံး အရေးတော်ကြီး မဖြစ်ခင် နှစ်များမှာ ကွန်မြူနစ်ပါတီက ပြည်တွင်းရှိ နိုင်ငံရေးသမားကြီးတွေကို ဆက်သွယ်ခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်နှစ်ယောက် သတ္တိရှိရှိ ပြန်ကြားခဲ့တယ်ဆိုတာကို ထုတ်ဖော် စေချင်ပါတယ်။ ဦးကျော်ငြိမ်းရဲ့ ပြန်စာကိုဖတ်ပြီး သခင်ဗသိန်းတင် မျက်ရည်လည်သွားတယ်လို့ သိရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ မှားယွင်းတဲ့ အယူအဆ ရှိတယ်လို့ မြင်မိပါတယ်။ သူရဲကောင်း ကိုးကွယ်တဲ့ ဝါဒ အကျင့် ဖြစ်ပါတယ်။ မိမိ အထင်ကြီးသူကိုသော်၎င်း၊ ကိုးကွယ်သူကိုသော်၎င်း အပြစ်မမြင်ကြတော့၊ ပြန်မမေးရဲ ပြိုင်မဆွေးနွေးရဲကြ။ သူရဲကောင်းဆိုသူတွေမှာ ဘုရားရဟန္တာ မဟုတ်ကြပါ။ ပါတီစုံ ဒီမိုကရေစီကို တကယ်ယုံပါရင်၊ Critical-Thinking တကယ်ရှိပါရင် မိမိတို့ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ရဲရပါမယ်။

ကျနော့်အမြင်အရ မြန်မာပြည်ကို ဖျက်ဆီးခဲ့တာက ဦးနေဝင်းရဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးနဲ့ စစ်ဗိုလ် ချည်းသက်သက် မဟုတ်ရပါ။

မဆလကို ကျောထောက်နောက်ခံအားပေးခဲ့ကြတဲ့ ကွန်မြူနစ်တွေလည်း ပါကြပါတယ်။ ၎င်းတို့ ထောက်ခံကြရာမှာ ဦးနေဝင်းက ပါတီစုံ ဒီမိုကရေစီအစား ဗဟိုဦးစီးစနစ်ကို ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ Marx ဝါဒ Marxism ကို လက်ခံသောကြောင့် ဖြစ်ပါတယ်။

ဒီကနေ့ လူငယ်တွေကို သတိရှိစေချင်ပါတယ်။

ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောကို လေးစားမှု လျှော့မသွားပါ။ ဗိုလ်မှူးချုပ်ကျော်ဇောကို သိစေချင်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောသာမက ဒေါက်တာလှကျော်ဇောနဲ့ ဦးအောင်ကျော်ဇောတို့ကိုလည်း လေးစား ခင်မင်မိပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုအနေနဲ့ ကျနော့်အမြင်နဲ့ တင်ပြချက်ကို နားလည် စေချင်တယ်။

ကွန်မြူနစ်၊ ဆိုရှယ်လစ်ရယ်မဟုတ် လွတ်လပ်ရေးအတွက် တိုင်းပြည်ကိုချစ်လို့ အသက်ပေး တိုက်ခဲ့ကြ သူချည်းတွေပဲ ဖြစ်ခဲ့ကြပါတယ်။ ကိုယ်သာတယ်၊ သူသာတယ်လို့ မမြင်ပါ။ ယုံကြည်မှု၊ ပုဂ္ဂိုလ်နဲ့ တာဝန်ကို ခွဲခြားမြင်စေလိုပါတယ်။

နောက်ခေတ် လူငယ်တွေ ပိုနားလည်လို့ ညီညွတ်စေလိုတာက စာရေးသူရဲ့ စေတနာပါ။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။

ဆက်လက်ဖက်ရှုပါရန်......

နိုင်ငံရေးသမားထံမှ နိုင်ငံရေးသင်ခန်းစာ

ဘိုဘိုကျော်ငြိမ်း
၂၁ ဒီဇင်ဘာ ၂၀၀၉
khitpyaingnews

လွန်ခဲ့တဲ့ (၂) နှစ်လောက်က “နိုင်ငံရေးသမား အလိုရှိသည်” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်မှာ လူအများဟာ နိုင်ငံရေးအော်နေကြပေမယ့် ကျနော့်အမြင်မှာတော့ နိုင်ငံရေးတကယ်နားလည်တဲ့ နိုင်ငံရေးသမားတွေက နည်းပြီး ဗျူရိုကရက်နိုင်ငံရေးသမားတွေ၊ အက်တစ်ဗစ်နိုင်ငံရေးသမားတွေက နေရာဦးထားကြတယ်လို့ ယူဆမိလို့ပါ။ အထူးသဖြင့် ပြည်ပမှာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အရင်တပတ်က နိုင်ငံရေးမိတ်ဆွေတဦးဆီ အလည်ဝင်ရင်း စာအုပ်စင်မှာ ဦးတင်မောင်ဝင်းရဲ့ “နိုင်ငံရေးသမားနှင့် နိုင်ငံရေး” စာအုပ်ဆီ မျက်စိရောက်သွားပြီး ဒုတိယအကြိမ် ပြန်ဖတ်မိတယ်။





ဒီစာအုပ်ဟာ နိုင်ငံရေးစိတ်ဝင်စားတဲ့ ခေတ်လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်လို့ မြင်မိတယ်။ ဦးတင်မောင်ဝင်းကို သတိရမိသလို ပြောချင်တာတွေကို ရင်ဖွင့်ရင်း နောင်လူငယ်လေးတွေ အတုယူရအောင် နိုင်ငံရေးသမား ဒီလိုပါလားဆိုတာကို သိစေချင်တဲ့စေတနာနဲ့ ဒီဆောင်းပါးကို ရေးမိခြင်းပါ။

နိုင်ငံရေးသမားစစ်စစ်ဖြစ်တဲ့ ဦးတင်မောင်ဝင်းရဲ့ ဘ၀အတွေ့အကြုံတွေက အတုယူစရာ၊ သင်ခန်းစာယူစရာတွေ အမြောက်အမြားရှိလို့ပါပဲ။ လက်ရှိလှုပ်ရှားနေကြတဲ့ ခေါင်းဆောင်အများစုနဲ့ (၈၈) က နယ်ခြားရောက်လာတဲ့ ကျောင်းသား အများစုဟာ ဦးတင်မောင်ဝင်းနဲ့ မလွတ်ကြပါဘူး။ ယူတတ်ရင် ဦးတင်မောင်ဝင်းဆီက ဆည်းပူးစရာတွေ အမြောက်အမြား ရှိပါတယ်။

ဦးတင်မောင်ဝင်းကို ကျနော်တို့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ သိကြတဲ့အတိုင်း (ကိုတွတ်) လို့ပဲ သိခဲ့ပါတယ်။ ကိုတွတ်ရဲ့ နိုင်ငံရေးစည်းရုံးနိုင်မှုစွမ်းအားကို ထောင်ထဲမှာ ရိပ်ခနဲ တွေ့မြင်ခဲ့ရတယ်။ ဦးသန့်ရေးအခင်းမှာ အဖမ်းခံရတော့ ကျနော်တို့ ညီအစ်ကို (၂) ယောက်ကို စစ်ကြောရေးကာလ (၃) လကျော်ကျော် နံပါတ် (၅) တိုက်မှာ တယောက်တခန်းစီ တိုက်ပိတ်ထားခဲ့တယ်။ ဦးတင်မောင်ဝင်းတို့အလှည့်ပြီးတော့ ကျနော်တို့ အလှည့်ရောက်လာပေမယ့် ဒီတိုက်တန်းတွေက လူတွေနဲ့ ပြည့်လျက်ရှိပြီး ၀ါဒါတွေကလည်း ဒီဝါဒါတွေပဲကိုး။ ဒါ တင်မောင်ဝင်း နေသွားတဲ့အခန်း မာတယ်ကွလို့ ၀ါဒါအိုကြီးက သတိတရ ပြောရှာတယ်။ ၀ါဒါတွေကိုတောင် ရအောင်စည်းရုံးသွားပါလားလို့ ဖျတ်ခနဲ သတိထားလိုက်မိတယ်။

ကျနော် ၁၉၈ရ နှစ်ကုန်လောက်မှာ ၀ါရှင်တန်ဒီစီကိုရောက်ခဲ့ရပြီး (၈၈၈၈) လူထုအုံကြွမှုကြီးမှာ ကျောင်းသားနဲ့ လူထုကို စစ်တပ်က မတရား ပစ်တာခတ်တာတွေကို မြင်တွေ့ရတော့ မခံချင်စိတ်နဲ့ ခံစားနေရတဲ့အချိန် ကိုတွတ်က ၀င်ကူပါကွာဆိုတာနဲ့ ကိုတွတ်ရဲ့အဖွဲ့မှာ ၀င်ကူခဲ့ရတယ်။ ကျောင်းက အောင်ပြီး ဘာမှမကြာသေး၊ မိန်းမနဲ့ ကွဲပြီးကာစ၊ ဘ၀ကို ရုန်းကန်နေရချိန် မှာတောင် ဦးတင်မောင်ဝင်း (ကိုတွတ်) ရဲ့ စည်းရုံးမှုကို မငြင်းနိုင်ခဲ့ဘူး။ ဒါကြောင့် ဦးတင်မောင်ဝင်း (ကိုတွတ်) ကို အတိုင်းအတာတခုအထိ သိခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲကာလ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတဲ့ ၀ါဒတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ၀ါဒအရေးကို ဦးစားမပေးဘဲ အမျိုးချစ်စိတ်ကို အားယူပြီး (တိုင်းပြည်လွတ်လပ်ရေး) ကိုပဲ ရည်စူးပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် အားလုံးကို တော်လှန်ရေးမှာ ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ထို့နည်းတူစွာပဲ ဦးတင်မောင်ဝင်းရဲ့ တခုတည်းသော ရည်မှန်းချက်ဟာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးပဲ။ ဒါကြောင့် ဆိုရှယ်လစ်နဲ့လည်း တည့်တယ်၊ ကွန်မြူနစ်နဲ့လည်း တည့်တယ်။ လက်ယာနဲ့လည်း တည့်တယ်၊ လက်ဝဲနဲ့လည်း တည့်တာပဲ။ စစ်အာဏာရှင်ကို ဆန့်ကျင်သမျှ လူအားလုံးနဲ့ တည့်အောင်ပေါင်းနိုင်တယ်။ စည်းရုံးနိုင်တယ်။

နောက်တခု သတိပြုသင့်တာက ဦးတင်မောင်ဝင်းဟာ စစ်အာဏာရှင်စနစ်ကို သစ္စာရှိရှိ ဆန့်ကျင်ပေမယ့် စစ်ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးမတိုက်ခဲ့ဘူး။ စနစ်ကို တိုက်တာ၊ လူကို တိုက်တာ မဟုတ်ခဲ့ဘူး။ စစ်အာဏာရှင်စနစ် တည်ရှိနေသေးသရွေ့ ဗိုလ်ချုပ်သန်းရွှေပြီးရင် စစ်အာဏာရှင် နောက်ထပ်တယောက် ပေါ်လာဦးမှာပဲ။ အတိုက်အခံတွေ အများအားဖြင့်ဟာ (လူ) ကို တိုက်ကြရင်း (စနစ်) ကို တိုက်ရမှာဆိုတာကို သတိလျော့ကုန်ကြတယ်လို့ ခံစားရမိတယ်။ ဦးတင်မောင်ဝင်းကို စံနမူနာယူပြီး (စနစ်) ကို တိုက်ရမှာဆိုတာကို သတိရှိသင့်ကြတယ်။

နိုင်ငံရေးသမားပီသတဲ့ နောက်တချက်က မိမိကသာ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်သည်မဟုတ်၊ မိမိကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် လာရင်တောင် သည်းညည်းခံနိုင်စွမ်းရှိတယ်။ ဦးတင်မောင်ဝင်းဟာ ရန်သူအလွန်နည်းပါတယ်။ ငွေရေးကြေးရေး မှာလည်း ကိုယ်ကျိုးမရှာရုံမက ရှိတာအကုန်ပုံအောမယ်၊ မရှိရင်တောင် ချေးပြီး နိုင်ငံရေးလုပ်မယ့် လူစားမျိုး။ ဒါတောင် နယူးယောက်က လူတဦးဟာ ပုဂ္ဂိုလ်ရေးစွပ်စွဲမှုတွေနဲ့ တိုက်ခိုက်လာတယ်။ ကျနော်က ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ လူစားမျိုး၊ ငယ်လည်း ငယ်တော့ ဆတ်ဆတ်ကြဲ မခံနိုင်ဘူးပေါ့။ ကိုယ်လူကြီးဖြစ်လာမှ အသိတရားပိုရှိလာမှ ဦးတင်မောင်ဝင်းရဲ့ ခန္တီပါရမီရှိမှုကို ပိုလေးစားလာမိတယ်။

နောက်အတုယူစရာအချက်က ဦးတင်မာင်ဝင်းဟာ လူတွေကို နှိမ့်ချတဲ့အမြင်နဲ့ မကြည့်တတ်ဘူး။ ဒါကြောင့် ခွင့်လွှတ်နိုင်စွမ်း၊ သည်းညည်းခံနိုင်စွမ်းရှိတယ်။ ကျနော်ဟာ ဦးတင်မောင်ဝင်းနည်းတူ နိုင်ငံရေးမိသားစုမှာ မွေးဖွားခဲ့တာကြောင့် ကျနော်တို့ဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြားမှာ ကြီးပြင်းလာခဲ့ကြရတယ်။ ဒါကြောင့် နိုင်ငံရေး နားရည်ဝနေကြရတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်ရဲ့အားနည်းချက်က နိုင်ငံရေးနားမလည်ဘဲ ပေါက်တတ်ကရလေးဆယ် လျှောက်ပြောနေရင် ကျနော် သည်းညည်းခံနိုင်စွမ်းမရှိဘူးလို့ ဆိုရပါမယ်။ စိတ်မရှည်ချင်တော့ဘူး။ ကွန်မြူနစ်မျက်စိနဲ့ကြည့်ရင် (ဘူဇွာ) စိတ်ဓာတ်လို့ အဓိပ္ပာယ်ကောက်ကြလိမ့်မယ် ထင်ပါတယ်။ ပညာတတ်ညာဉ်၊ ပညာတတ်ဘ၀င်လည်း ပါမယ်ထင်ပါတယ်။ ပညာတတ်တွေရဲ့အကျင့်တခုက တပါးသူကို အထင်သေးတတ်တယ်။

တခါက လူယောက်က သူတို့အမေရိကန်ပြည်မှာ ဆန္ဒပြနေတာကြောင့် နအဖစစ်အစိုးရ ပြုတ်ကျတော့မယ် စောင့်ကြည့်ပါဆိုပြီး အတည်ကြီး တင်ပြဆွေးနွေးလာတယ်။ ကျနော် အတော်စိတ်ညစ်သွားတယ်။ ကောင်းတာပေါ့ဆိုပြီး ကျနော် စကားဖြတ်ပြီး ထပြန်လာခဲ့တယ်။ အမှန်က ကျနော် မှားတယ်။ ဦးတင်မောင်ဝင်းသာဆိုရင် သူ့အဆင့်ကို လိုက်ဆင်းသွားပြီး စိတ်ရှည်ရှည်နဲ့ နားထောင်မယ်၊ ဆွေးနွေးမယ်၊ ပွဲသိမ်းရင် လည်ပင်းဖက်ပြီးသားဖြစ်နေပြီ။

နိုင်ငံခြားသားဖြစ်စေ၊ ဗမာနိုင်ငံသားဖြစ်စေ၊ ဦးတင်မောင်ဝင်း စည်းရုံးနိုင်တာကို ကျနော် အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်တယ်။ ဦးတင်မောင်ဝင်းဟာ သူ့ရဲ့ယုံကြည်ချက်ကို တင်ပြရာမှာ ရိုးသားမှုရှိတယ်။ အင်္ဂလိပ်လိုပြောရရင် Honest ဖြစ်တယ်။ Sincere ဖြစ်တယ်။ ငါ့အတွေးသာ မှန်ရမယ်ဆိုတဲ့ ပညာတတ်မာနမပါဘူး။ နှိမ့်ချမှုပါတယ် humble ဖြစ်တယ်။ ဒါ ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးသွားတဲ့ လမ်းစဉ်ပဲ။ လွယ်တော့ မလွယ်လှဘူး။ သို့သော် အတုယူဖို့ကောင်းတယ်။ ဒီနေရာမှာ အဓိကကျတဲ့ အချက်တခုရှိသေးတယ်၊ (ဟန်မဆောင်ဘူး)။

ဗမာ့နိုင်ငံရေးလောကမှာ လူအများစုဟာ လူတွေအထင်ကြီးအောင် ဟန်ဆောင်လိုတတ်ကြတယ်။ ငါဖတ်ထားတယ်။ ငါသိတယ်။ ငါတတ်တယ်။ ငါဘာလုပ်ခဲ့တယ်ပေါ့။ အပိုလေးတွေတောင် ထပ်ဆင့်လိုက်ချင်ကြတယ်။ ဦးတင်မောင်ဝင်းကို ကျနော် ထိတွေ့ခဲ့ရတဲ့ ကာလတလျှောက်လုံး လူအထင်ကြီးအောင် ဟန်ဆောင်ခဲ့တာ တခါမှမမြင်ခဲ့ရပါ။ ဒါကြောင့် ရဲဘော်အချင်းချင်းရဲ့ ယုံကြည်မှုကို ရရှိခဲ့ရတယ်။ အထူးသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ယုံကြည်အားကိုးမှုကို ရရှိခဲ့ရတာကြောင့် DAB (Democratic Alliance of Burma) ကို စတင်တည်ထောင်ခဲ့တဲ့အထဲမှာ ပါခဲ့ပြီး DAB ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တာပေါ့။

ဦးတင်မောင်ဝင်းဟာ ၎င်းရဲ့ဖခင်ကြီး ဦးဝင်းနည်းတူ (မူ) ပေါ်မှာရပ်ပြီး နိုင်ငံရေးလုပ်ခဲ့တာကြောင့် (မူ) ပေါ်ရပ်တဲ့ နိုင်ငံရေးသမားတွေကို လေးစားတာ၊ အာဃာတမရှိတာဟာ အတုယူစရာပါပေပဲ။ ဦးတင်မောင်ဝင်းရဲ့ဖခင် ဦးဝင်းနဲ့ ကျနော်ရဲ့ဖခင် ဦးကျော်ငြိမ်းတို့ဟာ တချိန်က ဖဆပလအတွင်းမှာ အားပြိုင်ခဲ့ကြတယ်။ ဦးကျော်ငြိမ်းနဲ့ ပဋိပက္ခကြောင့် ၀န်ကြီးချုပ် ဦးနုက ဦးဝင်းကို အမေရိကန်ပြည်ကို သံအမတ်အဖြစ် ရှောင်နေဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးတင်မောင်ဝင်းက ရေုးပြခဲ့ပါတယ်။

တချိန်က နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမယ့် ဘ၀တူ စစ်တပ် (ဗိုလ်ချုပ်နေ၀င်း) ရဲ့ နှိပ်စက်မှုတွေကို အတူတူခံကြရတော့ ဘယ်သူဟာ (မူ) ပေါ်မှာရပ်သလဲ၊ ဘယ်သူဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေးလုပ်သလဲဆိုတာ အဖြေပေါ်လာတာပါပဲ။ ဒါတွေကို အပြင်လူတွေ သိခွင့်ရအောင် တင်ပြခဲ့တဲ့အတွက် ဦးတင်မောင်ဝင်းကို ကျေးဇူးတင်မဆုံးပါ။ ဦးတင်မောင်ဝင်းရဲ့ အလေးစားဆုံး နိုင်ငံရေးသမားတွေအထဲမှာ ဦးကျော်ငြိမ်း ထိပ်က ပါဝင်ကြောင်း ရေးပြခဲ့တဲ့အတွက်လည်း သားတယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

(မူ) ပေါ်ရပ်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းတို့ သားအဖကိုလည်း ကျနော်ရဲ့ဖခင်ကြီးဟာ များစွာလေးစားပါကြောင်း သိစေချင်ပါတယ်။ ဦးဝင်းတို့အဖွဲ့ကို စစ်တပ်က တောနင်းလိုက်နေကြောင်း သတင်းများ ကြားရစဉ် ကျနော့်ရဲ့ ဖခင်ကြီးဟာ ရင်တမမဖြစ်နေပြီး ဦးဝင်း နှလုံးရောဂါကြောင့် အသက်ဆုံးရကြောင်း သိရတဲ့အခါ ယူကျုံးမရဖြစ်ရပါတယ်။

နိုင်ငံရေးမှာ (မူ) ဟာ အရေးကြီးတယ်ဆိုတာကို သတိပြုစေချင်တာပါ။

ဦးတင်မောင်ဝင်းမှာ ကံကောင်းတာတခုရှိပါတယ်။ လောကမှာ မောင်တထမ်း မယ်တရွက်ဆိုသလို ဦးတင်မောင်ဝင်းရဲ့ဇနီး ဒေါ်ခင်မျိုးအေး (မဘေဘီ) ဟာ လွန်စွာအနစ်နာခံရရှာတယ်။ သည်းညည်းခံရရှာတယ်။ ကျနော်က မျက်မြင်ကိုယ်တွေ့ပါ။ အိမ်နောက်ကို မပူရတာကြောင့် ဦးတင်မောင်ဝင်းဟာ နိုင်ငံရေးအတွက်ဆို အရာရာကို စွန့်နိုင်ခဲ့တာပေါ့။

ဒီဘက်ခေတ်မှာ ဦးတင်မောင်ဝင်းလို နိုင်ငံရေးသမားစစ်စစ်တွေဟာ ရှားပါးထုတ်ကုန်ဖြစ်နေရပြီ။ ပရောဂျက်နိုင်ငံရေးတွေက ရှေ့တန်းနေရာရလာတာကိုး။ နိုင်ငံရေးဆုတ်ခေတ်လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ ဒါကြောင့် ခေတ်လူငယ်လေးတွေကို နိုင်ငံရေး (စံ) နမူနာတင်ပြပြီး အတုယူစေချင်တဲ့ စေတနာပါ။ ကျနော် မှားခဲ့ဖူးသလိုလည်း မဖြစ်စေချင်လို့ပါ။

အမှန်အတိုင်း အရိုးသားဆုံးဝန်ခံရရင် ကျနော် ဦးတင်မောင်ဝင်းနဲ့ ထိတွေ့ခွင့်ရခဲ့ပေမယ့် ဦးတင်မောင်ဝင်းရဲ့ တန်ဖိုးအစစ်ကို အစကမသိခဲ့ဖူး။ အကြောင်းရင်းက ကျနော် နိုင်ငံရေးအရည်အချင်း မပြည့်ဝသေးလို့ပါ။ ကိုယ်ဘက်က အသိတရားမြင့်လာတော့ ဦးတင်မောင်ဝင်း မရှိတော့ဘူး။ ခုမှ မေးချင်တာတွေ ရင်မှာ အပြည့်ရှိပေမယ့် နောက်ကျသွားပြီ။

ထို့နည်းတူစွာပဲ ဦးယူဂျင်းသိုက် ဖိတ်ခေါ်တုန်းက အချိန်ပေး ဆွေးနွေးရကောင်းမှန်း မသိခဲ့ဘူး။ ပညာတတ်မာနလည်း ပါပါတယ်။ တန်ဖိုးသိတော့ နောက်ကျသွားပြီ။

နိုင်ငံရေးမှာ အခွင့်အရေးပေးတုန်း မယူတတ်ရင် နောက်ကျသွားတတ်ပါတယ်။ လေ့လာမှုအားနည်းရင်လည်း ရှေ့မှာ ရတနာ ခဲကြီး ချထားဦး၊ ကျောက်ခဲလို့ပဲ ထင်နိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့နောက်ခံ ဗဟုသုတနဲ့ လေ့လာအားကို ဖြည့်ဆည်းထား သင့်တယ်လို့ ယူဆလို့ပါ။

ဒီဘက်ခေတ်မှာ လူငယ်တချို့ဟာ နည်းနည်းလေး ဖတ်မိတာနဲ့ ငါတတ်ပြီလို့ ထင်မိတာတို့၊ မစို့မပို့ နိုင်ငံရေးလေးလုပ်မိတာနဲ့ ငါ နိုင်ငံရေးသမားကြီးဖြစ်သွားပြီလို့ ထင်နေတာတွေကို တွေ့မြင်နေရတယ်။ ဦးတင်မောင်ဝင်းတို့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ ဘ၀လမ်းကို ဖတ်မိလို့ လေးလေးနက်နက် တွေးမိရင် နိုင်ငံရေးသမားယောက်ရဲ့ဘ၀မှန်ကို သိမြင်စေချင်တယ်။ ဦးတင်မောင်ဝင်းကို အတုယူပြီး လေးနက်စေချင်တာ စေတနာပါ။ ဦးတင်မောင်ဝင်းကို အတုယူပြီး ကျနော်ကိုယ်တိုင်လည်း အသိတရား တိုးပွားခဲ့ရပါတယ်။

ဦးတင်မောင်ဝင်း ဆုံးတဲ့အချိန်တုန်းက ကျနော့်ဘ၀ဟာ American Inc လို့ခေါ်ကြတဲ့ ကော်ပရိတ်ကြားမှာ ရုန်းကန်နေရချိန်ပါ။ တနေ့ (၄) နာရီ ပြည့်အောင်ပင် မအိပ်နိုင်ပါ။ မိုးလင်းက မိုးချုပ် အလုပ်နဲ့ ပိနေချိန်၊ လူသားသဘာဝ လောဘတက်နေချိန် ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကျနော် တာဝန်မကျေခဲ့မိဘူး။

ဦးတင်မောင်ဝင်းနဲ့ မဘေဘီကို ဒီနေရာကနေ တောင်းပန်ပါရစေ။

ခေတ်အဆက်ဆက် တိုက်ခဲ့ကြပေမယ့် ကျနော်တို့ ဗမာနိုင်ငံ (Burma) မှာ စစ်အာဏာရှင်စနစ်ဆိုးဟာ သက်ဆိုးရှည်လျက်ပဲ။ အကြောင်းရင်းက ညီညွတ်မှုမရှိတာရယ်၊ တကိုယ်တော် ကျော်ကြားချင်တဲ့ စိတ်တွေရယ်၊ ကိုယ်အားကိုယ်ကိုးချင်စိတ် နည်းပါးတာတွေကြောင့်လို့ ထင်မိတယ်။ အရင်းထပ်စစ်ရင် (နိုင်ငံရေး) ကောင်းကောင်းနားမလည်ကြလို့ပဲ။

နိုင်ငံရေးဆိုတာ တဦးတည်း လုပ်လို့မရပါ။ အများနဲ့သာ လုပ်ရပါမယ်။ ဒါမှ အင်အားကို ဖော်ထုတ်နိုင်မှာပါ။ ဒါကြောင့် ဦးတင်မောင်ဝင်းကို စံနမူနာယူပြီး နိုင်ငံရေးသမားပီသတဲ့ နိုင်ငံရေးသမား များများပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကိုတွတ်ရေ … ခင်ဗျား သက်ရှိထင်ရှားရှိစဉ်က ခင်ဗျားတန်ဖိုးကို ခုလောက် နားမလည်ခဲ့တာကို ခွင့်လွှတ်ပါ။ တနေ့တော့ ကျနော်တို့နိုင်ငံ လွတ်လပ်ပြီး ကမ္ဘာမှာ အရင်တချိန်ကလို မော်ကြွားဂုဏ်ယူနိုင်ကြဦးမှပါ။ ခင်ဗျား ယုံခဲ့သလို ကျနော်တို့လည်း ယုံကြည်လျက်ပါ။

အစရှိရင် အဆုံးဆိုတာ ရှိစမြဲပါ။ ။

ဆက်လက်ဖက်ရှုပါရန်......

၂၀၁၀ ရွေးကောက်ပွဲနှင့် ကျနော့်အမြင် (နိုင်ငံရေးစစ်တမ်း ၉)

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၀၉ ခုနှစ်
ဘိုဘိုကျော်ငြိမ်း ဆောင်းပါး

Mizzimaburmese.com



နိုင်ငံရေးမှာ အခွင့်အရေး opportunity ပေါ်တဲ့အခါမှာ ဒီအခွင့်အရေးကို လှမ်းယူတတ်ရမယ်။ ယူတတ်တဲ့ခေါင်းဆောင်ဟာ အောင်မြင်မှုကို ဆွတ်ခူးနိုင်သလို မယူတတ်ရင် ရွာလည်သွားနိုင်တယ်။


၈၈ မှာအခွင့်အရေးကောင်းပေါ်ခိုက်မှာ ခေါင်းဆောင်တွေ မညီခဲ့လို့၊ ပေါ်လာခိုက်မှာ လှမ်းမယူတတ်လို့ အခုထိ ကျနော်တို့နိုင်ငံ ရွာလည်နေရတာပေါ့။

အပြောလွယ်ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါ။ အောင်မြင်မှုကို မစွန့်နိုင်ခင် ပထမဦးဆုံး ဒါ အခွင့်အရေးဟေ့ ဆိုတာကို အရင်မြင်ဖို့ လိုပါတယ်။ ဒီလို မြင်နိုင်ဖို့ နိုင်ငံရေးအမြင်ရှိရမယ်။ နိုင်ငံရေးအကွက်မြင်ရမယ်။ ဗျူဟာအရ ကြည့်တတ်ရမယ်လို့ ထင်မိတယ်။ နောက်ဆုံး စစ်ပွဲတပွဲ ဆင်နွှဲသလို သူ့တိုက်ကွက် ကိုယ့်တိုက်ကွက်၊ သူ့ထိုးကွက် ကိုယ့်ထိုးကွက်၊ သူ့ဆုတ်ကွက် ကိုယ့်ဆုတ်ကွက်တွေကို ကြိုတင်စဉ်းစားထားပြီး အစီအစဉ် (Plan) ရှိရမယ်။ ဒီလိုမဟုတ်ရင် အရင့်အရင်အတိုင်း အော်ကြဆူကြ၊ ဆဲကြ၊ ငိုကြ စိတ်အဆာကျွေးရုံသက်သက်၊ စိတ်လိုက်မာန်ပါ ပြောကြဆိုကြ အော်ဟစ်ကြပြီး အခြေအနေတခု၊ အခွင့်အရေးတခု ဆုံးရှုံးသွားပြီး မောကျန်ခဲ့ကြ။

၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲဝင်ပြီး ပူးပေါင်းမှ တိုးတက်မှုရှိမယ်၊ ရသလောက် ယူထားဆိုတဲ့ အမြင်နဲ့ နားချသူတွေရှိသလို မဝင်နဲ့ဟေ့ တင်းခံထားကြ ရွေးကောက်ပွဲဝင်သူတွေဟာ သစ္စွာဖောက်ပဲဆိုတဲ့ zero sum game ကို လက်ကိုင်ထားသူတွေရဲ့ အသံကလည်း ဇာတ်တိုက်ဆိုသလိုကြားနေရပြန်တယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက အသံတွေထဲမှာ ဗျူဟာကျကျ ဘယ်လိုနည်းနဲ့ အောင်ပွဲခံမယ် ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ အမြတ်ထုတ်မယ်၊ ထင်သလိုဖြစ်မလာရင် ဆုတ်ကွက်က ဘယ်လို၊ (plan B) က ဘယ်ဆိုတာကို မကြားမိဘူး။ စိတ်ခံစားမှု (emotion) ကိုပဲ ဦးစားပေး လွန်ဆွဲနေကြတယ်လို့ ခံစားမိတယ်။ အများက လူကြားရအောင် အော်ကြတဲ့ စလိုဂန် (slogan) တွေပဲလို့ ထင်မိတယ်။

နအဖ ကလည်း လက်ပိုက်ကြည့်နေတာမှ မဟုတ်တာ။ ဥာဏ်နီဥာဏ်နက်မျိုးစုံနဲ့ အကွက်အမျိုးမျိုး ဆင်ထားတယ်။ လူအမျိုးစုံ၊ အဖွဲ့မျိုးစုံ မွေးထုတ်နေပုံရတယ်။ တကွက်မှားရင် နာပြီသာမှတ်။ အာဏာရှိ အစိုးရက အဆိုပြုလိုက်ရင် အတိုက်အခံဘက်မှာ ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ ပေါ်လာကြရော။ ဒါ အဖွဲ့အစည်းရဲ့ သဘာဝပဲ။

ဒါဟာ အာဏာရှိသူတွေရဲ့ အခြေခံလက်နက် သဘောတရားပဲ။ အင်္ဂလိပ်ခေတ်က (တွဲ)ရေး၊ (ခွဲ)ရေးတုန်းကလည်း ဗမာတွေ သဘောထားကွဲကြ။ အင်္ဂလိပ်ဘုရင်ခံက ဖဆပလ အဖွဲ့ကြီးကို ဘုရင်ခံကောင်စီကိုဝင်ဖို့ ဖိတ်ခေါ်တော့ ကွန်မြူနစ်တွေက ပထမတော့ ထောက်ခံပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ဖဆပလ ခေါင်းဆောင်တွေကို အညံ့ခံတယ်ဆိုပြီး ခွဲထွက်သွားကြတာပဲ။ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေး ခေါ်တော့ လိုင်းမာနဲ့ လိုင်းပျော့ ကွဲထွက်သွားကြတယ်။

ဒီမိုကရေစီကို တကယ်လက်ခံရင် ဆန့်ကျင်ဘက် အတွေးအခေါ်ကို အင်္ဂလိပ်လို (tolerance) သည်းညည်းခံနိုင်ရမယ်။ မိမိနဲ့မတူရင် ရန်သူဆိုပြီး မိမိနဲ့အတွေးမတူသူတိုင်းကို ရန်ဖွဲ့ရင် ကိုယ်ပဲ (ကွဲ) ကျန်ခဲ့မယ်။ အင်အားချို့တဲ့နိုင်တဲ့ အန္တရာယ်ကို သတိရှိရမယ်။

အရေးကြီးတာက နအဖရဲ့ တိုက်ကွက်၊ လှည့်ကွက်ထဲ မဝင်ဖို့ မိမိရှေ့မှာရှိတဲ့ အခွင့်အရေးကို ရဲရဲမြင်တတ်ဖို့ လိုတယ်။ အဓိက ရင်ဆိုင်ကြရမှာက အာဏာကို လက်ကိုင်ပြုထားတဲ့ နအဖ ဆိုတာကို သတိရှိဖို့ လိုတယ်လို့ ထင်မိတယ်။

ပြည်ပသတင်းဌာနတွေကို ဦးဝင်းတင်ပြောတာတွေကိုထောက်ရင် NLD အတွင်းမှာလည်း သဘောထား မတူတာတွေ ရှိတယ်။ ဦးဝင်းတင်စကားနဲ့ ပြောရရင် (မာန်) နဲ့ ယှဉ်တဲ့ အတွေးနဲ့ (ဥာဏ်) နဲ့ ယှဉ်တဲ့ အတွေး နှစ်ခုပေါ့။ ဒါကြောင့် NLD ရဲ့ ရပ်တည်မှုက အခုထိ အတိအကျ မရှိသေးဘူး။ NLD အတွက် အဓိက ကျတာကလက်ရှိ အခြေအနေကို အရှိကိုအရှိအတိုင်း ကြည့်မြင်နိုင်ဖို့။ ဒီအမြင်ကမှ ၁၉၉ဝ ရလဒ်နဲ့ တရားဝင်မှု (အလံ) ကိုကိုင်ပြီး တိုက်မှာလား? ဖြစ်ပေါ်လာမယ့် ကွင်းအသစ်မှာ စွန့်စားပြီး ဝင်တိုက်မှာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ပဲလို့ ထင်မိတယ်။

ရွေးစရာက ၂ လမ်းထဲ မဟုတ်ပါ။ လက်ရှိနိုင်ငံရေးအခြေအနေကို ယေဘုယျအားဖြင့်ကြည့်ရင် ၂ လမ်းပဲရှိတယ်လို့ ထင်နိုင်စရာရှိတယ်။ ဦးဝင်တင် စကားနဲ့ ပြောရရင် မာန်နဲ့ ဥာဏ် သို့မဟုတ် အနုနည်းနဲ့ အကြမ်းနည်းလို့ သတ်မှတ်နိုင်တယ်ပေါ့။ ၁၉၉ဝ ရလဒ်ကို စွဲကိုင်ပြီး မဝင်ရင် အကြမ်းနည်း ရွေးကောက်ပွဲဝင်ပြီး (ဝင်လုံး) ရင် အနုနည်းပေါ့။ လူအများ မစဉ်းစားကြ၍သော်လည်းကောင်း၊ ထုတ်မပြောကြ၍သော်လည်းကောင်း မထင်မှတ်တဲ့ နည်းတနည်း လမ်းတသွယ် ကျန်ပါသေးတယ်။
ယေဘုယျအားဖြင့် လူအများက ရွေးကောက်ပွဲဝင်ရင် အညံ့ခံရာရောက်တယ်။ ပျော့တယ်လို့ ယူဆစရာ ရှိတယ်။

ဒါက ရွေးကောက်ပွဲဝင်ပြီး စစ်တပ်အမိန့်ကို ခေါင်းငုံ့ခံမှ ဒီလိုစွပ်စွဲနိုင်မှာပါ။ နောက်တနည်းက ၁၉၉ဝ ခုနှစ် ရလဒ်ကို တောင်ပေါ်မှာ ထောင်ထားပြီး တက်လာတဲ့ ရန်သူကို (ကျား) ဆိုပြီး လှံစွပ်နဲ့ ဝင်ထိုးပြီး (နယ်မြေ) ကို ဝင်လုတဲ့ အကွက်ပဲ။

လက်ရှိ အခြေအနေကို သတ္တိရှိရှိ အရှိကို အရှိအတိုင်း မြင်ရဲရင်၊ ဝန်ခံရဲရင် NLD အခြေအနေဟာ ရှေ့လည်း မရောက်၊ နောက်လည်း မဆုတ်၊ တိုးတက်မှုလည်း မရှိ၊ ကမ်းမမြင် လမ်းမမြင် ရေပေါ်မှာ ပေါလော မျောနေတာ အနှစ် ၂ဝ ကြာခဲ့ပြီ။ ဒေါ်စုနဲ့ ဗိုလ်ချုပ်တင်ဦးတို့ကို ထိန်းချုပ်ပြီး သက်ကြားရွယ်အိုကြီးတွေကို ထိပ်မှာတင်ပြီး စည်းခတ်ထားခဲ့တာကြောင့် (ခေါင်းဆောင်မှု) ချုပ်ငြိမ်းပြီး လှုပ်ရှားမှု ချို့တဲ့ခဲ့ရတယ်။ လှုပ်ရှားစရာ နိုင်ငံရေးနယ်မြေဟာလည်း ကျဉ်းသထက် ကျဉ်းလာတာပေါ့။

အဓိကကျတဲ့ အချက် ၂ ချက်က နိုင်ငံရေးနယ်ပယ် မရှိတာနဲ့ လက်ရှိ ဦးဆောင်အဖွဲ့ CEC က ရဲရဲ ဦးမဆောင်ရဲတာဘဲလို့ မြင်မိတယ်။ ဒီ့အပြင် ရဲရဲ ရပ်တည်ရမယ်လို့ မာန်နဲ့ ရပ်တည်ခဲ့တဲ့ ဦးဝင်းတင်လို ခေါင်းဆောင်မျိုးကို နအဖ အစိုးရဟာ ဘာကြောင့် လွှတ်ပေးခဲ့တယ် ထင်ပါသလဲ? ကျနော့်အမြင်အရတော့ NLD ခေါင်းဆောင်မှုအတွင်းမှာ ရပ်တည်ချက်ကွဲအောင်နဲ့ ဖြစ်နိုင်ရင် NLD ကို ရွေးကောက်ပွဲ မဝင်စေချင်လို့ အကွက်ဆင်ပြီး လွှတ်ပေးခဲ့တာလို့ ယူဆတယ်။ ဘာကြောင့်လဲ?

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ နအဖ အတွက် ဆူးငြောင့်ခလုတ်ပြဿနာ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေဟာ သူ့ရဲ့ အာဏာမဏ္ဍိုင်ကို တည်ဆောက်ချိန်မှာ ၁၉၉ဝ ရလဒ်ကို ဘေးဖယ်ပြီး စစ်အုပ်ချုပ်ရေးနဲ့ ရနိုင်သမျှ အချိန်ဆွဲပြီး အုပ်ချုပ်ခဲ့တယ်။ စစ်အုပ်ချုပ်ရေးဆိုတာ တသွေးတမံ တမိန့်နဲ့ အုပ်ချုပ်တာကိုး လုပ်ချင်ရာလုပ်နိုင်တယ်လေ။

အသက်ကြီးလာပြီး အာဏာလက်လွှဲဖို့ အချိန်ရောက်တော့ ၁၉၉ဝ ရလဒ်ကို ၂ဝ၁ဝ ရလဒ်နဲ့ ဖုံးအုပ်ပြီး တရားဝင်မှု (Legitimacy) ကို ထိခိုက်နိုင်ပေမယ့် အဓိကပြိုင်ဘက် (Opposition) က ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် အလိုအလျောက် (By Default) အာဏာဟာ အာဏာရှိသူဆီမှာပဲ ကျရောက်လာတာပေါ့။ ဇင်ဘာဘွေမှာ အတိုက်အခံခေါင်းဆောင် မော်ဂင်ချန်ဂရိုင်း (Morgan Tsvangirai) ဝင်အရွေးမခံတော့ ပြိုင်ဘက်မရှိ သမ္မတရာထူးကို ရောဘတ်မိုဂါဖီ (Robert Mugabe) က ဆက်ကိုင်ထားနိုင်တာပဲ။

လောလောလတ်လတ် အာဖဂန်ရွေးကောက်ပွဲမှာလည်း ကာဇိုင်း (Karzai) ဟာလည်း ဒီနည်းနဲ့ပဲ နောက်ဆုံး အနိုင်ယူခဲ့တာ မဟုတ်လား?

ဒါကြောင့် နအဖ က NLD ကို ၂ဝ၁ဝ ရွေးကောက်ပွဲ မဝင်စေချင်ဖူးလို့ ထင်မိတာပါ။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD မဝင်ရောက်ရလေအောင် မာန်နဲ့ ရပ်တည်တဲ့ ဦးဝင်းတင်ကို ကြိုလွှတ်ခဲ့တာလို့ မြင်မိတယ်။ NLD က သူ့သဘောနဲ့သူ မဝင်ခဲ့ရင် နအဖ က BY DEFAULT အနိုင်ရနိုင်တာပေါ့။

အရေးကြီးဆုံးဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး Post-election ကို စဉ်းစားထားတာ မတွေ့မိသေးဘူး။ အမှန်က ဗျူဟာကျကျ တွေးမိရင် တိုက်ပွဲက ၂ ပွဲ ရှိတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲပြီး ကာလပဲ။ နအဖ ဘက်က နိုင်ငံရေးဗျူဟာမှူးတွေ တွေးမှာက ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးမှာ NLD မဝင်ခဲ့ရင် သူ့လူတွေနဲ့ အောင်ပွဲခံမယ်။

ရုပ်သေးအစိုးရနဲ့ (၂၅ % ကျိမ်းသေပြီး) အုပ်ချုပ်ရေးကို ကိုင်ထားမယ်။ Professionalစစ်တပ်နဲ့ အနုမြူ လက်နက်ရှိတဲ့ စစ်တပ်ကြီးကို ဆက်လက်ထူထောင်ပြီး စစ်တပ်ကို ဖိကိုင်နိုင်မယ်။ နဝတ အာဏာသိမ်းပြီးကာလကလို စီးပွားရေးအရ အသက်ရှူချောင်ခွင့် နည်းနည်းပေးလိုက်ရင် တိုင်းပြည်တွင်းမှာ မကျေနပ်မှုတွေ လျော့သွားမယ်။ အမေရိကန်နဲ့ ဥရောပကို ကြားနေဖြစ်အောင် ထိန်းထားပြီး ရွေးကောက်ပွဲ လုပ်ပြီး (sanction) ကို ရပ်ဖို့ တောင်းဆို။ Token Opposition လို့ ခေါ်တဲ့ လက်တဆုပ်စာ အတိုက်အခံကို ပါလ်ီမန်ထဲမှာ ပြောခွင့်ပေးထားရင် မြွှေမသေ တုတ်မကျိုး အခြေအနေကို ဖော်ဆောင်နိုင်ရင် NLD ကို အရင်အတိုင်း အမှည့်ခြွေခြွေပြီး (အချိန်) နဲ့ အနိုင်ယူနိုင်တာပဲ။

NLD အနေနဲ့ ၁၉၉ဝ ရလဒ်ကို ဆက်အော်ရင် ၂ဝ၁ဝ ရလဒ်နဲ့ ပစ်ပေါက်ရုံရှိတာပဲ။ NLD က ဝင်မရွေးလို့ (ဘေး) ရောက်တာလို့ စွပ်စွဲလို့ ရတာပေါ့။ ပြသာနာပေါ်ရင် အရပ်သားအစိုးရ ပြည်သူကရွေးကောက်ထားတဲ့အစိုးရ ရှင်းပါစေ။ နေ့တဓူဝ အုပ်ချုပ်ရေးကို လူငယ်အစိုးရနဲ့ သမ္မတက ရှင်းပါစေ။ ဒို့တတွေ လူကြီးတွေက အာဏာ မဏ္ဍိုင်ဖြစ်တဲ့ စစ်တပ်ကိုပဲ အာရုံစိုက်ကြစို့ဆိုတဲ့ အကွက်ပဲ။

ဒို့တသက်မှာ အာဏာမပြုတ်ရေးဆိုတဲ့ နိုင်ငံရေးအကွက်ပဲ။ ဦးနေဝင်းလည်း နောက်ဆုံး ဒီလမ်းကို ဖော်ထုတ်တာပဲ။ တိန့်ရှောင်ဖိန်လည်း ဒီလမ်းကို ဖော်ထုတ်တာပဲ။ အာဏာရှင်တွေအတွက် နောက်ဆုံးအချိန်မှာ အာဏာလက်မလွှတ်ဘဲ စိတ်ချလက်ချ (သေ) နိုင်ဖို့ဟာ အဓိကကျတာပဲ။

ဒီအတွေး ဒီအမြင်ကြောင့် နအဖနဲ့ အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေတို့ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD ကို မဝင်စေချင်ဖူးလို့ ဆိုခဲ့တာပါ။ နိုင်ငံရေးနဲ့ စစ်ရေးမှာ မထင်တာကို လုပ်ရဲရမယ်။ ကျနော့်အမြင်ကတော့ NLD ကို ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်စေချင်တယ်။

ခယဖို့မဟုတ်၊ ကိုယ့်အကွက် ကိုယ့်ဗျူဟာနဲ့ နိုင်ငံရေးနယ်မြေ ဝင်လုဖို့ နိုင်ငံရေး အရှိန်မြှင့်ဖို့ NLD ရွေးကောက်ပွဲ ဝင်မယ်ဆိုတာနဲ့ NLD ကို ညစ်တယ်ထားဦး၊ အတိုင်းအတာ တခုအထိ နိုင်ငံရေးနယ်ပယ် ဖွင့်ပေးရမယ်။ နယ်ရုံးတွေ ပြန်ဖွင့်ခွင့် ပေးရမယ်။ (နယ်လှည့် စည်းရုံးခွင့် ပေးရမယ်) တလပဲပေးပေး၊ နှစ်လပဲပေးပေး၊ သုံးလပဲပေးပေး NLD ပါတီဝင်တွေ လှုပ်ရှားခွင့် ရမယ်။

လူထုနဲ့ အနည်းနဲ့ အများ ထိတွေ့ခွင့် ရမယ်။ အစိုးရက ညစ်မှာကို မကြောက်နဲ့။ ညစ်ရင် မီဒီယာတွေကနေတဆင့် အထူးသဖြင့် ပြည်ပမီဒီယာတွေက မီးမောင်းထိုးပြပြီး အသံကုန် ဝိုင်းအော်ကြမယ်။ ကမ္ဘာနဲ့ မြန်မာပြည်သူပြည်သားတွေ သိအောင်ပေါ့။

NLD ဝင်ရင် နိုင်ငံခြားသတင်းထောက်နဲ့ စောင့်ကြည့်သူတွေကို ဝင်ခွင့်ပေးရမယ်။ မပေးရင် (အင်) ရွေးကောက်ပွဲ အတုကြီးဆိုတာ ကမ္ဘာ့ရှေ့မှာ ထင်းထင်းကြီး ဖြစ်သွားမယ်။ ကျနော့်အမြင်က ပြည်သူတွေက နအဖ ကို မုန်းတယ်၊ ရွံတယ်။ ဒေါ်စုကို ချစ်တယ်၊ လေးစားတယ်။ NLD ကို ထောက်ခံတယ်။

ဒါကြောင့် အခွင့်ရရင် လူထုက NLD ကို မဲပေးမှာပဲ။ ဒါကြောင့် ဒေါ်စုကို မလွှတ်ရင်တောင် ဒေါ်စုဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ထောင်ပြီး စည်းရုံးပါ၊ လူစုပါ၊ အရှိန်ရအောင် လုပ်နိုင်တယ်။ တဖက်က ရွေးကောက်ပွဲမှာ ဒေါ်စုကိုလွှတ်ဖို့ ဝိုင်းတောင်းဆိုရမယ်။ တဖက်က ဇင်ဘာဘွေမှာလို NLD လူတွေကို စွမ်းအားရှင်တွေနဲ့ ဝိုင်းရိုက်ခိုင်းနိုင်တယ်။ ရိုက်ရင် ကမ္ဘာကသိအောင် လုပ်ပေးရမယ်။

အာဏာရှင်စနစ်အောက်မှာ ကြောက်ရွံ့ခြင်းကို ကျော်နိုင်တာ အတိုက်အခံဘက်က အင်အားများပြီး (အရှိန်) ရလာရင် (လူအုပ်စိတ်ဓာတ်) Mob Psychology ဝင်လာပြီး ကြောက်လန့်ခြင်း မရှိတော့ဘူး။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာပြည်၊ ၁၉၈၉ တင်အန်မင်၊ ၁၉၈၉ ဘာလင်အုပ်တံတိုင်း (Berlin wall) ရောင်စုံတ်ာလှန်ရေး Color Revolution တွေမှာ (လူအုပ်) တွေဟာ အရှိန်ရလာတော့ နောက်ဆုံး Numbers အရည်အတွက် အများစုနဲ့ အနိုင်ရခဲ့ကြတာပဲ။

အီရန်ရွေးကောက်ပွဲကို ကြည့်ပြီး ကျနော် သိပ်အားကျခဲ့တယ်။ နအဖ ဗိုလ်ချုပ်တွေ NLD က မထင်ထားတာနဲ့ အကွက်ဝင်လာလို့ မလုပ်ရဲ၊ မလုပ်တတ်လို့ အချိန်မီ (မညစ်) နိုင်တာကြောင့် ၁၉၉ဝ ကလို အနိုင်ရခဲ့ရင် နိုင်တာပဲ။

နအဖ ဗိုလ်ချုပ်တွေက ညစ်ခဲ့ရင် သူတို့ရဲ့ အစီအစဉ်တွေ ပျက်ပြီး ဘီလူးခေါင်းပေါ်လာမယ်။ လမ်းပေါ်လူတွေ ထွက်လာဖို့ အကြောင်းပေါ်လာမယ်။ ဒါဆိုရင်လည်း နိုင်ငံရေးအရ နိုင်တာပဲ။ NLD ဘာလုပ်မလဲ?
Non Violence လို့ ခေါ်တဲ့ အကြမ်းမဖက်တဲ့ အတွေးအခေါ်မှာ ရပ်တည်မှု ၂ ခုရှိတယ်လို့ မြင်မိတယ်။

၁။ Confrontational Non Violence ထိပ်တိုက်ရင်ဆိုင်တဲ့ အကြမ်းမဖက်ရပ်တည်မှု၊
၂။ Passive Non Violence ထိပ်တိုက် ရင်ဆိုင်မှုကိုရှောင်တဲ့ ငြိမ်ဝပ်တဲ့ အကြမ်းမဖက်မှု၊
ကိုယ့်ဘက်က အကြမ်းမဖက်မှုကို ဘယ်လောက်စောင့်ထိန်းဦးတော့ အာဏာရှင်စနစ်အောက်မှာ ထိပ်တိုက်ရင်ဆိုင်မှုရှိရင် သွေးထွက်သံယိုမှုက ရှိကိုရှိမှာပဲ။ ဒါကို ကျော်နိုင်ဖို့ လိုတယ်။ လက်ရှိအခြေအနေက ဘာထူးလဲ? လူမသိသူမသိ အသက်တွေ စတေးနေရတာပဲ မဟုတ်ပါလား? စစ်ကြောရေးမှာ သွေးထွက်သံယိုမှုအပြင် အသက်ဆုံးရှုံးမှုတွေ ရှိနေတာပဲ။

တိုင်းရင်းသားရွာတွေ မီးရှို့ဖျက်ဆီးခံရစဉ် လူတွေ အသေအပျောက်ရှိတာပဲ မဟုတ်လား? လူမသိသူမသိ အစွန့်လွှတ်ခံမလား? ပြောင်ပြောင်တင်းတင်း အစွန့်လွှတ်ခံမလားဘဲ။ ဒါပဲ ကွာတာပါပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ NLD ဟာ ဒီတသက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရအောင်တိုက်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုကို မရှောင်နိုင်ဘူးလို့ မြင်မိတယ်။

Passive နည်းနဲ့ ရင်ဆိုင်ရင်တော့ ဒေါ်စု အသက်ရလာတာနဲ့အမျှ NLD ဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားမှာပဲ။

၁၉၉ဝ ရလဒ်ကို စွဲကိုင်ပြီး တက်တက်ကြွကြွ ရင်ဆိုင်ရင်၊ ပထမတော့ နှိပ်ကွပ်မှု ခံရမယ်။ စွန့်လွတ်မှုတွေ ရှိလာမယ်။ ဒါပေမဲ့ NLD အရောင်တောက်လာမယ်။ အရှိန်ရလို့ လူထု လမ်းပေါ်ရောက်လာရင် ဒုတိယအဆင့် ဗျူဟာကျကျ စစ်တိုက်သလို ရင်ဆိုင်ရမှာပေါ့။ ဒုတိယအဆင့်ကို ကျော်နိုင်မယ် မကျော်နိုင်ဘူးဆိုတာ ခေါင်းဆောင်မှုနဲ့ ဖော်ထုတ်မှု Implementation အပေါ် မူတည်တာပေါ့။

ကျနော့်အထင်ကတော့ သတ္တိရှိတဲ့ မျိုးဆက်သစ်လူငယ် ခေါင်းဆောင်တွေ ပေါ်လာမယ်။ ပေါ်လာအောင် လူကြီးတွေက ဝိုင်းကူညီကြရမယ်။ တိုက်ပွဲကမှ တကယ့်ခေါင်းဆောင်ဆိုတာ ပေါ်နိုင်တာကိုး။

NLD ခေါင်းဆောင်တွေ အနေနဲ့လည်း စဉ်းစားရမှာက Idealism လို့ ခေါ်တဲ့ ယုံကြည်မှု အတွေးအခေါ်က ပိုအရေးကြီးသလား ? တိုင်းပြည်နဲ့ လူမျိုး၊ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေးဟာ အဓိကကျသလား? ဆိုတာကို ရွေးချယ်ကြရလိမ့်မယ်။

တရုတ်ပြည် ကွန်မြုနစ်ပါတီ သမိုင်းကိုကြည့်ရင် မော်စီတုံးဟာ တရုတ်တွေ သန်းချီပြီးသေဆုံးတာကို ဂရုမထားနိုင်။ တရုတ်ကွန်မြူနစ်ပါတီကြီး ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ပျက်စီးလုနီးပါး ဖရိုဖရဲ ဖြစ်တာကို အလေးမထားနိုင်။ ငါ့အတွေးအခေါ် မှန်တယ်ဆိုပြီး Idealism ကြီးကို ဆွဲကိုင်ပြီး သေသွားတယ်။

တိန့်ရှောင်ဖိန်က ကွန်မြူနစ်စနစ်ကို ယုံကြည်တယ်။ ဒါပေမဲ့ ကွန်မြူနစ် Idealism ဟာ လက်တွေ့ မဖြစ်နိုင်တာကို သိလာတော့ ဈေးကွက်စီးပွားရေးစနစ်ကို တိုင်းပြည်တိုးတက်မှုအတွက် အသုံးချပေမယ့် တိန့်ရှောင်ဖိန်ဟာ ကွန်မြူနစ်ပါတီ စိုးမိုးရေးနဲ့ တိုင်းပြည်တိုးတက်ရေးကို ဦးစားပေးသွားတဲ့ လက်တွေ့ဆန်တဲ့ နိုင်ငံရေးသမား Pragmatic Politician အနေနဲ့ သေသွားခဲ့တယ်။

NLD အနေနဲ့လည်း ဒီလမ်းကြောင်း ၂ ခုနည်းတူ တိုင်းပြည်က အရေးကြီးသလား? Idealism အရေးကြီးသလားဆိုတာကို မကြာခင် ဆုံးဖြတ်ရလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပြီး ဗျူဟာ Strategy ချရမယ်။ ဗျူဟာအပေါ် မူတည်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ရင်ဆိုင်ရမှာကိုး။ ကျနော်ကတော့ ဗိုလ်ချုပ်အောင်ဆန်း နည်းကိုပဲ သဘောကျတယ် (ရရင်ရ မရရင်ချ) ဆိုတာပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ (ရရင်ရ မရရင်ချ) ဆိုတဲ့ ပေါ်လစီနဲ့ Slogan ကို အော်ထားပေမယ့် လက်တွေ့မှာ သွေးထွက်သံယို မဖြစ်တဲ့နည်းကို သုံးပြီး၊ လွတ်လပ်ရေးကို အရယူနိုင်ခဲ့တယ်။ အင်မတန် နိုင်ငံရေး လိမ္မာ ပါးနပ်တဲ့ လက်တွေ့ဆန်တဲ့ နိုင်ငံရေးသမား တယောက်ပေပဲ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရင်ဆိုင်ရတဲ့ ကိုလိုနီ အင်္ဂလိပ်နဲ့ ကျနော်တို့ခေတ် ရင်ဆိုင်ရတဲ့ နအဖ စစ်အာဏာရှင်တွေဟာ လုံးလုံးမတူဘူး။ နိုင်ငံရေးမှာ ကိုယ့်ဆန့်ကျင်ဘက်ကို ရွေးလို့ ရတာမှ မဟုတ်တာ။ အချိန်အခါနဲ့ အခြေအနေက ဖော်ထုတ်ပေးတဲ့ ဆန့်ကျင်ဘက်ကို ဥာဏ်စွမ်းရှိမှ ရင်ဆိုင်ကြရတာပဲ မဟုတ်လား?

ဆရာစံ သူပုန်ထတဲ့ အချိန်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီး လက်ပန်းကျနေတဲ့ ဗိုလ်ချုပ်တို့ခေတ် အချိန်အခါချင်း မတူကြဘူး မဟုတ်လား? နေမဝင်အင်ပါယာအနေနဲ့ မာနတက်နေတုန်းက မြန်မာ့မျိုးချစ် ဂဠုန် စစ်သားတွေကို ရက်ရက်စက်စက် သတ်ခဲ့ကြပြီး ဆရာစံကို ကြိုးပေးခဲ့ကြတာပဲ မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ငမိုက်သားတွေက ဖမ်းပြီး ခြေဖျက်ဖို့ ကြံစည်ကြသေးတာပဲ။ ဗိုလ်ချုပ်နောက်မှာ တတိုင်းပြည်လုံး ရှိတယ်ဆိုတာကို သိလို့သာ ဒင်းတို့ ရှေ့မတိုးရဲတာကိုး။
ဘယ်အစိုးရမဆို အာဏာကို လွယ်လွယ်နဲ့ မစွန့်လွတ်ချင်ကြဘူး။ ဒါ အာဏာရဲ့ သဘောတရားပဲ။ ဒီမိုကရေစီ မတည်တံ့ဘဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မရှိရင် လူတိုင်းလိုလို အာဏာကို မက်ကြတာပဲ။ ဒါ လူ့သဘာဝပဲ။

(ဆက်လက်ဖော်ပြပါမည်။)

ဒုတိယပိုင်း
လူထုက ဘာလုပ်နိုင်သလဲ?

တတိယပိုင်း
ပညာတတ်နှင့် အားနည်းချက်များ

ဆက်လက်ဖက်ရှုပါရန်......

ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားစရာ

ဆောင်းပါး
ဘိုကျော်ငြိမ်း


ဤ ခေတ်မီ စစ်လက်နက်ပစ္စည်းများနှင့် ခေတ်မီ တပ်မတော်ကို တည်ထောင်ရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ စစ်လက်နက်ပစ္စည်းများကို ဈေးကြီးပေးဝယ်ရုံနှင့် မရပါ။ သုံးတတ်အောင် နောက်ဆုံးပေါ် အတတ်ပညာများကို တတ်မြောက်ရုံနှင့်မရ - ကျွမ်းကျင်ရပါသည်။ ထို့အပြင် ပစ္စည်းဆိုသည်မှာ အဆင်သင့် ဖြစ် အောင် ထိန်းသိမ်းထားရပါတယ်။ လွယ်သောကိစ္စမဟုတ်ပါ။ ထိုင်းနှင့် တင်းမာချိန် ထိုင်းမှ F15 လေယာဉ်များ မြန်မာလေပိုင်နက်ထဲဝင်လာသည်ကို မသိလိုက်ကြရ။

ထို့ကြောင့် ထိုင်းကို အံတုနိုင်ရန် လေယာဉ်ပစ် SAM Surface to Air Missiles များနှင့် ဆိုဗီယက်လုပ် သုံးပြီးသား MIG-29 များကို မြန်မာစစ်တပ်က ဝယ်ယူခဲ့သည်။

ယနေ့ MIG29 လေယာဉ် ဘယ်နှစှ်စီး ရုတ်တရက် ထပျံနိုင်သော အခြေအနေရှိပါသလဲ။ ထို့ပြင် MIG-29 လေယာဉ်များသည် အလွန်လေး၍ လောင်စာဆီအလွန်စားပါသည်။ တိုက်လေယာဉ် မောင်းသမားဆိုသည်မှာ လက်ရည်တက်အောင် အစဉ်မပြတ် အမောင်းကျင့်ရပါသည်။ ထို့ပြင် Dog Fight ဟု ခေါ်သော တိုက်လေယာဉ်ချင်း ထိပ်တိုက်တွေ့သော် ယှဉ်ပြိုင်တိုက်နိုင်ရန် Dog Fight နည်းနာများကို သင်ကြားလေ့ကျင့်ရပါသည်။
MIG29 များနှင့် လေ့ကျင့်ဖို့ နေနေသာသာ ဓာတ်ဆီအကုန်မခံ၍ လည်းကောင်း၊ အပြင်တွင် ဓါတ်ဆီရောင်းစားနေရ၍ လည်းကောင်း မှန်မှန်ပင် မပျံနိုင်ပါ။ ထိုနည်းတူ SAM ဆိုသည်မှာလည်း တိတိကျကျ ဖြစ်နိုင်ရန် မီးကုန်ယမ်းကုန် ကျင့်ကြရပါသည်။ SAM များကို လေ့ကျင့်ရာမှာလည်း ကုန်ကျစရိတ် မသေးပါ။ ထို့ကြောင် ငွေကုန်ခံ၍ ဝယ်ထားသော SAM များနှင့် MIG-29 လေယာဉ်များမှာ ဟန်သာရှိ၍ တကယ်ထိရောက်မှုမရှိဟု နားလည်သူပညာရှင်များက ကောက်ချက်ချကြပါသည်။

နအဖ စစ်တပ်သည် လက်နက်မရှိသော ပြည်သူများကို ရက်ရက်စက်စက် ပစ်ရန်နှင့် သူပုန်များကို တိုက်ရန် အဆင့်ပဲရှိပါသည်။ ပြည်တွင်းစစ်ကို ကြိတ်တိုက်လာသည်မှာ ကြာပြီဖြစ်၍ သူပုန်နှင့်တိုက်ရာတွင် အတွေ့အကြုံရှိသည်မှာ အမှန်ပင်။ သို့သော် ကြည်းတပ်၊ တင့်ကားတပ် ၊အမြောက်တပ် လေယာဉ်တပ် စုပေါင်းညှိနှိုင်း၍ တပ်မအလိုက် တိုက်ရသော တနည်းအားဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်တပ်ချင်း တိုက်ပွဲအတွေ့အကြုံ မရှိပါ။ မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့သော အမေရိကန် စစ်သ်ံမှူးတဦးနှင့် ဤအကြောင်းကို ဆွေးနွေးဖူးပါသည်။ Low Intensity warfare ဟု ခေါ်သော သူပုန်နှင့် တိုက်ပွဲမျိုးတွင် မြန်မာစစ်တပ်သည် အတွေ့အကြုံရှိသည်။ တိုက်ရည်ခိုက်ရည် ရှိသည်ဟု ဆိုပါသည်။ သို့သော် တပ်တပ်ချင်း ရင်ဆိုင်တိုက်ရသည့် တိုက်ပွဲမျိုး မတိုက်တတ်ဟု ဆိုပါသည်။

၁၉၉၅ ၊ ၁၉၉၇ နှင့် ၁၉၉၈ ခုနှစ်တို့တွင် ပြောင်းလဲလာသော စစ်ရေးအတွေးအခေါ်ကို စမ်းသပ်ရန် ကြည်း ရေ လေ စုပေါင်းလေ့ကျင့်ပွဲကို လုပ်ခဲ့သည်ဟု ဆိုပါသည်။ တပ်မ ၅ ခုအောက်တွင် တပ်သား ၃ဝဝဝဝ ကျော် ပါဝင်၍ 76mm, 105mm, 120mm, 155mm အမြောက် ၁ဝဝ ကျော် အာမတ်ကားနှင့် တင့်ကား ၃ဝဝ ကျော် လေယာဉ်အုပ်စု ၆ စု ရေယာဉ် အစီး ၃ဝ ကျော် ပါဝင်ခဲ့သည်ဟု ဆိုပါသည်။ နောက်ထပ် လေ့ကျင့်ကြောင်း မကြားရတော့ပါ။ ထိုင်းစစ်တပ်ဆိုလျှင် Cobra ဟုခေါ်သော ပူးတွဲစစ်ဆင်ရေးကို အမေရိကန် စစ်တပ်နဲ့ မှန်မှန်ပူးတွဲ လေ့ကျင့်ကြသည်။

စုစည်းခိုင်မာ လေ့ကျင့်မှု အားကောင်းသော စစ်တပ်ဖြစ်ရန် ဖွဲ့စည်းမှုနှင့် ခေါင်းဆောင်မှု လိုအပ်ပါသည်။ ကျနော့်အမြင် ပြောရလျှင် မြန်မာ့တပ်မတော် အင်အားကောင်းဆုံးအချိန်မှာ ဗကပတို့ အားကောင်းသော ၁၉၈ဝ ခုနှစ်များဟု ထင်မိသည်။ ပြည်ပမှ အန္တရာယ်ကို ရင်ဆိုင်နေရချိန် အုပ်ချုပ်ရေးကို မဆလပါတီက တာဝန်ယူချိန်ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအားလုံးကို စစ်ဗိုလ်ချုပ်များ တိုင်းမှူးများကသာ ခြယ်လှယ်ခွင့်ရသဖြင့် လာဘ်စားခွင့် ပိုမိုရရှိလာကြရာ စာရိတ္တလည်း ပိုမိုပျက်စီးလာကြပါသည်။

ထို့ကြောင့် တာဝန်ရှိသော ဗိုလ်ချုပ်များသည် မိမိတပ် ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး အဆင်သင့်ဖြစ်ရေးတို့တွင် စိတ်မဝင်စားကြပါ။ မိမိ ရာထူးရှိသည့်ကာလတွင် ရသမျှစားထား ဆိုသည်မှာ လက်ရှိ နအဖ ဗိုလ်ချုပ်များ၏ ကျင့်စဉ်ဖြစ်လာပါသည်။ ထို့ကြောင့် စက္ကူပေါ်တွင် စစ်တပ်အင်အား ရှိသော်လည်း ယခု နအဖ စစ်တပ်တွင် တပ်ရင်းအင်အားမှာ တချို့တပ်များတွင် တဝက်ပင်မရှိပါ။ စစ်တိုက်မထွက်ခင် စစ်ဗိုလ်များကအတင်း လူလိုက်စုနေရသည်ဟု ဆိုပါသည်။ စည်းကမ်းပျက်၍ တပ်ရင်း ဖွဲ့စည်းပုံ ဖရိုဖရဲ ဖြစ်နေပုံကို ကြားသိရသည်မှာ ယုံနိုင်စရ်ာပင်မရှိပါ။

စိတ်ဓာတ်ပျက်ပြား၊ စည်းကမ်းမရှိ၊ ဖွဲ့စည်းပုံပျက် သင်ကြားအားနဲလျက်ရှိသော နအဖစစ်တပ်သည် လက်နက်မရှိသော ပြည်သူနှင့် ညီညွတ်မှုမရှိ၍ အင်အားမရှိသော လက်နက်ကိုင် တိုင်းရင်းသားတပ်များကိုသာ ဗိုလ်ကျနိုင်ပါမည်။ လက်နက်အားသာ၍ လေ့ကျင့်မှု အားကောင်းသော Professional Army တကယ့်စစ်တပ်ကို တိုက်ခိုက်နိုင်စွမ်းအား ရှိမည်မဟုတ်ပါ။ မြန်မာ့ရေတပ်မတော်သည် ဘင်္ဂလားဒေ့ရှ် ရေတပ်ကိုပင် မယှဉ်နိုင်ပါ။ တရုတ်မှဆေးသုတ်ပြီး ညာရောင်းထားသော သဘောင်္များမှာလည်း Armour ဟု ခေါ်သော သံချပ်ကာ အစွမ်းမရှိကြပါ။ ကျည်တချက်ထိလျှင် ထုတ်ချင်းပေါက် ပေါက်မည်သာ ဖြစ်သည်။ ယနေ့ နအဖ တပ်မတော်သည် နိုင်ငံခြားတပ်များကို မပြောနှင့် လက်ရှိ ”ဝ” တပ်ကိုပင် နိုင်အောင် တိုက်နိုင်မည့်အခြေအနေ ရှိပုံမရပါ။

အမေရိကန်၏ စွမ်းအား

တရုတ်တပ်မတော်၏ စစ်ရေးအတွေးအခေါ် (Military Doctrine) ကို အမေရိကန်စစ်တပ်က ကောင်းကောင်းသိပါသည်။ တရုတ်တို့၏ Tunnel Warfare လှိုဏ်ခေါင်းများကိုလည်း ကောင်းကောင်း လေ့လာထားပါသည်။ ထို့ကြောင့် အမေရိကန်ရေမတော်ကTunnel Warfare Center ကို Chinalake, California တွင်၂ဝဝ၁ ခုနှစ်က ဖွင့်လှစ်ခဲ့ပါသည်။ အီရတ်စစ်ပွဲတွင် ဆဒန်ဟူစိန်၏ ကွန်ကရစ်ဘန်ကာများကို ဖြိုခွဲရန် GBU (28) ကို ထွင်ခဲ့ကြပြီး၊ ယခုပို အစွမ်းထက်သော GBU-43/B Massive Ordnance Air Blast Bomb (MOAB) ကို လက်ဝယ်ရှိနေပါပြီ။ သာမန်အားဖြင့် လေယာဉ်မှပစ်သော ဗုံးသည် 2000lb (ပေါင် ၂ဝဝဝ) ဆိုလျှင်ပင် အကြီးဆုံးမျှပင် ဖြစ်ပါသည်။ BLU-02B/C-130 ဗုံး- အတိုကောက် - Daisy Cutter ဟု ခေါ်သော ဗုံးသည် 15,000lbs (ပေါင်၁၅,ဝဝဝ) ရှိပါသည်။ ယခု MOAB ဟု ခေါ်သော ဗုံးသည် (22,600lbs) ရှိ၍ (18,700lbs) သက်သက်မှာ ရမ်းအားဖြစ်သည်။ ပေ ၄၅ဝ (သို့) Nine City Blocks ကို ဖျက်ဆီးနိုင်ပါသည်။

ထို့ပြင် Tactical Nuclear Weapons ဆိုသည်များလည်း ရှိပါသေးသည်။ ဤလက်နက်များမှာ အရွယ်အားဖြင့် သေးငယ်သော်လည်း ဂျပန်ကို ကြဲခဲ့သည့် အနုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပါသည်။ ထို့ပြင် ယခုအခါတွင် Precision Guidance ဟု ခေါ်သည့် ပစ်မှတ်ကို တည့်တည့်ထိအောင် ပစ်နိုင်သော စနစ်များ တည်ရှိနေပါပြီ။ ထို့ပြင် 2nd Generation Precision Bombs ဟု ခေါ်သော လက်နက်များသည် ပစ်ပြီးမှ ပစ်မှတ်ကို ပြောင်းနိုင်သည့် စွမ်းအား ရရှိနေပါပြီ။ ယ္ခု MOAB ဗုံးသည် Precision Guidance ဗုံးဖြစ်သည်။ တလုံးဆိုတလုံးထိရောက်စွာပစ်နှတ်ကိုထိနိုင်စွမ်းရှိသည်။

ထို့ကြောင့် အမေရိကန်ကသာ တကယ်တိုက်ခိုက်လာပါသော် နအဖ လှိုဏ်ခေါင်းများသည် ကာကွယ်နိုင်စွမ်း မရှိပါ။

ထို့ကြောင့် နအဖဗိုလ်ချုပ်များသည် လွဲမှားစွာ ဖြုန်းတီးနေသည်ကို နအဖ စစ်တပ်မှ စစ်ဗိုလ်များကို သိစေချင်ပါသည်။



မိမိတပ်ကို ဖျက်မည့် ကက (ကြိုင်)

ယနေ့ လက်ရှိအုပ်ချုပ်ရေးတွင် ဒေါ်ကြိုင်ကြိုင်၏ ဝင်ရောက်စွက်ဖက် လွှမ်းမိုးမှုသည် ကြီးစိုးလာကာ ယဉ်ကျေးမှု (Culture) သဖွယ် ဖြစ်လာပါသည်။ တပ်မမှူးကတော်သည် မိမိခင်ပွန်း လက်အောက်ရှိ တပ်ရင်းမှူးကတော်များကို ခိုင်းစားနိုင်ရုံမက တပ်ရင်းမှူးများကိုပင် ခိုင်းနိုင်လာပါသည်။ ထိုနည်းတူ တိုင်းမှူးကတော်က လက်အောက်ခံ တပ်မမှူးကိုပါ ခိုင်းနိုင်သည့် စရိုက်အကျင့် ဖြစ်လာပါသည်။ တပ်တွင် အပို Chain of Command ဆင့်ကဲဆင့်ကဲအုပ်ချုပ်မှုမှာ အပို ပါဝင်လာပါသည်။ ထို့ကြောင့် ကက(ကြည်း) နှင့် အပြိုင် ကက(ကြိုင်) ဟု တပ်ထဲတွင် ပြောင်လှောင် ခေါ်ပြောလာကြသည်ဟု ဆိုကြပါသည်။ ဤသတင်းမှာ မည်မျှမှန်ကန်သည်ကို အတတ်မပြောနိုင်ပါ။ မှန်ခဲ့သည်ရှိသော် တပ်ထဲတွင် စာရိတ္တသာမက အုပ်ချုပ်ရေးနှင့် စည်းကမ်းအပိုင်းတွင်ပါ ယိုယွင်းလာခြင်းဟု ဆိုနိုင်ပါသည်။ အုပ်ချုပ်ရေးနှင့် စည်းကမ်းပျက်လာသော စစ်တပ်များ၏ စွမ်းအားသည် စက္ကူပေါ်တွင်သာ ကြည့်ကောင်းကြ၍ နဖူးတွေ့ ဒူးတွေ့တိုက်ကြပြီဆိုလျှင် တချိုးထဲ ထွက်ပြေးကြပါလိမ့်မည်။

စစ်တပ်တွင် ”စိတ်ဓာတ်” သည် အလွန်အရေးကြီးပါသည်။ ဗီယက်နမ် စစ်ပွဲတွင် မြောက်ဘက်မှ တပ်သားများနှင့် တောင်ဘက်မှ တပ်သားများမှာ စိတ်ဓာတ်ရေးရာအရ လွန်စွာ ကွာခြားကြပါသည်။ တောင်ဘက်မှ စစ်ဗိုလ်များက တကယ်လက်တွေ့တွင် မရှိသော စစ်သားများကို စာရင်းလိမ်ပြ၍ လစာထုတ်နေသူများဖြစ်ရာ -ဘယ်မှာစွန့်စား ဝံ့မှာလဲ? တချိန်က စတုတ္တအကြီးဆုံးဖြစ်သော ဆဒမ်၏ တပ်များသည် ပထမ အီရတ်စစ်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့ကြသည်မှာ လူမြင်စရာပင် မကောာင်းပါ။ စိတ်ဓာတ်ဆိုသည်မှာ ခေါင်းဆောင်ပေါ် မူတည်ပါသည်။ တိုင်းပြည်ကို တကယ်ချစ်၍ ရိုးသားမှုကို အခြေခံသော ဗိုလ်ချုပ်အောင်ဆန်း ဦးစီးခဲ့သော မြန်မာ့တပ်မတော်နှင့် ယနေ့ နအဖ တပ်မတော်ကို နှိုင်းယှဉ်ကြည့်ပါ။ ယနေ့စစ်တပ်နှင့် စစ်သားတို့ စိတ်ဓာတ် ပျက်စီးနေပုံမှာ ယုံနိုင်စရာ မရှိပါ။

AOC Artillery Operation Command

လက်ရှိပြည်တွင်းမှ စစ်ဗိုလ်တဦး၏ ပြောပြချက်အရ မြန်မာစစ်တပ်တွင် အမြောက်တပ်ပွဲ Artillery Operation Command - AOC ကို ဖွဲ့စည်းခဲ့ပါသည်။ နအဖ ဖွဲ့စည်းပုံအရ Military Operation Command - MOC - စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၊ Regional Operation Command - ROC ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဆိုတာများကို ဖွဲ့စည်းခဲ့ပါသည်။ အကြမ်းဖျင်း ပြောရရင် ၎င်းတို့မှာ တပ်မများဖြစ်သည်။ ROC သည် အင်အားမပြည့်သောတပ်မဟုဆိုနိုင်ပါသည်။

စစ်တက္ကသိုလ် DSA တွင် ပထမ စုစည်း ပညာသင်ပြီးမှ နောက်ဆုံး ကြည်းတပ်၊ ရေတပ်၊ လေတပ်ကို ရွေးချယ်၍ ဗိုလ်လောင်းများကို ခွဲထုတ်ပေးပါသည်။ ယခု စစ်တပ်တက္ကသိုလ်တွင် AOC အတွက် ဗိုလ်သပ်သပ် ခွဲထုတ်နေသည်ဟု ဆိုပါသည်။ မည်မျှအထိ ဤ သ်တင်း မှန်ကန်သည်ကို မသိရပါ။ အကယ်၍ မှန်ကန်ခဲ့သော် နအဖ စစ်တပ်သည် တရုတ်တို့၏ ပုံစံဖြစ်သော အနုမြူလက်နက်အားလုံးကို ဒုတိယ အမြောက်တပ်အစု (2nd Artillery Corps) အောက်တွင် ထားသကဲ့သို့ AOC အောက်တွင် ထားဖွယ်ရှိပါသည်။ SAM များနှင့် SCUD ဒုံးပျံများနှင့် နည်းပညာကို ပိုင်ဆိုင်ခဲ့သော် အဆင်သင့်ဖြစ်ရန် ဖွဲ့စည်းမှုကို အရင်ကြိုဖွဲ့ထားခြင်း ဖြစ်နိုင်ပါသည်။

နအဖ စစ်တပ်ရွေးသည့် လမ်း

နအဖ ဗိုလ်ချုပ်များသည် တရုတ်တို့ကို အဖေခေါ်ရာမက တရုတ်တို့၏ စစ်ရေးအတွေးအခေါ်နှင့် ဖွဲ့စည်းပုံတို့ကိုပါ ခိုးချလျက်ရှိပါသည်။ သို့သော် တရုတ်တပ်မတော်ကို နက်နက်နဲနဲ လေ့လာပုံမပေါ်ပါ။ တိန်လျှောက်ပိန်ကြောင့် တရုတ်ပြည်ကြီး ပြောင်းလဲခဲ့သလို - တရုတ်တပ်မတော်သည်လည်း ပြောင်းခဲ့ပါပြီ။မော်စီတုံးလက်ထက် က ”အာဏာ” သည်သာ အဓိကဖြစ်၍ - တရုတ်တပ်မတော်ကို ”နိုင်ငံရေး” မှန်ကန်မှုအတွက် အရေးပေးခဲ့ပါသည်။ ထို့ကြောင့် တရုတ်တပ်မတော်သည် စစ်သားသက်သက် စစ်တပ်ဖြစ်သော Professional Army မဖြစ်ခဲ့ရပါ။ နအဖနည်းတူ တရုတ်စစ်တပ်က စီးပွားရေးတွင် ပါဝင်ခဲ့ကြရပါသည်။ တရုတ်စစ်တပ်ပိုင် ကုမ္ပဏီ အများအပြား ရှိပါသည်။ စစ်တပ်စစ်သား ဆိုသည်မှာ စစ်ရေးတခုတည်းသာ ထူးချွန်အောင် စူးစူးစိုက်စိုက် အချိန်ပေး လေ့ကျင့်ရပါပြီ။ လိုအပ်ငွေ ဘတ်ဂျက်ကို အစိုးရက ချမှတ်ပေး နိုင်ပါပြီ။ ယခု တရုတ်စစ်တပ်သည် Professional စစ်တပ်ဖြစ်ရေးကို ရှေးရှုလျက် ရှိပါသည်။

တိန်လျှောက်ပိန်၏ ဉာဏ်ပညာကြီးမှုနှင့် လမ်းညွှန်မှုကြောင့် လက်ရှိ တရုတ်ပြည်ကြီးသည် တဟုန်ထိုး အောင်မြင်လျက်ရှိသည်။ အာဏာရှင်စနစ်ကို ကိုင်စွဲထားသော်ငြားလည်း တရုတ်ခေါင်းဆောင်များသည် တရုတ်ပြည်နှင့် တရုတ်လူမျိုးကို ချစ်သောခေါင်းဆောင်များ ဖြစ်ကြသည်။ တရုတ်ပြည်တွင် ခြစားမှု Corruption ရှိသော်လည်းတိုးတက်မှုကိုထိခိုက်သည်အထိပေါ်ပေါ်ထင်ထင်မဖြစ် မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှုအဆင့် အဖြစ်လက်ခံသည့်အခြေအနေဆိုးအထိမရောက်။တိုးတက်မှု၏နောက်တဆင့်(Next-Phase)တွင်ပြဿနာရှိ နိုင်သော် လည်း တိန်လျှောက်ပိန်ကအစ - ဒီပြဿနာကို ကိုင်တွယ်ရမည်ကို နားလည်ခဲ့ကြသည်။

တရုတ်ဗိုလ်ချုပ်များကလည်း တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ကာကွယ်ရေးကိုသာ ဦးစားပေးလာကြသည်။ တကယ် တရုတ်ရာဇဝင်ကို ပြန်လေ့လာလျှင် တရုတ်တို့ကို အနောက်နိုင်ငံနှင့် ဂျပန်တို့က အနိုင်ကျင့် ဗိုလ်ကျခဲ့သည်မှာ မခံချင်စရာပါပေ။ သို့သော် လက်ရှိ တရုတ်ခေါင်းဆောင်များသည် အတွေ့အကြုံ ရှိကြသည်။ စိတ်ရှည်ကြသည်။ လူ့အခွင့်အရေး မျက်စိနှင့်ကြည့်လျှင် (မူ) မရှိကြပါ။ သို့သော် တရုတ်နိုင်ငံအကျိုးအတွက် စိတ်ရှည်ရှည်နှင့် တိုင်းပြည်ထူထောင် - စစ်တပ်ကို ထူထောင်ပြီး ရေရှည် တဖြည်းဖြည်း ဝါးမြိုမည့် လမ်းစဉ်ဖြစ်သည်။
တချိန်က အမေရိကန်က ထိုင်ဝမ်ကို မထိနဲ့ ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၉ဝ နှစ်ဦးစ သမ္မတ ကလင်တန်လက်ထက်အထိ အမေရိကန်လေယာဉ်တင် သဘောင်္ကိုလွတ်၍ ခြိမ်းခြောက်နိုင်ခဲ့သည်။ ယနေ့ အခြေအနေ ပြောင်းသွားပြီး၊ တရုတ်ဗိုလ်ချုပ်တဦးက အမေရိကန်ဗိုလ်ချုပ်တွေကို ပြောခဲ့သည်။ အရင်က ခင်ဗျားတို့ ထိုင်ဝမ်နဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်။ ဒါ ခင်ဗျားတို့ လုပ်နိုင်လို့ လုပ်ခဲ့ကြတာ၊ အခု ခင်ဗျားတို့ မလုပ်နိုင်တော့ဘူးလို့ ဆိုခဲ့သည်။

အမေရိကန်ရေတပ်တွင် လေယာဉ်တင် သင်္ဘောသည် အဓိကကျသည့် တိုက်စစ်လက်နက်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်တင် သင်္ဘောကို ကာကွယ်ရန် ရေငုပ်သင်္ဘောနှင့် အခြားသဘောင်္များ ခြံရံ၍ Squadron သင်္ဘော အုပ်စုအဖြစ် တည်ရှိသည်။ Aegis System ဟု ခေါ်သော ပတ်ဝန်းကျင် ရေပေါ်ရေအောက် သင်္ဘောများကို ရေဒါဖြင့် ရှာဖွေ၍ ခံစစ်အတွက် ပြင်ဆင်ထားကြရသည်။ အမေရိကန်တို့က လုံခြုံပြီဟု ယူဆခဲ့သည်။ ၂ဝဝ၉ ခုနှစ် အစပိုင်းလောက်က တရုတ် ရေငုပ်သင်္ဘောတစင်းက အမေရိကန်တွေ မသိအောင်ကပ်ကာ လေယာဉ်တင် သင်္ဘောနားကပ်၍ ရေပေါ်-ပေါ်ပြခဲ့သည်။ အမေရိကန်ရေတပ်မှာ ဆူညံသံများ ထွက်လာသည်။ တရုတ်စစ်တပ်၏ တိုးတက်မှုပင် ဖြစ်သည်။ ဤသို့ တရုတ်စစ်တပ် တိုးတက်လာသည်မှာ တရုတ်အစိုးရ ချမ်းသာလာသည်နှင့်အမျှ ကာကွယ်ရေးအတွက် ငွေသုံးလာနိုင်သည်။ တရားဝင် တရုတ်၏ စစ်ဘတ်ဂျက်မှာ ၆ဝ ဘီလျံ (သန်းပေါင်း ၆ သောင်း) ဖြစ်သည်။ အမေရိကန်၏ ခန့်မှန်းချက်က ဘီလျံ ၈ဝ ဟု ထင်သည်။ အမေရိကန်၏ ကာကွယ်ရေး ဘတ်ဂျက်မှာ ဘီလျံ ၅ဝဝ ကျော်သည်။ အီရတ်နှင့် အာဂတန်စစ်စရိတ်တို့ မပါ ပါ။ ကမ္ဘာတွင် ဒုတိယ အများဆုံး ဖြစ်သည်။ထို့အပြင် တရုတ်စစ်တပ်တွင် အခြားတာဝန်များ မရှိ။ စစ်တပ်ထူထောင်ရေးသာ ဖြစ်သည်။

မြန်မာဗိုလ်ချုပ်များသည် (အာဏာ) လောဘကြီးကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အားလုံး ဗိုလ်ချုပ်များက အုပ်စိုးထားသည်။ အုပ်ချုပ်ရေးလည်း တကယ်နားမလည်။ အမိန့်အာဏာနှင့် အုပ်ချုပ်လိုသည်။ စီးပွားရေးတွင်လည်း လက်ညှိုးထိုးရောင်းချရန်သာ သိသည်။ စီးပွားရေးအကြောင်း နားမလည်။ လာဘ်ယူရင်း ပျော်မွေ့လာကြရာ တိုင်းပြည်နှင့် လူမျိုးကို ချစ်ရမှန်းပင် မသိတော့။ လူမှုရေးတွင်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် နအဖ ဗိုလ်ချုပ်များသည် စစ်တပ်တည်ထောင်ရေး တခုထဲကို အရေးမပေးနိုင်။
စိတ်ဓာတ် ပျက်ပြားလာသည်နှင့်အမျှ တိုင်းပြည်နှင့်အတူ စစ်တပ်ပါ ပျက်စီးလာခဲ့ပြီ။ ဘယ်ပညာမဆို စာတွေ့တခုနှင့် မရပါ။ လက်တွေ့ လိုပါသည်။ အတွေ့အကြုံဆိုတာ အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် စစ်တပ်ကြီးစိုးရာ နိုင်ငံဖြစ်ခြင်းကြောင့် အရပ်ဘက်တွင် လုပ်ခွင့် မရရှိခြင်းကြောင့် အတွေ့အကြုံမရှိ ဖြစ်နေကြရသည်။ ထို့ကြောင့် လိုအပ်သော အတွေ့အကြုံ ရင့်ကျက်သည့် အတတ်ပညာရှင်များ မမွေးထုတ်နိုင်ပါ။ အားလုံး စစ်ဘက်ကကြီး အာဏာနဲ့ ဦးဆောင်ဖို့ ကြိုးစားလျှင် အလယ်ခေါင်တွင် အဆံချောင်ဖို့ များပါသည်။ငွေတွေကုန်ပြီး အလဟဿဖြစ်ဖို့ များပါသည်။

နအဖ ဗိုလ်ချုပ်များကတော့ ဒီအထိ နက်နက် တွေးချင်ပုံမရပါ။ ငွေနှင့် အာဏာသုံး၍ ဘာမဆိုရမည် ထင်ပုံရပါသည်။ စောင့်ကြည့်ကြပါ။ မြောက်ကိုရီးယားလို ပြည်သူတွေသာငတ် - ကမ္ဘာ့ချဉ်ဖတ်နှင့် အနုမြူဗုံးကြီးကိုင်ပြီး ငတ်နေကြမည့်အဖြစ်ကို မြင်ယောင်ပါသေးသည်။

တိုင်းပြည်ကို ချစ်သော၊ လူမျိုးကို ချစ်သော စစ်ဗိုလ်ချုပ်များ အရှိကို အရှိအတိုင်း မြင်နိုင်ပြီး လိုအပ်သလို သုံးသပ်နိုင်ကြပါစေသော်။

၆၂ နှစ် ကြာခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို မမေ့နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကို သတိရလိုက်ပါပိ။

တိုင်းပြည်ချစ်သောဗိုလ်ချုပ်ကိုတမ်းတမိခြင်းပါ

ဘိုဘိုကျော်ငြိမ်း
Bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

ကိုးကား

Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo

Unpublished paper of Maung Aung Myo

ANU published papers by Maung Aung Myo

Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.

Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6

Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie

China Nuclear Forces: Operation, Training, Doctrine, Command, Control and Campaign Planning by Larry M. Wortzel

China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis


ဆက်လက်ဖက်ရှုပါရန်......

ဥပဒေအရ အုပ်ချုပ်ခြင်းနှင့် ဥပဒေနှင့်အုပ်ချုပ်ခြင်း ဘာကွာသလဲ?

ဆောင်းပါး
ဘိုကျော်ငြိမ်း
တနင်္လာနေ့၊ မေလ 18 ရက် 2009 ခုနှစ် 16 နာရီ 17 မိနစ်





(The Difference between Rule of law and Rule by law)

ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားရာက တဖန် မတရားအမှုဖွင့်၊ ရုံးတင်တဲ့ သတင်းကို ကြားရတော့ မတရားမှုကို လက်မခံတဲ့ လူသားတဦးပီပီ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ရော၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ရင်နာမိတယ်။ ဒီလို မတရားဖမ်းဆီးခံရတာ ဒေါ်စုတယောက်ထဲ မဟုတ်ပါ။ ဒေါ်စုနဲ့အတူ လွပ်လပ်ခွင့်ကို တောင့်တနေတဲ့ မြန်မာနိုင်ငံသားတိုင်း ခံစားနေရတာမို့ ခံပြင်းမိတယ်။ ဥပဒေကို အသုံးပြုပြီး ဥပဒေနဲ့သာမက အာဏာသုံးပြီး အနိုင်ကျင့်ခံနေရတာ တမျိုးသားလုံး၊ တတိုင်းပြည်လုံး အစော်ကား ခံနေကြရတာပါ။

ဥပဒေအရ အုပ်ချုပ်ခြင်း (The rule of Law) ဆိုတာဘာလဲ?
ဒီမိုကရေစီကို ယုံကြည်ရင်၊ ဒီမိုကရစီကို ကျင့်သုံးရင် လွပ်လပ်စွာ ရွေးချယ်ခွင့်သာမက - လွတ်လပ်စွာ ရောင်းဝယ်ပိုင်ခွင့်၊ စီးပွားရှာခွင့်၊ ပြောဆိုခွင့်တွေ ရှိရပါမယ်။ ဒီလွတ်လပ်ခွင့်တွေ ရှင်သန်ဖို့၊ တည်မြဲခိုင်မာဖို့အတွက် လူတိုင်းလူတိုင်း ဥပဒေဘောင်အတွင်းမှာ ရှိပြီး၊ လူတိုင်းရဲ့ အခွင့်ရေးတွေကို ဘောင်ခတ်ထားတဲ့ ဥပဒေတွေက အာမခံချက်တွေ ပေးထားရပါမယ်။ ဒါကြောင့် ဒီမိုကရေစီကို မြတ်နိုးတဲ့ လူသားတွေ၊ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ မိမိကို ကိုယ်စားပြုမယ့်သူ၊ ပြည်သူ့ကိုယ်စားလှယ်တွေကို လွတ်လပ်စွာရွေးချယ်ခွင့် (freedom to choose its own representatives) အပြင် ဥပဒေအရ အုပ်ချုပ်မှု (Rule of Law) ကို ထိထိရောက်ရောက် ကျင့်သုံးကြရပါတယ်။

အခြေခံကတော့- တိုင်းပြည်အုပ်ချုပ်မှုစနစ်၊ အစိုးရနဲ့ ဥပဒေစိုးမိုးရေးကို ဖော်ထုတ်ပေးတဲ့ Constitution လို့ ခေါ်တဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပဲ ဖြစ်တယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြည်သူပြည်သားတွေအတွက် အခြေခံကြတဲ့ အခွင့်အရေး (Basic rights) တွေကို အကာအကွယ်ပေးမယ့်၊ အုပ်ချုပ်သူအစိုးရကို ဘောင်ခတ်ထားတဲ့ ဥပဒေမျိုးတွေ ပါရမယ်။ ဥပမာ - လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လွတ်လပ်စွာ ရောင်းဝယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်မျိုးတွေပေါ့။ ဒါ့အပြင် (လူ) ဆိုတာ ဖျောက်ပြန်နိုင်တာကြောင့် (လူ့) ဆန္ဒအရ ထင်ရာမဆိုင်းနိုင်အောင် ဥပဒေပြုမယ့် အမတ်မင်းတွေ၊ ဥပဒေကိုသုံးပြီး အုပ်ချုပ်မယ့် အစိုးရအာဏာပိုင်တွေကို - ဒီဥပဒေမျိုးတော့ မသတ်မှတ်နိုင်၊ ဒီဥပဒေအရ ဒီအထိ မလုပ်နိုင် - ဆိုတာတွေကို ထဲ့သွင်းထားပြီး၊ ဘောင်ခတ်ထိန်းကွပ် ပေးထားရပါတယ်။

ဥပမာ - အမေရိက်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြတော့ တောင်နဲ့ မြောက်၊ ပြည်နယ်ကြီးနဲ့ ပြည်နယ်ငယ်တွေအကြား ကွာခြားမှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့် အခြေခံဥပဒေတွေကို သဘောတူညီမှုယူပြီး၊ ပြင်ဆင်မှုတွေကို ထပ်ဖြည့်စွက်ရအောင်ဆိုပြီး အမေရိကန်နိုင်ငံကို ထူထောင်ခဲ့ကြတဲ့ တိုင်းပြည်ခေါင်းဆောင်တွေ၊ တိုင်းပြည်ဖခင် (Founding Fathers) တွေက သဘောတူ၊ ညှိနှိုင်းအတိုးအလျှော့ လုပ်ခဲ့ကြရတယ်။ ပထမဦးဆုံး ထပ်ဖြည့်ပြင်ဆင်ချက် (First Amendment) ကတော့ Freedom of Speech လို့ နာမည်ကျော်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ပါပဲ။ ဒုတိယပြင်ဆင်ချက် (Second Amendment) ကတော့ လက်နက်ကိုင်ဆောင်ခွင့် (The rights to keep and bear arms) ပါပဲ။

ဒါကြောင့် အမေရိကန်နိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်မယ့် ဥပဒေမျိုးကို အမေရိကန် ကွန်ကရက်က ဥပဒေ မပြုနိုင်ပါ။ ဥပမာ - မြန်မာနိုင်ငံက ဆင်ဆာ (censor) ဥပဒေမျိုး လုပ်ခွင့် မရှိပါ။ လုပ်ခဲ့ရင်၊ တိုင်းသူပြည်သား တဦးတယောက် (Citizen) က သော်လည်းကောင်း၊ အဖွဲ့အစည်းတခုက သော်လည်းကောင်း - အခြေခံဥပဒေ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့်မညီ (Unconstitutional) လို့ အစိုးရကို တရားစွဲခွင့် ရှိပါတယ်။ ထိုနည်းတူစွာ လက်နက်ကိုင်ဆောင်ခွင့်ကို ဥပဒေနဲ့ မပိတ်ပင်နိုင်ပါ။ လိုင်စင်ယူပြီး လက်နက်ကိုင်ရမယ်လို့ ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်နိုင်ပါသော်လည်း၊ အစိုးရက ဘယ်သူမှ လက်နက်ကိုင်ခွင့် မရှိရလို့ မပိတ်ပင်နိုင်ပါ။

အခုလို - တရားမျှတမှုရှိဖို့ ရည်ရွယ်ချက်နဲ့ လူသားတဦး (သို့) လူတစုက ဥပဒေထုတ်ပြီး မတရားအုပ်ချုပ်မှု မရှိစေဖို့ ဥပဒေနဲ့ ဘောင်ခတ်ထားတဲ့ -နိုင်ငံ-အစိုးရ-အုပ်ချုပ်မှု- စနစ်ကို ယေဘုယျအားဖြင့် တရားဥပဒေ စိုးမိုးတဲ့ - ဥပဒေအရ အုပ်ချုပ်ခြင်း (Rule of Law) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဥပဒေနှင့် အုပ်ချုပ်ခြင်း (Rule by Law) ဆိုတာဘာလဲ?
အာဏာရှင်စနစ်ကို အခြေပြုကြတဲ့ စနစ်တိုင်း - သက်ဦးဆံပိုင် ပဒေသရာဇ်စနစ် (Feudalism) - စစ်အာဏာရှင်စနစ် (Military Dictatorship) - ဖက်ဆစ်စနစ် (Fascism) - လက်ဝဲအာဏာရှင်စနစ် (ဥပမာ ဆီးရီးယား Syria) - ပစ္စည်းမဲ့ အာဏာရှင်စနစ် (Dictatorship of the Proletariat) (ဝါ) ကွန်မြူနစ်စနစ် - တွင်မူ အုပ်ချုပ်သူလူတစု (သို့) အာဏာရှင် လူတဦးရဲ့ ဆန္ဒ - စိတ်တိုင်းကျ ဖြစ်စေဖို့ ဥပဒေထုတ်၍လည်းကောင်း၊ အမိန့်အာဏာထုတ်၍လည်းကောင်း အုပ်ချုပ်ကြပါတယ်။

ထို့ကြောင့် အထက်ဖော်ပြပါ အာဏာရှင်စနစ်တိုင်းမှာ အုပ်ချုပ်သူ အာဏာရှင်တွေရဲ့ အာဏာစိုးမိုး တည်တံ့ရေးကိုသာ ရည်စူးပြီး ဥပဒေတွေ ထုတ်ပြီး အဲဒီဥပဒေတွေကို ကိုင်ကာ ဓားမိုးအုပ်ချုပ်ပါလိမ့်မယ်။ ကြိုက်ရာဥပဒေတွေကိုထုတ်၊ ဒီဥပဒေတွေကိုကိုင်ပြီး အုပ်ချုပ်မှုစနစ်ကို Rule by Law, ဥပဒေနဲ့ အုပ်ချုပ်ခြင်းလို့ ခေါ်ဝေါ်ကြပါတယ်။ တနည်းအားဖြင့် ဥပဒေကိုသုံးပြီး မတရား အုပ်ချုပ်ခြင်း ဖြစ်ပါတယ်။

စစ်အာဏာရှင် အစိုးရဖြစ်တဲ့ နအဖ စစ်အစိုးရဟာ အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကြိုက်ရာဥပဒေတွေကို ထုတ်ပြီး၊ ပြင်ချင်သလိုပြင်ကာ သူတို့အာဏာ တည်မြဲရေးအတွက် ကြိုးပမ်းနေပါတယ်။

ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြည့်ကြရအောင် …

ဒေါ်စုကို မတရားဖမ်းဆီး စော်ကားတာ ထင်ရှားလှပါတယ်။ သူခိုးက လူလူ ပြန်ဟစ်နေခြင်းပါ။

ဒီပဲယင်းမှာ - အစိုးရရဲ့ စေခိုင်းချက်အရ ဒါမှမဟုတ် ညွှန်ကြားချက်အရ ဒါမှမဟုတ် အားပေးမှုအရ - ဉာဏ်နည်းတဲ့ လူမိုက်တစုက ဒေါ်စုကို အသက်အန္တရာယ်ပေးဖို့ - စည်းမရှိ ကမ်းမရှိ၊ ဥပဒေမရှိ မိုက်ကမ်းစော်ကား ရန်ပြုရိုက်နှက်ခဲ့ပါတယ်။ ဥပဒေအရ အုပ်ချုပ်တဲ့ နိုင်ငံဆိုရင် -လူတဦးက တခြားလူတဦးကို စော်ကားရိုက်နှက်ခဲ့ရင် - ရိုက်နှက်မှုဥပဒေအရ အရေးယူကာ၊ စော်ကားသူတွေကို ဖမ်းဆီးကာ တရားဝင် ခုံရုံးတင်ရပါမယ်။ ခုံရုံးမှာလည်း သတင်းသမားတွေကို လွတ်လပ်စွာ ကြားနာခွင့်ပြုကာ အဖြစ်မှန်ကို ကမ္ဘာကို အသိပေးပါတယ်။ အပြစ်ရှိရင် အပြစ်ရှိသူတွေကို အရေးယူနိုင်ရပါမယ်။ ဒီနေရာမှာ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ပွင့်လင်း၍ ထိန်ချန်မှုကင်းတဲ့ Transparency ဆိုတာက အရေးကြီးလှပါတယ်။ အမှုကို လူသူရှေ့မှာ ပြောင်ပြောင်တင်းတင်း ခင်းပြလို့ အဖြစ်အပျက်၊ အမှားအမှန်ကို ထင်ထင်ရှားရှား ပေါ်လွင်စေနိုင်ပါတယ်။

အဖြစ်မှန်ကို ရင်ဆိုင်နိုင်ဖို့ အင်အားမရှိတဲ့ အာဏာရှင်တိုင်းဟာ - အမှန်ကိုဖုံးကွယ်ဖို့ - သတင်းအမှောင်ချပြီး၊ အမှန်တကယ် အပြစ်ရှိသူ ငမိုက်သားတွေ၊ တာဝန်ရှိသူ အာဏာပိုင်တွေကို မဖော်ထုတ်ဘဲ၊ မတရား အရိုက်ခံရသူ၊ ပြည်သူ့ခေါင်းဆောင်ကို အပြစ်ဖို့ - လွတ်လပ်မှု ရုပ်သိမ်းကာ - အဓမ္မ မတရား အကျဉ်းချခဲ့ကြပါတယ်။

ဒေါ်စုဟာ House Arrest လို့ ခေါ်တဲ့ မိမိအိမ်တွင်း အကျဉ်းချမှုကို တောင်းဆိုခဲ့တာ မဟုတ်ရပါ။ အစိုးရအာဏာနဲ့ တဖက်သတ် မတရားအကျဉ်းချခံရတဲ့ အကျဉ်းသားပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းသမားတဦးရဲ့ လုံခြုံရေးမှာ အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတော့တယ်။ အစိုးရက တာဝန်လစ်ဟင်းလို့သာ အပြင်လူတယောက် ဒေါ်စုရဲ့ အိမ်ဝင်းအတွင်း ဝင်နိုင်ခဲ့တာပါ။

သတင်းတချို့အဆိုအရ - ဒီအမေရိကန်ဟာ မနှစ်က ၂ဝဝ၈ ခုနှစ်မှာလည်း တကြိမ်လာဖူးတယ်လို့ သိရပါတယ်။ ဒေါ်စုက အတွေ့မခံခဲ့ပါ။ ဒေါက်တာတင်မျိုးဝင်းကတဆင့် အာဏာပိုင်တွေကို အသိပေးတယ်လို့ ဆိုပါတယ်။ ဒီတကြိမ်လည်း အတွေ့မခံ၊ အသိပေးချိန်မရခင် သူဟာ အဖမ်းခံရပါတယ်။

ဒေါ်စုဟာ အတိုက်ခံခေါင်းဆောင်၊ လက်ရှိ အာဏာရှင်စနစ်ကို လက်မခံဘဲ၊ အနာခံ တိုက်ပွဲဝင်နေသူ။ ဒါဆို အတိုက်အခံခေါင်းဆောင်တဦး၏ တာဝန်ကျေပွန်ပြီလို့ ဆိုရပါမယ်။ ဒေါ်စုဟာ အတိုက်အခံ ခေါင်းဆောင်တဦးအနေနဲ့ သူ့ကို အဓမ္မမိန့်ဆိုထားတဲ့ အိမ်တွင်း အကျယ်ချုပ် ဥပဒေတွေကို အသိအမှတ်ပြုစရာ မလို။ ပိုပြီး ထင်ရှားတာက ဒေါ်စုဟာ အစိုးရသတင်းပေး မဟုတ်၊ အစိုးရဟာ သန်းပေါင်းများစွာသုံးပြီး လူတိုင်းကို အနံ့ခံခိုင်းထားတဲ့ ထောက်လှမ်းရေး အဖွဲ့ပေါင်းစုံ ရှိနေလို့ - အဲဒီအဖွဲ့တွေ အသုံးမကျတာက ဒေါ်စုရဲ့ အပြစ်မဟုတ်၊ ကျူးကျော်ဝင်ရောက်လာသူကို တိုင်ကြားဖို့မှာ သူ့တာဝန်လို့ မယူဆနိုင် - မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့အတိုင်း သတ္တိရှိရှိ ဖီဆန်ပြခဲ့တဲ့ သူရဲကောင်း။ ဒါ့ကြောင့် တရားမဝင်တဲ့ ဥပဒေကို သိက္ခာအကျခံပြီး လိုက်နာစရာမလို - ဒေါ်စုမှာ ဥပဒေအရ အပြစ်မရှိလို့ ကျနော် ခံယူမိပါတယ်။

နိုင်ငံရေးမှာ အခွင့်အရေးကို ယူတတ်ဖို့ လိုပါတယ်။ ဒီကနေ့ မြန်မာ့နိုင်ငံအရေးမှာ ဒေါ်စုဟာ ဓူဝံကြယ်ကြီးနဲ့ တူလှပါတယ်။ ခရီးသွားတွေဟာ ဓူဝံကြယ်ကြီးကိုကြည့်ပြီး လမ်းရှာကြရသလို ကျနော်တို့အားလုံးဟာလည်း ဒေါ်စုရဲ့ သတ္တိနဲ့ အလံမလှဲတမ်းဆိုတဲ့ နိုင်ငံရေးဇွဲကို အားကိုးပြီး တိုက်ပွဲဝင်နေကြရတယ်ဆိုရင် မမှားပါဘူး။ ဒါကြောင့် အောင်လံ မလဲရလေအောင် အဓမ္မ အနိုင်ကျင့်ခံနေရရှာတဲ့ ဒေါ်စုနောက်မှာ အားလုံး ညီညီညာညာရပ်ပြီး တသံထဲထွက်နိုင်ဖို့ အလွန် အရေးကြီးလှပါတယ်။ ဒေါ်စုအတွက် တိုက်ပွဲဝင်ရင်း ညီညွတ်မှုကို တည်ဆောက်ခွင့် ရနိုင်ပါတယ်။

ပြည်တွင်းအခြေအနေကလည်း အားမတန်လို့ မာန်လျှော့ထားရပေမယ့် တပြည်လုံး ခံပြင်းမှုက တနေ့တခြား ကြီးထွားလျက် ရှိပါတယ်။ စစ်အာဏာပိုင်တွေအနေနဲ့ တဖက်စီးနင်း အနိုင်ကျင့်မှုကို ဝသီအရ ကျင့်သုံးလာရင် တချက်ကလေးမှားတာနဲ့ ဝုန်းဆို ထပေါက်နိုင်တယ်ဆိုတာ နိုင်ငံရေးနားလည်သူတိုင်း သတိပြုရမယ့် အချက်ဆိုတာ မငြင်းနိုင်ပါ။ ဒါကြောင့် ဒီကိစ္စမှာ စစ်ဗိုလ်ချုပ်တွေ အကိုင်အတွယ်မှားရင် - နိုင်ငံရေးအခြေအနေ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ဒေါ်စုနောက်မှာ မားမားမတ်မတ်ရပ်၊ အန်အယ်ဒီကို ပံ့ပိုးပြီး၊ အားလုံး တသံထဲထွက်ဖို့ လိုအပ်လှပါတယ်။

စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ စစ်အစိုးရဟာ ဥပဒေနဲ့ အုပ်ချုပ်ပြီး Rule by Law ကို ကျင့်သုံးနေဦးမှာပါ။

ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မှ ဥပဒေအရ အုပ်ချုပ်တဲ့ Rule of Law ခေတ်ကို ရောက်ကြရမှာပါ။

စနစ်မပြောင်းမချင်း - မတရားမှုဆိုတာ ရှိနေမြဲ - တိုင်းပြည်နဲ့ လူမျိုးလည်း ဆင်းရဲမြဲ၊ ဆင်းရဲနေဦးမှာပါ။ စနစ်ပြောင်းချင်ရင် (ညီ) မှ၊ အဖွဲ့အစည်း ရှိမှ၊ ဗျူဟာ (Strategy) ရှိမှ၊ ခေါင်းဆောင်မှု ရှိမှ (အလုပ်) နဲ့ (တိုးတက်မှု) progress ရှိပြီး မတရားမှုကို မခံချင်သူတွေ၊ တိုင်းပြည်ချစ်သူတွေ စုစည်းလာကြပြီး (အင်အား) ဖြစ်လာမှာပါ။ အင်အားရှိမှ တဖက်က သတိပြုပြီး အဖက်လုပ်လာမှာပါ။ ရိုင်းတယ်လို့ သတ်မှတ်မစောလိုက်ကြပါနဲ့။

ကျနော်တို့အားလုံး အနှစ် ၂ဝ လုပ်လာကြတဲ့အတိုင်း ဒေါ်စု လွှတ်လွှတ်ဆိုပြီး၊ တယောက်တပေါက်၊ တနယ်တမြို့စီ၊ ဖင်လှန် အော်နေကြရုံနဲ့တော့ နအဖ စစ်အစိုးရက အရေးလုပ်မှာ မဟုတ်ပါ။ ကျနော်တို့ အားလုံးအတွက် အနစ်နာခံခဲ့တဲ့ ဒေါ်စုအတွက် ကျနော်တို့အားလုံး အနစ်နာခံရင်း ပေးဆပ်ဖို့ အလှည့်ရောက်လာပြီမို့၊ ကိုယ်ကျိုးနဲ့ ကိုယ့်အတ္တဆန္ဒတွေကို ခဏမေ့ထားကြပြီး ဒေါ်စု လွတ်မြောက်ရေးအတွက် ကြိုးစားကြရင်း ညီညွတ်မှုနဲ့ အင်အားကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းရင်းဆော်သြောလိုက်ပါရစေ။

ဒေါ်စု လွတ်မြောက်ပါစေ။

တိုင်းပြည်လည်း အာဏာရှင်စနစ်ကနေ လွတ်မြောက်ပါစေသား။

ဆက်လက်ဖက်ရှုပါရန်......