တွေးမနေနဲ့၊ ငေးမနေနဲ့၊ ဂမ်ဘာရီကိုလည်း မျှော်မနေနဲ့

ဆောင်းပါး

ဘိုဘိုကျော်ငြိမ်း
အောက်တိုဘာလ ၁ ရက်၊ ၂၀၀၇ ခုနှစ်။

မနေ့က မန္တလေးက လူတွေက ဂမ်ဘာရီကို စောင့်ကြည့်နေတယ်လို့ ပြောကြတာ ရင်ပူမိသွားတယ်။ နအဖရဲ့ ထောင်ခြောက်ထဲ တန်းဝင်သွားမှာ ပူလို့ပါ။
အာဏာရှိတဲ့သူမှာ လုပ်ကွက်တွေ အများကြီး ရှိပါတယ်။ တခုသော လုပ်ကွက်က မျှော်လင့်ချက်ပေး၊ အချိန်ဆွဲ၊ အတိုက်အခံကို အုပ်စုခွဲ အချိန်ဆွဲပြီး (အချိန်)ကို လက်နက်အဖြစ်သုံး အချိန်ကြာလာတော့ စိတ်ဓါတ်ကျနဲ့ အတိုက်အခံ (ရန်သူ) ကို အချိန်နဲ့ အနိုင်ယူခြင်းပဲ။
ရာဇာလီကို ဂျင်လှဲ့သလိုလှဲ့ပြီး အရူးလုပ်ပြီးပြီ။ အခုလဲ ဂမ်ဘာရီကို အရောင်ပြ မျှော်လင့်ချက် ပေးပြီး ကမ္ဘာကြီးကို မျက်လှည့်ပြ၊ တဖက်က လူထုကို သေနတ်နဲ့ နှိမ်နင်းပြီးမှ သုံးမရတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ထုတ်ပြပြီး ကြည့်ကြပါ။ ဒီမိုကရေစီ လမ်းပြမြေပုံ ဆိုပြီး စစ်အာဏာရှင် တည်မြဲရေးကို သွေးနဲ့ခင်းပြီး မိုက်တွင်းနက်မှာကို သိရက်နဲ့ ဆင့်အင်္ဂါကို ခွေးမျှော်သလို အနှစ် ၂ဝ သရေ တမျှားမျှားနဲ့ စောင့်ခဲ့ပြီးတာတောင် သတိမရှိ၊ အသိမရှိရင်၊ တိုင်းပြည်နဲ့လူမျိုး စစ်ကျွန်ဘဝက လွတ်မှာ မဟုတ်ပါဘူး။

ဂမ်ဘာရီဆိုတာက ဗျူရိုကရက် စစ်စစ်၊ ဗမာ့နိုင်ငံရေးကို ရောင်ရောင်တောင် နားလည်တာ မဟုတ်ဘူး။ စစ်အုပ်စုက စားနေကြကြောင်ပါး။ လမ်းပေါ်မှာ သတ်ရင်းဖြတ်ရင်း စင်ပေါ်ရောက်လာတဲ့ ယူနီဖောင်း ဝတ်ထားတဲ့ လူဆိုး၊ သူခိုး၊ နာဇီ လူသတ်ကောင်တွေ။ လက်ရဲ ဇက်ရဲနဲ့ ဥာဏ်နီဥာဏ်နက်များပါဘိ။

ဒီလို ရန်သူမျိုးကို ရင်ဆိုင်ရာမှာ ဂန္ဓီကြီးကို အားကျပြီး မေတ္တာတွေ သစ္စာတွေ ဂရုဏာတွေနဲ့ တိုက်လို့ မရဘူး။ အင်္ဂလိပ်တွေဟာ ကိုလိုနီ လူဆိုးတွေ ဖြစ်ပေမယ့် Rule of Law လို့ခေါ်တဲ့ ဥပဒေ စိုးမိုးရေးကို လက်ခံခဲ့လို့ ဂန္ဓီကြီး ဖြစ်လာတာ။

အမေရိကန် ဆိုတာကလည်း တောသူဌေးသား ငပေါတွေ၊ ပိုက်ဆံနဲ့ပေါက် ရင်ဆိုင်နိုင်မယ် ထင်နေတာ။ အီရတ်မှာ ဆော်ပလော် တီးခံရလို့ ဖင်ထောင် ပြေးရတော့မယ်။ ဒီငပေါတွေကိုသုံးပြီး ကမ္ဘာက သိအောင် UN မှာ အသုံးချရမယ်။ ဒါပေမယ့် အမေရိကန် စစ်သားတွေ လာကယ် လိမ့်မယ်လို့ စိတ်ကူး ယဉ်မနေကြပါနဲ့။ အမေရိကန်က အဝေးရောက် အစိုးရဆိုတဲ့ နိုင်ငံရေး နလပိန်းတုံးတွေက လုပ်ရမယ့် အလုပ်ကိုမလုပ်၊ အနှစ် ၂ဝ နိုင်ငံတကာလှည့် ပိုက်ဆံတောင်းပြီး ကွန်ဖရင့် Conference အစည်းအဝေးတွေ လှည့်တက်နေကြတာ။ နင်ဟဲ့ ငါဟဲ့ ခုလို ဖြစ်လာတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကမ္ဘာ့ သတင်းဌာနတွေကို ပြေးပြီး လူတတ်ကြီးတွေ လုပ်ပြီး တကယ့်တိုက်ပွဲ ဝင်နေရတဲ့အထဲက ဒီမိုကရေစီ သူရဲကောင်းတွေကို ကူဖို့ သတိမရကြဘူး။ မစ္စတာ တွေ့ဆုံရေး (Dialogue) တို့၊ မစ္စတာ စေ့စပ်ရေး (Compromise) တို့လည်း လေလှိုင်းတွေပေါ်မှာ ဒီမိုကရေစီ လူတတ်ကြီးတွေ ဖြစ်ကုန်ကြပြန်ပြီ။ လုပ်ကွက် မရှိတာကြောင့် တကြောင်း၊ ဘာလုပ်ရမှန်း မသိလို့ တကြောင်း ကျန်ခဲ့ကြမှာ ကြောက်တဲ့ အတွက်ကြောင့် အဝေးရောက် အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေခမျာ ကြေညာချက် Statement တွေထုတ်ပြီး အော်နေကြတာက လွဲလို့ ဒို့ ဘာကူညီနိုင်မယ် ဆိုတာ မစဉ်းစားနိုင်ကြဖူး။

နအဖက ဒေါ်စုကို ဖမ်းထားလို့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ ခေါင်းပြတ်နေတယ်။

ဒေါ်စုနဲ့လူထုခမျာ မောင်စိန်ဝင်းနဲ့ ဝန်ကြီးတစု ဟန်လုပ်နေတာ ခံရလို့ လှုပ်ရှားမှုဟာ ခါးပြတ်နေတယ်။

စိတ်ဓာတ် ကျစရာမလို

ပကတိ အခြေအနေမှန်ကို နားလည် သုံးသပ် လက်ခံတတ်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် ဘယ်သူမှ အားကိုးလို့မရပါ။ အင်အားဆိုတာ (ပြည်တွင်း) မှာပဲ ရှိပါတယ်။ ဒီစစ်အာဏာရှင်တွေကို ပြည်သူ့ အင်အားနဲ့ပဲ အနိုင်ယူ ဖြုတ်ချရမှာပါ။ စေ့စပ်ရေးကို တွေဝေမနေနဲ့၊ အနောက်နိုင်ငံနဲ့ ဂမ်ဘာရီကိုလဲ မျှော်ကိုးမနေပါနဲ့။

ဒီတိုက်ပွဲမှာ အဆင့် ၃ ဆင့် ရှိတယ်လို့ သုံးသပ်မိတယ်။

(၁) တိုက်ပွဲဝင်လှုပ်ရှားမှုအဆင့်

(၂) အဆုံးသတ် အနိုင်ယူအဆင့်

(၃) ချုပ်ငြိမ်းပြန်စုအဆင့် The Last Mile

ယနေ့ အခြေအနေဟာ ပထမအဆင့်နဲ့ အစဦးပိုင်းပဲ ရှိသေးတယ်။ ဖိနှိပ်ထားတဲ့ကြားက မခံနိုင်မှုကို အရင်းတည်ပြီး ဆန္ဒပြကြတယ်။ ဆန္ဒပြပွဲကို ရက်စက်မှုနဲ့ သတ်ဖြတ်မှုနဲ့ နှိမ်နင်းမယ်။ ဒီအဆင့်က ကျဆုံးမှု ရက်စက်မှုတွေကြောင့် မခံလိုမှု အဆင့်တိုးပြီး လူအုပ် များလာစေရမယ်။ သံဃာ၊ ကျောင်းသား၊ လူထုကနေ အစိုးရဝန်ထမ်း၊ နောက်ဆုံး စစ်သား (စစ်ဗိုလ်) တွေ ပါလာစေရမယ်။

အခုအဆင့်က ကြောက်တယ်။ မကြောက်ဖူး။ နိုင်မယ်၊ မနိုင်ဖူးအတွက် တိုက်ပွဲဝင်နေတဲ့ အဆင့်ပဲ၊ လူထုက ကြောက်ပြီး ဆက်မထွက်ရင် ရှုံးမယ်။ ဆက်ထွက်ရင် အင်အား ကြီးသထက် ကြီးလာရင် နိုင်မယ်။

အခုအဆင့်က အရေးကြီးတဲ့ အဆုံးအဖြတ် ပေးနိုင်တဲ့ အဆင့်ပဲ။

ဒီနေရာမှာ ယခင် ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းစရာရှိတယ်။ လူထောင်နဲ့ချီ ကျသွားရင် လူထုက ကြောက်စိတ် ဝင်သွားရင် (၈၈) ကလို ဖြစ်မှာစိုးလို့ ပြောက်ကျားစနစ်ကို သုံးဖို့ အကြံပေး ရတာပါ။ ပေးဆပ်မှုနဲ့ ကျဆုံးမှု ရှိမှာပဲ၊ တယောက်စ၊ နှစ်ယောက်စ ကျတယ်၊ မထွက်နဲ့ ပြောတယ်၊ ထွက်တယ်။ နေရာတိုင်းမှာ တပြိုင်နက်ထဲ ထွက်တယ်။ ကဲ အားလုံးကို ပစ်မှာလား။ နေရာတိုင်းမှာ ပစ်မိန့်ရတဲ့ စစ်ဗိုလ်တိုင်း ပစ်မှာလား။ ဒါဟာ အဓိကပဲ၊ နောက်ဆုံး ဥာဏ်နဲ့သတ္တိ၊ ပေးဆပ်မှုခြင်း ယှဉ်ကြရမှာပဲ။ ပစ်တဲ့ နေရာမှာ ကိုယ့်ဖက်က အားများအောင် လူစု၊ ချီတက်၊ နောက်ဆုံး တပ်က မပစ်ရဲအောင် လူစုပြီး အင်အားပြရမယ်။

ဒီအဆင့်ရောက်ရင် အောင်ပွဲနီးပြီ

အရေးကြီးဆုံးက စည်းကမ်းရှိဖို့ လိုတယ်။ ဒါကို မမေ့ကြပါနဲ့။ စိတ်အလိုလိုက်ပြီး ဖျက်စီးတာမျိုး မလုပ်ကြပါနဲ့။ တပ်စိတ် ခေါင်းဆောင်တွေက ကြတ်မတ် ပေးကြပါ။ ဒီကတဆင့် အနိုင်ယူမယ့် လူစုပွဲကြီး ဒါမှမဟုတ် ၁၃ဝဝ ပြည့်တုံးကလို ချီတက်ပွဲကြီး ဆင်နွဲကြရမယ်။

ဒီအဆင့်မှာ ကိုယ့်ဖက်က နိုင်ခြေ မြင်လာရင် စစ်တပ်ထဲက လူထုအပေါ် သက်ညှာစိတ် ခံစားစိတ်ရှိတဲ့ စစ်ဗိုလ်စစ်သားတွေ စိတ်ပြောင်းစရာ ရှိတာမို့ ပစ်မိန့်ကို ဆန့်ကျင်ကြဖို့ ပြည်သူနဲ့ ပေါင်းဖို့ နှိုးဆော်ရမယ်။ စည်းရုံးရမယ်။ ဘာသာရေး လူမျိုးရေးကိုကိုင်ပြီး စည်းရုံး လှုံ့ဆော်ရမယ်။
သေနတ်ပြောင်း စိုက်သွားရင် ဒို့ နိုင်ပြီ

ဒီအချိန်မှာ အရေးကြီးဆုံးက ခေါင်းဆောင်မှုပဲ၊ ဘက်ပြောင်းမယ့် စစ်ဗိုလ် စစ်သားတွေဟာ ဒီဘက်ကို ကြည့်လိုက်ရင် ယုံကြည် အားကိုးရမယ့် ခေါင်းဆောင်တွေ ရှိဖို့လိုတယ်။ အလံထောင်ပြီး အုပ်ချုပ်နိုင်မယ့် ခေါင်းဆောင်တွေ လိုတယ်။

ခေါင်းဆောင်ဆိုသည်မှာ

ခေါင်းဆောင်ဆိုတာ ကြီးသည်ငယ်သည် အရေးမကြီးပါ။ ဗိုလ်ချုပ် အောင်ဆန်းတို့ စွန့်ခဲ့စဉ်က ၂ဝ ကျော်လေးတွေပဲ အသက်ကြီးပြီး အတွေ့အကြုံရှိတဲ့ သခင်မြတို့လို၊ ဦးဘချိုတို့လို၊ ခေါင်းဆောင် တွေက ရံပေးထားတာပဲ။

ခေါင်းဆောင်ဆိုတာ အာကျယ် အာကျယ် လုပ်နိုင်မှ ခေါင်းဆောင် ဖြစ်တာ မဟုတ်ပါဘူး။

အခုလို အရေးကြုံတဲ့ အချိန် ဘာလုပ်ရမယ်၊ ဘာဆက်လုပ်ရမယ်။ နောက်တဆင့် ဘာလုပ်ရမယ် ဆိုတာ သိတဲ့လူတွေ မြေပြင်မှာ အဆင့်လိုက် ဖော်ဆောင်နိုင် သူတွေဟာ အလိုလို ခေါင်းဆောင် ဖြစ်လာမှာပဲ။ တော်လှန်ရေးအပေါ် သစ္စာရှိဖို့၊ သတ္တိရှိဖို့၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်နိုင်ဖို့ သိပ်အရေးကြီးတယ်။

စည်းကမ်းကတော့ မရှိ မဖြစ်ပါ။

အောင်မြင်မှု ကြီးထွားလာတာနဲ့ ပါဝင်မှု များလာမှာပဲ။ ပြည်ပ ရောက်နေပြီး အထဲ ပြန်ဝင်လို သူတွေလဲ အများအပြား ရှိပါတယ်။ တချိန်မှာ အထဲမှာ မစွန့်ဘဲနဲ့ မရနိုင်တဲ့ အခြေအနေ ရောက်ရင် ထပ်ပြီး ပြန်ဝင်လာကြမှာပဲ။ ဒီနေရာမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ လုပ်စဉ်ကို သတိရစေချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒရေးရာ မဆွဲဘဲ လွတ်လပ်ရေးနဲ့ သူ့ကျွန်မခံစတမ်းဟေ့ ဆိုတဲ့ လူမျိုးရေးကိုပဲ ဆွဲကိုင်ထားတယ်။ လူတော် လူကောင်းတွေကို အကုန် ဆွဲသွားတယ်။ ကောင်းသော ဆွဲစားခြင်းပါ။ တဦးကောင်း လုပ်မသွားဘူး။ ဒီနေ့ အခြေအနေကလည်း အားလုံးကို ဆွဲစားရမယ်။

စစ်အာဏာရှင်စနစ် ပြုတ်ကြပြီး မတူတာရှိရင် လူထုကရွေးတဲ့ နည်းနဲ့ ပြိုင်ကြတာပေါ့။ ဒီကနေ့မှာတော့ လူတိုင်းမှာ တာဝန်ရှိတယ်။ လူတိုင်း သူ့နေရာနဲ့သူ အသုံးရှိမှာ ဖြစ်တယ်။

စနစ်တခု ပြောင်းလဲသွားရင် ဗရမ်းဗတာဆိုတာ ဖြစ်တတ်စမြဲပဲ။ ဒါကိုထိန်းဖို့ကတော့ အမျိုးသား ခေါင်းဆောင် ဒေါ်စုပဲ၊ အောင်ပွဲရဲ့ နောက်ဆုံးမိုင်ကို လျှောက်နိုင်သူကတော့ (ဒေါ်စု)ပဲ။ ဒို့ရဲ့တာဝန်က ဒို့ခေါင်းဆောင် မရှိတဲ့ အချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး လူအင်အားနဲ့ အနိုင်ယူဖို့ပဲ။

ကွန်မြူနစ်တွေ အော်ခဲ့တဲ့ သေရဲ၊ သတ်ရဲနဲ့ အနိုင်ရယူရဲရမယ် ဆိုတာ အမှန်ပါပဲ။ မသတ်ရဲရင် တိုက်ပွဲ မဝင်နဲ့။ အနိုင်မယူရဲရင် နိုင်ငံရေး မလုပ်နဲ့။

ဒါကြောင့် ဒီအဆင့်ကို ကျော်ရအောင် တွေးမနေနဲ့၊ ငေးမနေနဲ့၊ ဂမ်ဘာရီ ခရီးစဉ်က ဘာဖြစ်လာမလဲ မျှော်ကိုးမနေပါနဲ့။

သွေးမအေးစေနဲ့၊ တိုက်ပွဲကို ဆက်ဝင်ကြပါစို့

No comments:

Post a Comment