အရေးကြီးပြီ ခေါင်းအေးဖို့ လိုပါတယ်။

ဆောင်းပါး
အရေးကြီးပြီ ခေါင်းအေးဖို့ လိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်


ဒီကနေ့ အခြေအနေခါ တိုက်ပွဲကို အရှုံးအနိုင် ဆုံးဖြတ်မယ့် အခြေအနေ ရောက်လာပြီ။ စစ်သားကို စစ်သားလိုတွေပြီး ရင်ဆိုင်ရမှာမို့ ဒါဟာ အဆုံးအဖြတ် တိုက်ပွဲလို့ သုံးသပ်ရမယ်။ ဒီတိုက်ပွဲဟာ အရေးကြီးသလို ဗျူဟာမှန်ပြီး သတ္တိမှန်ဖို့ လိုတယ်။
ဒီကနေ့ အခြေအနေကို ဒီလောက် မြန်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ဝုန်းဒိုင်းကြီး ရောက်လာတော့ ကိုင်တွယ်ရတာ ခက်တယ်။ ခေါင်းဆောင်ပိုင်းမှာ စိတ်ငြိမ်သွေးအေးဖို့ အဓိက လိုအပ်ပါတယ်။

ဒီကနေ့ အဓိကကျတဲ့အချက်ဟာ အရှိန်မပျက်သွားဖို့လိုတယ်။ လူထု 'ကြောက်' မသွားဖို့ လိုပါတယ်။ စစ်တပ်က ကြောက်သွားအောင် ပစ်တာ။ ဒါပေမယ့် ဒင်းတို့မှာလည်း ပြဿနာရှိတယ်။ ပြဿနာက ဘာသာရေးပဲ။ သံဃာကိုပစ်တာ လူကိုပစ်တာနဲ့ မတူဘူး။ ဒါကြောင့် ၈၈ ကလို အရမ်း မပစ်နိုင်ဘူး။ အရမ်းကြီး ပွဲကြမ်းလို့ မရဘူး။ သူတို့လည်း အမှောင်ထဲ လမ်းလျှောက်သလို လျှောက်နေရတယ်။ ကိုယ့်ဖက်ကလဲ တချီထဲ အရမ်းကျသွားရင် လူထု ကြောက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်။ တပွဲထဲ အရမ်းကျသွားရင် လူထုက ကြောက်ရင်ကြောက်၊ မကြောက်ဘဲ ပေါက်ကွဲသွားရင် ပွဲပြီးပြီပဲ။ ဒါကို ဘယ်သူမှ မသိဘူး။ မစွန့်ရဲဘူး။ မယူရဲဘူး။ တိုက်ပွဲဆိုတာ ရလာဒ်ကို မျှော်ကိုးနိုင်မှ၊ Calculated Risk လို့ ခေါ်တဲ့ မှန်းလို့ရတဲ့ စွန့်စားမှုပဲ လုပ်ရဲတယ်။ မှန်းမရတာကို မစွန့်စားရဲကြဘူး။

စစ်ပွဲတိုင်းမှာ စစ်ဗိုလ်ဆိုတာ ကိုယ့်တပ် ကိုယ်ခြေမှုန်းမခံရဖို့ သတိရှိရမယ်။ ယနေ့ အခြေအနေမှာ စစ်တပ်က စုရပ်ကို သိနေတယ်။ ရွှေတိဂုံနဲ့ ဆူးလေမှာ ကြိုပြီး တပ်တွေချ၊ လူထုကြောက်အောင် သတ်ပြ လုပ်နေတယ်။ ဒါကြောင့် မြေအနေအထားနဲ့ တိုက်ပွဲအတွက် ကြိုတင်မှုမှာ ဒင်းတို့က အသာရနေတယ်။ ပစ်မဲ့ စစ်သားနဲနဲ သုံးပြီး ဖြိုခွင်းနိုင်တယ်။ ဒါကြောင့် စုရပ်ကို ခွဲပစ်ဖို့ အချိန်တန်ပြီ။ ပြောက်ကျား စစ်ပုံသဏ္ဌာန် နေရာခွဲပြီး လူစုဆန္ဒပြ ရောက်လာရင် ဖျောက်လိုက်နဲ့ လျှပ်တပြက် ဝင်တိုက် ပြည်သူနဲ့ ရောတဲ့ တိုက်စစ် ပြောင်းရမယ်။ အဓိက အရှိန်မပျက်ဖို့နဲ့ ခေါင်းဆောင်မှု မပြိုကွဲဖို့ပဲ၊ ရန်သူကို မီးဝိုင်းသလို ဖြန့်တိုက်ရမယ်။ ခွေးရူးလို ဟိုဖက်ပြေးလိုက်၊ ဒီဖက်ပြေးလိုက် လုပ်ရမယ်။ ဒါမှကိုယ်က ဦးမယ်။ Element of Surprise ရလာမယ်။ ရန်သူ သွေးခြောက်ခြားလာမယ်။

ကိုယ့်တပ်ကိုယ် သုံးတဲ့ နေရာမှာလည်း သံဃာတော်တွေ ကိုမဲရင် ကျောင်းသားက ဦးဆောင်လိုက် အလုပ်သမားက ဦးဆောင်လိုက် အရပ်သားက ဦးဆောင်လိုက်နဲ့ လူထုပါဝင်မှု ပုံသဏ္ဍန်ကို ရောပစ်ရမယ်။ အဓိကက ဖိနှိပ်ဖို့ တည်ကြက် Target ကို ဖြန့် ပေးရမယ်။ အားလုံးကို တချိန်တည်း လိုက်မရှင်းနိုင်ဖူး။ ဒါအဓိကပဲ။

တချိန်တည်းမှာ ဘာသာရေး လိုက်စား ကြည်ညိုတဲ့ စစ်ဗိုလ် စစ်သားတွေကို တိုင်တည် စည်းရုံးပါ။ သန်းရွှေ သံဃာတွေကို စော်ကားတာ ရှားဘုရင်ကို ခိုမေနီ (Khomeini) ဘာသာရေးနဲ့ တိုက်သလို တိုက်ရမယ်။ ရှားဘုရင်ဟာ ပထမ ရက်ရက်စက်စက် ပစ်ခဲ့ပေမယ့် ဘာသာရေးကို ပစ်မှားရတာမို့ နောက်ဆုံး သေနတ်ပြောင်းတွေ စိုက်ပြီး အမိန့် မနာခံတော့ ထွက်ပြေးရတာပဲ။ ကျနော်တို့လည်း ဒီသင်္ခန်းစာကို ယူပြီး သန်းရွှေကြီး ဘာသာ သာသနာနဲ့ ဘုရားသားတော်တွေကို စော်ကားတာကို ဖော်ထုတ်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ စစ်ဗိုလ်စစ်သားတွေကို တောင်းဆို စည်းရုံးရမယ်။ ပြည်ပမှာ ရောက်နေတဲ့ စာရေးကောင်းတဲ့ သူတွေက လှုံ့ဆော်စာတွေ ဝိုင်းရေးပေးကြပါ။ သံဃာကို စော်ကားတာ၊ မကျေနပ်တဲ့ စစ်ဗိုလ် စစ်သားတွေ ရှိတယ်။ သူတို့လည်း မနိုင်သေးလို့ အံကြိတ်နေကြတာပဲ။ (နိုင်) နိုင်တယ်ဆိုတဲ့ အရိပ်မြင်တာနဲ့ ခြုံထဲက ထွက်လာကြပါလိမ့်မယ်။ သူတို့ သတ္တိဝင်လာအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ပဲ။

ဒီတပွဲမှာ ၈၈ နဲ့ ကွာတာက ခေါင်းဆောင်တွေ နံမည်ထွက်မလာပါ။ ကိုယ့်တာဝန်နဲ့ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ပါဝင်လာကြတာမို့ ဗကသလို ဗဟို ဦးစီးစနစ် မရှိဖူး။ ဒါဟာ ကောင်းတဲ့တချက် ဖြစ်ပြန်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်သူ့ကို ဖမ်းရမှန်း မသိလေ၊ ကိုယ်က အမှောင်ထဲကနေ မြင်လေပဲ။ ကိုယ်ပျောက်ရုံမက နယ်မြေခွဲထားကြပါ။ အလုံ က လူက စမ်းချောင်းမှာ လှုပ်ရှားမှု ပြီးရင် ရန်ကင်းလှည့်၊ ပြီးနေရာရွေ့ကစားပါ။ သူတို့မှာ လူမရှိပါဖူး။ ၁ဝ ယောက်က ၁ဝဝ ကို ဖမ်းနိုင်တယ်။ ပြန့်နေတဲ့ လူ ၁ဝဝဝ ကို လိုက်ဖမ်းဖို့ ဒင်းတို့မှာ အင်အား မရှိဘူး။

ဒီပြောက်ကျားသဏ္ဍန် လှုပ်ရှားမှု အရှိန် ရလာအောင် လုပ်ရမယ်။ တမြို့ထဲ မဟုတ်ဘဲ မြို့တိုင်း ပြန်ဖို့လိုတယ်။ နယ်မြို့တွေမှာ ကိုယ်က အားသာတယ်။ လူထုက မြို့ခံကြံ့ဖွတ်နဲ့ ငဖါးတွေကို သိတယ်။ ဒါကြောင့် နယ်မြို့တွေမှာ အင်အား ကြီးလာအောင် ကြိုးစားရမယ်။ ဗျူဟာက စစ်တပ်က လူအင်အား အတိအကျပဲ ရှိတယ်။ Limited Number စစ်ပုလိပ်၊ လုံထိန်း၊ MI အတိအကျပဲ ရှိတယ်။ လိုမှ ဆွဲထုတ်လို့ မရဘူး။ ဒါကြောင့် အရပ် ၈ မျက်နှာကို ဝိုင်းပြီး စနစ် Overdrive ဖြစ်အောင်လုပ်ရမယ်။

ပြီးရင်မြို့သိမ်း တိုက်ပွဲတွေ လာမယ်။ အမျိုးသားစိတ်၊ Nationalism ကို ဖော်ထုတ်ရမယ်။ ဒါက နောက်တဆင့်။ ခေါင်းဆောင်ပိုင်းက ပြန့်နေတော့ အဖွဲ့တိုင်းနဲ့ ပြောခွင့်မရလို့ ဒီက ရေးလိုက်တာပါ။ ဒီတချီပဲ ညီနောင်တို့ရေ တင်းခံထားပါ။ ခါးတောင်းကြိုက်၊ မာန်တင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ကြရအောင်။ သံဃာ ကျောင်းသား လူထု အားလုံးကို အလေးပြုပါသည်။ တသက်မှာ ဒီတချီပဲ ရမယ်။ နိုင်အောင် တိုက်ကြရအောင်။ အားလုံးကို လေးစားဂုဏ်ပြုပါတယ်။ အသက်ပေးသွားသူအားလုံးကို အလေးပြုလျှက်

ဆက်လက်တင်ပြ ဆွေးနွေးသွားပါမည် ...
ဘိုဘိုကျော်ငြိမ်း

No comments:

Post a Comment